ၾကားသိသမွ်

VPNခံသုံးရင် ထောင်၃နှစ်ဆိုတာ တစ်နိုင်ငံလုံးကို ထောင်နံရံခတ်လိုက်တာလို့ပြော

VPNခံသုံးရင် ထောင်၃နှစ်ဆိုတာ တစ်နိုင်ငံလုံးကို ထောင်နံရံခတ်လိုက်တာလို့ပြော

အင်တာနက်သုံးစွဲသူတစ်ယောက်ရဲ့ ဖုန်းထဲမှာ VPN ခံသုံးရင်ထောင်ဒဏ်(၃) နှစ်အထိချမယ်ဆိုတဲ့ ပုဒ်မ ကို အကြမ်းဖက်စစ်အုပ်စုပြဌာန်းဖို့ ကြိုးစားနေခြင်းဟာ တစ်နိုင်ငံလုံးကို ထောင်နံရံခတ်လိုက်တာပဲလို့ ဘလော့ဂါ ဦးနေဘုန်းလတ်ကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု ပြဌာန်းဖို့ ကြိုးစားနေတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)အခန်း (၁၇) ရဲ့ ပုဒ်မ (၉၀) ပါ ပြဌာန်းချက်မှာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲVirtual Private Network(VPN) နည်းပညာ ဒါမှမဟုတ် အလားတူနည်းပညာအသုံးပြုခဲ့မယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး တစ်နှစ်ကနေ အများဆုံးသုံးနှစ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ဖော်ပြထားပါတယ်။

‘မြန်မာနိုင်ငံအတွင်း အခုလက်ရှိ အင်တာနက်သုံးစွဲနေသူတွေ အားလုံးကို အချိန်မရွေးဖမ်းဆီးထောင် ချနိုင် အောင် ရည်ရွယ်ထားတဲ့ ပြဌာန်းချက်ပါပဲ။’လို့သူကပြောပါတယ်။


အခုလက်ရှိအခြေအနေမှာအကြမ်းဖက်စစ်အုပ်စုက လူမှုကွန်ရက်တွေနဲ့အင်တာနက်ဝဘ်ဆိုက်များစွာကို ဘမ်းထားတဲ့အပြင်၊ လူမှုကွန်ယက်အသုံးပြုသူတွေကိုလည်းတန်းစီ တရားစွဲနေ လေတော့ လူတိုင်းနီးပါးရဲ့ ဖုန်းထဲမှာ VPN ခံ သုံးနေရတဲ့အခြေအနေဖြစ်ပါတယ်။

‘ အရင်က အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ (Electronic Transition Law) နဲ့ Email တစ်စောင် ထောင် (၁၅) နှစ်ချခဲ့တဲ့ ခေတ်ကိုတောင် ပြန်ပြောင်း သတိရမိပါသေးတယ်။ အရင်က Email တစ်စောင် ထောင်(၁၅) နှစ်ခေတ် အခုတော့ VPN ခံ ထောင် (၃) နှစ် ခေတ်လို့ ပြောရမလိုပါပဲ။ ‘လို့ သူက ပြောပါတယ်။

အခုအကြမ်းဖက်စစ်အုပ်စုပြဌာန်းဖို့ကြိုးစားနေတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းသာ အတည်ဖြစ်သွား ပါကအိမ်အပြင်ထွက်လို့ အစစ်ခံရရင်ပြဖို့ Keypad ဖုန်းတစ်လုံးဆောင်ထားရမယ့်ဘဝကို ရောက်သွား မယ်လို့ သူကဆက်ပြောပါတယ်။

ရန်ကုန်အခြေစိုက် တရားလွှတ်တော်ရှေ့နေတစ်ဦးက စစ်အုပ်စုရဲ့ အခုလိုပြဌာန်းဖို့လုပ်လာတာဟာ ဥပဒေနဲ့ အညီ ဖမ်းဆီးအရေးယူရပါတယ်ဆိုတဲ့ တရားဝင်မှုဖြစ်အောင်ကြိုးစားလာခြင်းဖြစ်ကြောင်းပြောပါတယ်။


‘ဒါပေမဲ့၊အခုလည်း ဖုန်းတွေကို မထင်ရင်မထင်သလိုစစ်နေတာပဲ။စစ်ပြီးဖမ်းတာတွေလည်းရှိတာပဲ။ဘာ့ ကြောင့်ဖမ်းသလဲဆိုတာ သူတို့အတွက် အကြောင်းပြစရာမလိုဘူး။အာဏာရှင်တွေအတွက် ဥပဒေဆိုတာ သူ တို့လိုချင်တဲ့အခါလိုပြီးမလိုချင်တဲ့အခါမလိုပါဘူး။အခုလိုပြဌာန်းဖို့ကြိုးစားလာတာက တရားဝင်ဖမ်းမယ်။ တရားဝင်ငွေညှစ်လို့ကောင်းသွားတာပေါ့။

အခုလည်း ဘယ်သူ့ကိုမဆို ဘာအကြောင်းမှပြစရာမလိုဘဲ ရိုက်သတ်နေတာတွေ၊ပစ်သတ်နေတာတွေနေ့စဉ်လုပ်နေတာပဲဆိုတော့ သူတို့ပြဌာန်းမယ့်ဥပဒေကြမ်းတွေ နဲ့ပတ်သက်ပြီးဘာမှ ပြောစရာမရှိပါဘူး’လို့ ဆိုပါတယ်။

VPN ခံသုံးရင် ထောင်၃နှစ်ဆိုတာနဲ့ပတ်သက်ပြီး လှိုင်မြို့နယ်၂ရပ်ကွက်နေ လူငယ်တစ်ဦးရဲ့အမြင်ကိုမေးမြန်း ခဲ့ရာ စိတ်ဝင်စားစရာမရှိဘူးလို့ ဆိုပါတယ်။

‘သူ့ဘာသာဘာထုတ်ထုတ် မင်းအောင်လှိုင်က ဘယ်နှနှစ်ခံမှာမို့လဲ။အခုဘာဥပဒေမှမရှိဘဲ သတ်နေတာ ပဲမ ဟုတ်လား။ကျွန်တော်တို့ ကိစ္စရှိလို့ ခရီးထွက်ရင် အခုလည်း ဖုန်းစစ်ပြီးဖမ်းမှာစိုးလို့ ဖုန်းနောက်တစ်လုံးယူ သွားနေရတာပဲမဟုတ်လား။ဒီတစ်နှစ်ခံဖို့တောင်မသေချာတဲ့ မင်းအောင်လှိုင်ထုတ်မယ့်ဥပဒေဆိုတာ ဘာမှ စိတ်ဝင်စားစရာမရှိဘူး’လို့ ပြောပါတယ်။


အခု အကြမ်းဖက်စစ်အုပ်စုရေးဆွဲထားတဲ့ ဥပဒေကြမ်းဟာ ပြည်သူကို ဓားလိုမိုးပြီး ခြိမ်းခြောက်မယ့် ဥပဒေဖြစ်နေကြောင်းဦးနေဘုန်းလတ်ကဆိုပါတယ်။

‘နောက်တစ်ခုထောက်ပြချင်တာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားသော လွှတ်တော်တွေပဲဖြစ်ပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ဒီဥပဒေကို ရေးဆွဲပိုင်ခွင့်လည်းမရှိသလို အတည်ပြုပိုင်ခွင့်လည်းမရှိပါဘူး။ အရေးအကြီးဆုံးတစ်ခုက ပြည်သူတွေ လိုလိုလားလားနဲ့ လိုက်နာဆောင်ရွက်ကြမှာသာ ဥပဒေတစ်ခုဟာ အမှန်တကယ် အာဏာတည်တာပါ’လို့သူကထပ်ပြောပါတယ်။ Source;DNA