ၾကားသိသမွ်

တန်ဖိုးကြီးတဲ့အတွက်နောက်ဆုံးပန်းတိုင်ထိအသက်ရှင်ပေးကြပါဆိုပြီးPDFတွေကိုတောင်းဆို…

“PDF များဆီသို့ ”
Written by Gummaw”

#တန်ဖိုးကြီးတဲ့အတွက်နောက်ဆုံးပန်းတိုင်ထိအသက်ရှင်ပေးကြပါဆိုပြီးPDFတွေကိုတောင်းဆို…

ကျွန်တော်တို့ KIA မှာ ဆယ်တန်းအောင်ပညာတတ်တွေ ဗိုလ်လောင်းသင်တန်းတက်ကြတယ်။ မြို့ပြအုပ်ချုပ်ရေး DGA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူးသင်တန်းမှာ တက်တဲ့လူငယ်တွေ ပိုများတယ်။

Army ဘက်မှာ အားနည်းလာတော့ တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။ မလာဘူးဆိုရင်ဖမ်းတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့ လူတွေကအင်မတန်ရှားပါးလာပါတယ်။ ရဲဘော်အများစုဟာ စစ်ရှောင် သားသမီးတွေများတယ်။
အမှန်အတိုင်းဝန်ခံတာပါ။

နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှ အမှန်တရားကို မြတ်နိုးသော ချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းက လူငယ်တွေ၊ ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေ အလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက် ရည်မှန်းချက်တူညီတဲ့ လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ နိမ့်ချစွာစစ်ပညာသင်ကြားဖို့ ရောက်လာခဲ့ကြတယ်။

ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့ နယ်မြေမှာ အာဏာရှင် တော်လှန်လိုတဲ့ စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။ သူတို့ကိုကြည့်လိုက်ရင် ကျွန်တော် တို့ကို အားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့ လူငယ်တွေ တောခိုလာကြတယ်။

သူတို့ တွေအလီလီရောက်လာကြတော့ ကျွန်တော်တို့ ကချင်တွေအတွက်အားတက်စရာတွေ ဖြစ်လာကာ KIA တပ်ထဲ ဝင်တဲ့ ကချင်လူငယ်တွေ တစ်ဖန်ပြန်လည် များပြားလာခဲ့ကြတယ်။
ကျေးဇူးတင်ပါတယ်..


ပြည်မဘက်က Gen Z များရယ်…
ပြည်မဘက်က Gen Z တွေကို ကျွန်တော်တို့ KIA တွေက စစ်ပညာသင်ပေးမယ် လာခဲ့ကြပါလို့ တကူးတက လုံးဝ မခေါ်ပါဘူး။ တစ်ချို့ Gen Z တွေ လမ်းစရိတ်တောင် ချေးငှားပြီးလာကြတယ်။ တစ်ချို့Gen Z တွေ ကြည့်လိုက်ရင် မင်းသားရှုံး တယ်။ မေးကြည့်လိုက်တော့ဆေးကျောင်းသား ဒုတိယနှစ်တဲ့…ကျွန်တော့လို အခါတစ်ရာဖြေတောင် ဆေးကျောင်းမရောက်နိုင်တဲ့လူဆိုတော့ သူတို့ကိုတွေ့ပြီးအံ့တွေသြမိတာအမှန်ပါ။တစ်ချို့Gen Z တွေ အုပ်စုလိုက် ရောက်လာကြတယ်။

ဒါကျွန်တော်တို့ယူခဲ့တဲ့ စားစရာအခြောက်အခြမ်းရိက္ခာထုတ်တွေပါတဲ့. ဒါကကျွန်တော်တို့ စားဖို့ တတ်နိုင်သလောက်စုပြီးယူလာခဲ့ပိုက်ဆံလက်ခံပေးပါတဲ့ လာအပ်ကြတယ်။ကျွန်တော်တို့ တော်လှန်ရေးမပြီးမချင်းမပြန်ဘူး စစ်ပညာဘဲကောင်းကောင်းသင်ပေးပါတဲ့..ဘယ်နားနေနေရတယ်။


ကျောတစ်ခြမ်းအိပ်ရရင် ရပြီတဲ့..ဘယ်လောက်တောင် စစ်ခွေးတွေကိုအမြစ်ပြတ် သတ်ချင်သလဲဆိုတာသူတို့မျက်လုံးတွေကသက်သေပါ။
ပညာကောင်းကောင်းသင်နေရမဲ့အချိန် တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေမှာ သူတို့မာနတွေခဝါချကာ စစ်ပညာ သင်ကြား ပေးဖို့ အားကိုးစွာရောက်လာကြတော့..ကျွန်တော်တို့ KIA ရဲဘော်တွေ စံပြဖြစ်အောင်ပိုပြီး သတိထားနေရတော့တယ်။ ..

တစ်ခါမှ မမျော်လင့်ဖူးတဲ့ လူတွေနဲ့တွေ့ဆုံရင်း သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို လေးစားကာ အား လျော့လာတဲ့ ကျွန်တော်တို့ KIA ရဲဘော်တွေရဲ့တော်လှန်ရေး စိတ်ဓာတ်တွေကိုပြန်လည်မြင့်တင်နိုင်ခဲ့တာအမှန်ပါ..
ကျေးဇူးတင်တယ် ….

ပြည်မဘက်က Gen Z တို့ရယ်..
ဘာစစ်သင်တန်းမှမတက် ခဲ့တဲ့ ပွဲဦးထွက် ကလေးမြို့ ချင်း PDF များ ၊ကယား PDF များ၏ လက်သံပြောင်ချက်ကို ကျွန်တော့မလေးစားဘဲမနေနိုင်ခဲ့ဘူး။ ကိုယ့်ရပ်ကိုယ်ရွာကို ရရာတူမီးသေနပ်များ စွဲကိုင်ကာအသက်ပေး ကာကွယ် ခဲ့ကြတယ်။

PDF အားလုံးရဲ့ရှေ့ဆောင်လမ်းပြတွေပါ။ ရင်ထဲအသည်းထဲမှ လေးစားစွာဂါဝရပြုလိုက်ပါတယ်။ အခု ကောလင်း PDF များကတော့ လာမစမ်းကြပါနဲ့… တူမီးသေနပ်အဆင့် မဟုတ်တော့ဘူး…စစ်ခွေးတွေ ပြုတ်ပြုတ်ပြုန်း နေပြီ။ မြောက်ပိုင်း PDF များကိုတော့ KIA ၏လမ်းညွန်မှုအောက်မှာနည်းဗျူဟာကျကျ နာခံစွာ လက်တွဲ လုပ်ဆောင် နိုင်တော့ ရန်သူများအထိနာနေကြတာ အားလုံးသိပြီးဖြစ်မှာပါ။ ယခုပိုပိုပြီး လက်စောင်းထက်လာတော့မှာပါ။


မြောက်ပိုင်း PDF များ လက်စောင်းထက်နေပေမဲ့ မန္တလေးမြို့နဲ့ ဒီပဲယင်းတွေမှာ PDF တွေသွေးမြေကျနေတာကို တွေ့မြင်ရတော့ ရင်နာနာနဲ့ ကြည့်နေရတယ်။ မင်းတို့ရဲ့ ဓမ္မဘက်ရပ်တည်ကာ အသက်ပေးတိုက်ပွဲဝင်ပေးခဲ့တဲ့ သမိုင်း ကျန်ရစ်တော့မယ်ဆိုပေမဲ့ ဘယ်သူ့သားတွေလဲ ? မိဘတွေဘယ်လောက်မျှော်မှန်းထားတဲ့ သားကောင်းရတနာတွေလဲ? မိဘများနှင့်ထပ်တူရင်ကွဲကြရတာ တစ်နိုင်ငံလုံးပါ။ မင်းတို့တွေကို ငါတို့ဘယ်တော့မှမမေ့ဘူး၊

ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ အညတရ PDF များကတော့ ဒီတော်လန်ရေးမှာ ပိုပြီးဆရာကျပါတယ်။
သူတို့တွေမှာ ဘာသံယောဇဉ်မှမရှိဘူး..ကြည့်လိုက်ရင် လူမိုက်ကြီးတွေလို ရဲရင့်တယ် …မိုက်ရူးရဲတယ် ရှေ့ထွက်ရဲတယ် အော်ရဲတယ်။ တိုက်ရဲတယ်။ သေရဲတယ် ။သူတို့ရဲ့သတ္တိတွေကြောင့်ကျန်တဲ့ PDF တွေအတွက် ရဲရင့်မှုပိုစေတယ် ဆိုတာ ကြားသိရတော့ အညတရ PDF များကိုအချစ်ပိုရပြန်တယ်။ ပညာမတတ်ပေမဲ့နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းကြီး တွေ ပါ။ ဆက်ပြီးဦးဆောင်ပေးဖို့မျှော်လင့်ပါတယ်။

တိုက်ပွဲအတွေ့ အကြုံနည်းပေမဲ့ ချက်ချင်းစစ်မြေ ပြင် ရောက်သွား ကြတဲ့ PDF ညီအစ်ကိုများအားလုံး ကို အထူး သတိထားစေလိုပါတယ်။
ကျွန်တော်တို့ လက်နက်ချင်းယှဉ် ပြိုင်တိုက်ခိုက်ကြတဲ့ တိုက်ပွဲဟာ လူထုဆန္ဒပြတာနဲ့ လုံးဝ မတူပါဘူး။ ငါညီတို့က ဆန္ဒပြတဲ့အချိန် မှာ ဆရာကျမှာပါ။ ရှေ့ထွက်အော်နိုင်သူဟာ အလိုလိုခေါင်းဆောင်ဘဲ..ခွေးတွေ လာရင်အုပ်စုလိုက်ပြေးတယ်။

တစ်ခါတစ်လေပျော်စရာတောင်ကောင်းနေအုံးမယ် ။တစ်ကယ့်တိုက်ပွဲ စစ်မြေပြင်မှာ စစ်ခွေးတွေကညှာမှာမဟုတ်ဘူး..သူသေကိုသေထိုးသတ်ကြရတာလေ…ဒါကြောင့် မိမိတစ်ဦးတည်းချွန်ထွက်ပြီး Power Ranger လုပ်နေလို့မရဘူး ။ အသံထွက်လို့မရဘူး..မိမိနင်းနေတဲ့မြေကြီး…နင်းထားတဲ့သစ်ရွက်လုပ်သံကအစ သတိထားရတယ်။အချိန်မရွှေးနေရာမရွှေးအသက်ထွက်သွားနိုင်တယ်။ရန်သူများထက်လက်ဦးမှုရယူရမယ်။

လုံခြုံမှုရှိရမယ်။ဦးဆောင်သူများ၏ ဗျူဟာကိုကောင်းစွာနာခံဖို့ကအရေးကြီးတယ်။နှုတ်လုံရမယ်။လူငယ်သဘာဝ ထင်ပေါ်ကျော်ကြားမှု Media ပေါ်အလျင်စလိုတင်ပြမှုတွေကိုလည်းအထူးသတိထားဆင်ခြင်ရမှာဖြစ်တယ်။


အရမ်းစိုးရိမ်လို့ပါ ငါ့ညီတို့ရယ်..
မင်းတို့ထက်လူအင်အား လက်နက်အင်အားအဆမတန်တာလွန်ယုံမက နှစ်ပေါင်းများစွာစနစ်တကျ train လုပ်ပြီး သား အုပ်မြစ်ခိုင်နေပြီဖြစ်တဲ့မြန်မာ့တပ်မတော်ဆိုတဲ့စစ်ခွေးတွေနဲ့ ယဉ်ပြိုင်တိုက်ခိုက်ရတာဂုဏ်ယူလိုက်စမ်းပါ။ မင်းတို့က ရက်တိုသင်တန်းနဲ့ တင်စစ်ခွေးတွေကိုထိုးသတ်ရတာ တန်ပါတယ်။

ပိုပြီးအားတက်စရာကောင်းတာက မင်းတို့ဘက်မှာသန်း ၅၀ သောပြည်သူတွေရှိတယ်။ အများပြည်သူတွေရဲ့ ဆုတောင်းမေတ္တာပို့သမှုနဲ့ အားပေးထောက်ခံပေးမှုကြောင့် မင်းတို့ရဲ့ တော်လှန်ရေးဘယ်တော့မှမရှုံးဘူး…အဆုံးမှာဓမ္မဘက်ကနိုင်စမြဲပါ။
မင်းတို့ကိုပြည်သူတွေကချစ်လွန်းလို့ ဘယ်သူက မွေးမွေးငါတို့သားတွေပါတဲ့..

ငါတို့တွေတိုက်တဲ့နေရာခြင်းသာမတူပေမဲ့ တိုက်နေတဲ့ဘုံရန်သူကတစ်ခုတည်းပါ။တစ်ချို့ တာဝန်အရပြန်သွားတဲ့ ညီငယ်တွေကို စကားမှာချင်တယ်…တော်လှန်ရေးကာလမို့ ဧည့်ဝတ်မကျေခဲ့ရင် ခွင့်လွတ်ပေးပါနော်…အောင်မြင်မှုတွေနဲ့ အတူပြန်ဆုံကြမယ်…
ကျေးဇူးပြုပြီးနောက်ဆုံးပန်းတိုင် အထိအသက်ရှင်ပေးကြပါနော်..တိုင်းပြည်သစ်ကြီးအတွက် မင်းတို့တွေ သိပ်တန်ဖိုးကြီးတယ်။

@ဂွမ်မော်
#ပြန်လည်မျှဝေပေးပါသည်။ Crdit;Photo