အာဏာသိမ်းစစ်ကောင်စီ ပြည်သူများ၏ တော်လှန်မှုကိုထိတ်လန့်နေ၊အောက်ခြေစစ်သားများစိတ်ဓါတ်မကျအောင်နည်းမျိုးစုံသုံးကြိုးစားနေရဟု ရဲမှူးကြီးတစ်ဦးပြော
“အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ငါတို့က နောက်ဆုတ်လို့ မရတော့ဘူး။ မရရအောင် လုပ်ရမှာပဲ။ ငါတို့မနိုင်ရင် ငါတို့တစ်အုပ်စုလုံး ဒုက္ခရောက်မှာလို့ ပြောတာ။ သူတို့လည်း အခြေအနေမကောင်းတာ သိနေကြပါပြီ” -ရဲမှူးကြီးတစ်ဦး
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူများ၏ ရဲရင့်စွာဖီဆန်တွန်းလှန်မှုများကြောင့် ထိန့်လန့်တုန်လှုပ်နေပြီး လက်အောက်ငယ်သားအဆင့်ဆင့် စိတ်ဓာတ်မကျအောင် နည်းမျိုးစုံကြိုးစားနေရသည်ဟု စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ရဲမှူးကြီးတစ်ဦးက ပြောသည်။
” ဝန်ကြီး( ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်စိုးထွဋ်)က ကိုယ်တို့ပြည်နယ်ကို ရောက်လာတယ်။ ဌာနဆိုင်ရာတွေနဲ့ တွေ့တယ်။ မျက်နှာကို ပျက်နေတာပဲ။ စကားတွေလည်း အယောင်ယောင်အမှားမှားပြောတယ်။ အခုက အာဏာ သိမ်းတာလည်း မအောင်မြင်။ ပြည်မမှာလည်း PDF တွေက ပြောက်ကျားစနစ်နဲ့ချတာ အောင်မြင်နေတော့ ဒီအခြေအနေကို သူတို့(စစ်ကောင်စီခေါင်းဆောင်များ)ကြောက်နေကြတယ်” ဟု အထက်ပါရဲမှူးကြီးကပြောသည်။
စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီး ဖြစ်သလို မြန်မာနိူင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်သည့်သန်းလှိုင်က တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့များအား လိုက်လံတွေ့ဆုံစဥ်က အတွေ့အကြုံကို အထက်ပါ ရဲမှူးကြီးက ပြောခြင်းဖြစ်သည်။
“အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ငါတို့က နောက်ဆုတ်လို့ မရတော့ဘူး။ မရရအောင် လုပ်ရမှာပဲ။ ငါတို့မနိုင်ရင် ငါတို့တစ်အုပ်စုလုံး ဒုက္ခရောက်မှာလို့ ပြောတာ။ သူတို့လည်း အခြေအနေမကောင်းတာ သိနေကြပါပြီ” ဟု ၎င်းကဆက်ပြောသည်။
PDFများအား လိုက်လံဖမ်းဆီးခြင်းနှင့် စုံစမ်းထောက် လှမ်းခြင်းကို တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ အမိန့်ဖြင့် လုပ်နေရပြီး စစ်သားများသည် ရဲယူနီဖောင်းများ ဝတ်ဆင်အသုံးပြုနေသည်ဟုလည်း အထက်ပါရဲမှူးကြီးက ဖွင့်ချသည်။
” စစ်သားတွေက ရဲယူနီဖောင်းတွေဝတ်တယ်။ အိမ်တွေထဲ ဝင်စီးရင် ဘာမှမဆိုင်တဲ့ မီးပူကအစ ယူချလာတယ်။ ရဲစစ်စစ်တွေ အဲ့ဒီလို မလုပ်ရဲဘူး။ ဟိုကောင်ကွာ မီးပူကြီး ခိုးလာတယ်လို့ အချင်းချင်းကြား စတာ နောက်တာမျိုးဆို သိပ်ရှက်တာ။ တော်တော်များများက ရဲယူနီဖောင်းဝတ် စစ်ကောင်စီတပ်တွေ” ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း နိုင်ငံတော်အာဏာသိမ်းပြီးနောက်ဆက်တွဲ အခြေအနေများကြောင့် ထိန့်လန့်နေကြောင်း CDM လုပ်နေသည့် တပ်မတော်အရာရှိအချို့က သတင်းမီဒီယာများတွင် ဖွင့်ချထားသည်။
စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းကလည်း တပ်မတော်က နိုင်ငံတော် အာဏာသိမ်းသည့်ကို ဆန့်ကျင်ဆန္ဒပြနိုင်ကြောင့် မျှော်လင့်ထားသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များဖွဲဲ့စည်းပြီး လက်နက်ကိုင်တော်လှန်မည့်အနေအထားကို ကြိုမတွေးမိခဲ့ဟု BBCသတင်းဌာနနှင့် အင်တာဗျူးတွင် ဝန်ခံထားသည်။
ထိုအပြင် စစ်ကောင်စီအနေဖြင့်နိုင်ငံတစ်ဝန်းစစ်ဘောင်ကျယ်လာပြီးသေဆုံးသူများ၊တပ်မှထွက်ပြေးသူများ၊CDMပြုလုပ်သူများပြားလာသဖြင့်တပ်တွင်းအင်အားနည်းပါးလာခြင်း၊တပ်တွင်းမကျေနပ်မှုများပြားလာခြင်း တို့ကြောင့် ထိုပြသာနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရုန်းကန်နေရသည်။
အဆိုးဆုံးမှာ ရှေ့တန်းတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများလာသောအခါ တပ်ရင်းမှူးများက အထက်သို့အမှန်အတိုင်းမတင်ပြဘဲ သေဆုံးသောစစ်သား်များကို တပ်မှထွက်ပြေးသည်ဟုပြောကာ ၊သေဆုံးသူအတွက်ထောက်ပံ့ကြေးမရသည့်အပြင် သေဆုံးသူမိသားစုများတပ်တွင်းမှ နှင်ချခံရခြင်း ၊ စစ်ကောင်စီတပ်သားသေဆုံးသည်ကို တပ်ရင်းမှူးကအထက်မတင်ပြဘဲ တာဝန်ထမ်းဆောင်နေသကဲ့သို့ လိမ်လည်ပြီး စစ်သား၏ခံစားခွင့်များ ရယူနေခြင်း စသည်လုပ်ရပ်များအပေါ် တပ်တွင်း သိ့ရှိသူများလာပြီး မကျေမတပ်ဖြစ်နေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များကပြောသည်။
ထိုကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုတစ်ပါတ်တွင် ရှေ့တန်း၌ သေဆုံးမှု ၊အဖမ်းခံရမှု ၊ တပ်တွင်ထွက်ပြေးမှုများပြားနေသော တနသာ်ရီတိုင်းမှ တပ်များကို သွားရောက် စည်းရုံးရေးဆင်းနေသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် စကခ-၈၊ ဘုတ်ပြင်းမြို့အခြေစိုက် စကခ-၁၃ နှင့်ကော့သောင်းမြို့ခမောက်ကြီးအခြေစိုက် စကခ-၂၀ စသည့်စစ်ဆင်ရေးကွပ်ကဲမှုဌာ နချုပ် လက်အောက်ခံတပ်ရင်းများသည် ကရင်ပြည်နယ် တိုက်ပွဲများတွင် သွားရောက်တိုက်ခိုက်နေပြီး သေဆုံးမှုများပြားနေခြင်း၊ အရှင်ဖမ်းဆီးခံခြင်း ၊တချို့ စစ်သားများမှာ ရှေ့တန်းထွက်ခိုင်းရာ ထွက်ပြေးခြင်းများ ဖြစ်ပေါ်နေ၍ အာဏာသိမ်းစစ်ခေါင်းဆောင်က ဇန်နဝါရီ၁၃ ရက်နှင့် ၁၄ ရက်တွင် ထားဝယ်မြို့နှင့်ဘုတ်ပြင်းမြို့များရှိအထက်ပါတပ်ရင်း များကို သွားရောက်တွေ့ဆုံစည်းရုံးနေကြောင်းတပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
ထိုအပြင်နိုင်ငံတစ်ဝန်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များအရှုံးနှင့် ရင်ဆိုင်နေရခြင်းမှာ စစ်ပွဲအောင်နိုင်ရာအချက်များ၌ အဓိကအချက်ဖြစ်သော ပြည်သူလူထုထောက်ခံမှု မရ၍ဖြစ်သည်ဟု အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးက လူထုနွေဦးသို့ ပြောကြားသည်။
“ကျွန်တော်တို့လည်းရှမ်းတို့၊ကရင်တို့မှာတိုက်ခဲ့တာပဲ။ ကိုယ်တိုင်ကြီးကြပ်လာခဲ့သူတွေပါ။ တပ်မတော် သားတိုင်းသိထားတဲ့စစ်ပွဲအောင်နိုင်ရာအချက် ၁၄ရဲ့ နောက်ဆုံးအချက်မှာပြည်သူလူထုမထောက်ခံဘဲ၊ ပူးပေါင်းပါဝင်မှုမရှိဘဲ မအောင်နိုင်ဘူး။ အဓိကက ဒေသခံပြည်သူလူထုပဲ။ အခုစစ်ကောင်စီတိုက်တိုင်း ရှုံးနေတာ ပြည်သူထောက်ခံမှုမရလို့ပဲ။ အဲဒီတော့ ပြည်သူတွေ အခုလိုဆက်စည်းလုံးဖို့ပဲလိုတာ။ ပြည်သူတွေ ညီညွတ်ရင် ပြည်သူတွေလိုချင်တဲ့ အောင်ပွဲရမှာပါ”ဟု အထက်ပါ အငြိမ်းစားတပ်မတော်အရာရှိကြီးက ဆက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများ၊လေကြောင်းတိုက်ခိုက်မှုများဖြင့် အင်အားသုံးတိုက်ခိုက်နေ သော်လည်း အပြစ်မဲ့ပြည်သူများသေဆုံးသည်ကလွဲ၍ အနိုင်မရနိုင်ကြောင်း ကိုယ်တိုင်တိုက်ပွဲအတွေ့အကြုံရှိသူ အငြိမ်းစားတပ်မတော်အရာရှိကြီးက မှတ်ချက်ပြုသည်။
(ပြည်ထဲရေးဝန်ကြီး အပါအဝင် အာဏာသိမ်းစစ်ခေါင်းဆောင်အချို့ )
#လူထုနွေဦး