Articles

ဆုငွေသိန်း၃၀ရခဲ့တဲ့ ကျောင်းကုန်းမြို့က အမျိုးသမီးရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ

❝ PDFလို့စွပ်စွဲခံရတဲ့ လူငယ်နှစ်ဦးကို ဝိုင်းဖမ်းပေးခဲ့လို့ ဆုငွေသိန်း၃၀ရခဲ့တဲ့ ကျောင်းကုန်းမြို့က အမျိုးသမီးရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ ❞

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဗုံးဖေါက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ PDF လူငယ် နှစ်ဦးကို လူအုပ်စုကြီးက ရိုက်နှက် ညှင်းပန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ် တက်လာတာကို သတိ ထားမိကြပါလိမ့်မယ်။

ရိုက်နှက်ဖမ်းဆီးခံလိုက်ရသူတွေက ဓနုဖြူမြို့နယ်က အသက် ၂၃ နှစ် CDM ကျောင်းဆရာ ကိုသီဟအောင်နဲ့ အသက်၂၄ နှစ် ကိုလေးကိုထွဋ်တို့ဖြစ်ပြီး သူတို့ကို ရိုက်နှက်ဖို့နဲ့ ဖမ်းဖို့ သတင်းပေးခဲ့တဲ့ သူက အဲ့ဒီနားမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။


လူငယ်နှစ်ဦး ဝိုင်းရိုက်ခံရတဲ့ အဖြစ်အပျက်ကို ဖေ့စ်ဘုခ်ကနေ Daw Lay La Woonဆိုတဲ့ အကောင့်ကနေ သူကိုယ်တိုင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး လူငယ်တွေကိုဝိုင်းရိုက်ကြဖို့လဲသူက အော်ခဲ့သလို သူတို့ အဖမ်းခံရအောင်လဲ သူကိုယ်တိုင်ပဲ သတင်းပေးခဲ့တာပါ။

စစ်ကောင်စီထောက်ခံတဲ့ သူတွေဘက်ကတော့ ဗုံးခွဲတဲ့ PDFတွေကို လိုက်ဗ်လွှင့် ဖမ်းပေးတဲ့ သူ့ကို သူရဲကောင်း သဘောမျိုးတောင် ဆိုရှယ်မီဒီယာမှာရေး နေကြတာကို တွေ့ရပါတယ်။

ပြီးတော့ ရုပ်ပျက်ဆင်းပျက် အရိုက်ခံထားရတဲ့ လူငယ်နှစ်ဦးရဲ့ ပုံတွေကိုလဲ ဆိုရှယ်မီဒီယာက တဆင့် ဖြန်ဝေခဲ့ကြပါသေးတယ်။
အဲ့ဒီလို ဖမ်းဆီး သတင်းပေးမှုကြောင့် သူတို့လင်မယားကို စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုငွေသိန်းသုံးဆယ် ချီးမြှင့်ခဲ့တာကို ဓာတ်ပုံတွေနဲ့တကွ တွေ့ရပါတယ်။


ဒါပေမယ့် သူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ နာမယ်ကို လျို့ဝှက်ထားပါတယ်။ဒါဆိုရင် သူကဘယ်သူလဲ ။ သူ့ရဲ့နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်သူတွေရှိနေလဲဆိုတာBurma VJ က စုံစမ်းမေးမြန်း တင်ဆက်လိုက် ပါတယ်။

မဘသ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို အားပေးသူ

PDF လူငယ်နှစ်ဦးကို လူတွေက ရိုက်နှက်ဖမ်းဆီးအောင် စေ့ဆော် အာဏာပိုင်တွေကို သတင်းပေးခဲ့တဲ့ အမျိုးသမီးရဲ့ နာမယ်က ခိုင်သဇင်အောင်(ခ) ခင်လပြည့်ဝန်းလို့သိရပါတယ်။


သူဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး င ပုတောမြို့နယ်ဇာတိဖြစ်သလို သူ့ခင်ပွန်းနာမယ်က ဖြိုးအေးထွန်း (‌ခေါ်) ငဖြိုးဖြစ်ပါတယ်။

သူတို့လင်မယားနှစ်ယောက်ဟာ လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေ အကြီးအကျယ်လုပ်နေတဲ့ မဘသ အဖွဲ့ဝင်တွေဖြစ်သလို အာဏာမသိမ်းခင်ကတည်းက စစ်တပ်ကို အပြည့်အဝထောက်ခံသူတွေဖြစ်ပြီး စစ်တပ်ထောက်ခံပွဲတွေ တက်ရောက်ခဲ့တဲ့ ပုံတွေကို PDF လို့စွပ်စွဲခံရတဲ့ လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးတာ Live လွှင့်ခဲ့တဲ့ သူ့ရဲ့ ဖေ့စ်ခ်အကောင့်ထဲမှာ တွေ့ရပါတယ်။

အဲ့ဒီလိုက်ဗ်လွှင့်တဲ့ ဗီဒီယိုထဲမှာ လူငယ်နှစ်ဦးကို လူအုပ်ထဲက စစ်ဝတ်စုံနဲ့လူတွေက ဝိုင်းကန်နေတာကို “အကိုကြီး ချ ချ၊ ဒါမျိုးလုပ်တာ မြန်မာနိုင်ငံရဲ့ မြို့တိုင်းမြို့တိုင်းမှာ လက်မခံသင့်ဘူး။ အဲ့နှစ်ယောက်သေတာ သေပစေ ။ အမြို့ မြို့အနယ်နယ်တိုင်းက လူတွေစည်းလုံးဖို့လိုတယ်။ အမျိုးဘာသာသာသနာ ပေါ်မှာ သစ္စာရှိဖို့လိုတယ်” လို့ သူကိုယ်တိုင်က ပြောခဲ့တာကို တွေ့ရပါတယ်။


ပြီးတော့ သူဟာ ဒေသခံ မဘသ အဖွဲ့ဝင်တစ်ယောက်က ဦးဆောင်ဖွင့်လှစ်ထားတဲ့ ဒို့အမျိုးသားကွမ်းယာဆိုင် ကို ဖွင့်လှစ်ရောင်းချနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ကျောင်းကုန်းမြို့နယ်ထဲမှာဖွင့်ထားတဲ့ ဒို့အမျိုးသားကွမ်းယာဆိုင်တွေဟာ ဘာသာခြားတွေရဲ့ စီးပွားရေးတွေကို ထိုးနှက်ပိတ်ပင်ဖို့ရည်ရွယ်ချက်နဲ့ဖွင့်ထားတဲ့ ဆိုင်တွေပါ။

၂၀၁၃ ခုနှစ် ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပ်အသွင်ပြောင်းအစိုးရလက်ထက် ကျောင်းကုန်းမြို့နယ်ထဲမှာ ဘာသာရေးအဓိကရုန်းဖြစ်ခဲ့ပြီးနောက် မဘသအဖွဲ့ဝင်တွေက “ဒို့အမျိုးသား” ဆိုတဲ့ နာမယ်ပေးပြီး ဒီကွမ်း ယာဆိုင်တွေကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ

မခိုင်သဇင်အောင် လက်ရှိ နေထိုင်တဲ့နေရပ် လိပ်စာက စက်ကွင်းအရှေ့ဘက်လမ်း၊ ကျောင်းကုန်းလမ်းဆုံနဲ့ ပေ ၅၀ အကွာ စပါယ်ခြံမှာပါ။
သူဟာ အဲဒီနေရာမှာ ဒို့အမျိုးသားကွမ်းယာ ဆိုင်ကိုဖွင့်လှစ်ထားတာဖြစ်ပြီး အဲ့ဒီဆိုင်တွေကို ဦးဆောင် ဖွင့်လှစ်ခဲ့သူကတော့ လူမျိုးရေး ဘာသာရေးခွဲခြားမှုတွေ အကြီးအကျယ်လုပ်နေတဲ့ စစ်ထွက်တစ်ယောက် ဖြစ်ပါတယ်။


“ သူတို့က ကျောင်းကုန်းမြို့နယ်ထဲက စက်ကွင်းလမ်းမှာနေတယ်။ ကျောင်းကုန်းထဲမှာက မဘသအဖွဲ့ဝင် တစ်ရာ ကျော်လောက်ရှိတယ်။

သူတို့ကို ဦးဆောင်နေတာက စစ်တပ်လူထွက်၊ ခြေတစ်ဘက်ပြတ်နေတဲ့ အုပ်ချုပ်ရေးမှူး သီဟဇော်ပါ ။ သူဦးဆောင်ပြီး စီးပွားရေးကို အုပ်စုဖွဲ့ပြီး လုပ်နေကြတာ ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

အမျိုးသားရေးအစွန်းရောက်နာမည်နဲ့ အုပ်စုဖွဲ့လှုပ်ရှားနေတဲ့ သီဟဇော်တို့ အဖွဲ့ ရဲ့ နောက်ကွယ်မှာ ကြံ့ခိုင် ရေးပါတီ အမာခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက ကြိုးကိုင်နေတာလို့ လည်း သူ့အပြောအရ သိရပါတယ်။

“ ဒေါက်တာထိန်ဝင်းက အဲဒီအုပ်စုကို ငွေထုတ်ပေးပြီး နောက်ကွယ်ကနေ အားလုံးအကူအညီပေးနေတာပါ။ အဲ့ဒီကိစ္စကို တစ်မြို့လုံး သိတယ်” လို့လည်းဆိုပါတယ်။

Burma VJ က ဒီသတင်းကို အတည်ပြုဖို့ ဒေါက်တာထိန်ဝင်းဆီကို ဖုံးနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြား တာမရှိပါဘူး။

သူတို့အုပ်စုဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်းအငြင်းပွားမှုကို ဦးဆောင် ပြဿနာရှာခဲ့တဲ့ သူတွေ ဖြစ်ပြီး NLD ပါတီနဲ့ ပါတီဝင်တွေကို ရန်သူလို သဘောထားပြီး တုန့်ပြန်နေတဲ့သူတွေ လို့ ဒေသခံတွေကဆိုပါ တယ်။

“ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွတ်က မဲလိမ်တာမျိုးလုပ်ခဲ့တာရှိတယ်။ အဲဒီမှာ ပြဿနာတက်တော့ သူတို့ အုပ်စုက အော်လားဟစ်လားတွေ လုပ်ခဲ့ကြတယ်။ ၂၀၂၀ မှာ NLD အနိုင်ရတော့ သူတို့ အုပ်စုတွေကပဲ မဲစာရင်းပြန်စစ်ပေးပါတို့ ဘာတို့လုပ်ခဲ့ကြတာ” လို့ပြောပါတယ်။


ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ကို အုပ်စုဖွဲ့ဝိုင်းရိုက်တာမျိုးတွေကိုလည်း သူတို့တွေက လုပ်ဆောင် ခဲ့တာရှိပါ တယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NLDပါတီ ကန်ကြီးဒေါင့် လွတ်တော်ကိုယ်စားလှယ် ဦးဝေယံအောင်က အခုလို မှတ်ချက် ပေး ပါတယ်။

“ အခုအချိန်မှာ တစ်တိုင်းပြည်လုံးက စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့အခါမှာ PDF အဖွဲ့ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အကုန်လုံးကတော်လှန်နေတဲ့အခါမှာ ကျွန်တော်တို့က သတိထားရမှာက အရင်ကတည်းက ခေတ်အဆက်ဆက် မှာ မိမိတို့အကျိုးစီး ပွားအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အုပ်စုတွေရှိတယ်။ အဲဒီအုပ်စုတွေ က ဘာဖြစ်ဖြစ်လုပ်ဖို့ ဝန်မလေးတဲ့သူတွေဖြစ်တယ်။ ဒီအုပ်စုတွေကို သတိထားပြီးရှောင်ဖို့လိုတယ်။ တော်လှန်ရေးအောင်မြင်သည်အထိ သတိထားပြီး လုပ်ဖို့လိုတယ်”

ကျောင်းကုန်းမြို့ထဲက ဒို့အမျိုးသားဆိုတဲ့ နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေဟာ အမျိုးသားရေးအစွန်းရောက် အုပ်စုတွေက လုပ်ကိုင်နေတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ထောက်ပံ့ကူညီနေတာလို့လည်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ဘာသာခြားတွေရဲ့ ဆိုင်တွေမှာ ဈေးဝယ်ရင် သူတို့အုပ်စုက အငြိုးအတေးထားတတ်တာကြောင့်လည်း ကြောက်တတ်တဲ့သူတွေက သူတို့ရဲ့ဆိုင်တွေမှာပဲ ဈေးဝယ်နေရတယ်လို့လည်း သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီ လက်ထက်ရောက်လာတော့လည်း အဲဒီအုပ်စုက မထင်ရင် မထင်သလို စစ်တပ်ကို တိုင်ကြားသတင်းပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

Burma VJ