သူတို့ကျနော့်ကို သတ်နိုင်ရင်တောင်မှ ကျနော့်လိုလူတွေ အများကြီးရှိနေပြီ
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ဦးနှောက်ရွာကို စစ်ကောင်စီတပ်က
ပြီးခဲ့ သည့် ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်ထိ တိုက်ခိုက်ကာ ဝင်ရောက်စီးနင်းပြီး ပုလဲမြို့နယ် PDF ခေါင်းဆောင် ဗိုလ်နဂါးကို ဖမ်းဆီးနိုင်ဖို့အတွက် ရဟတ်ယာဉ် ၄ စီးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီသည် ၎င်းတို့အား အပြင်းအထန် အထိနာစေလျက်ရှိသည့် PDF ခေါင်းဆောင် ဗိုလ်နဂါး ရှိနေသည်ဟု ယူဆကာ
ဦးနှောက်ရွာကို ဝေဟင်ရော၊ မြေပြင်ကပါ အပြင်းအထန် တိုက်ခိုက်စီးနင်းခဲ့သော်လည်း ဗိုလ်နဂါးကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
အဆိုပါ အဖြစ်အပျက်များ၊ တိုက်ပွဲအခြေအနေများ၊ စစ်ကောင်စီက အသေရရ၊ အရှင်ရရ ရှာဖွေနေမှုနှင့် ပတ်သက်ပြီး ဗိုလ်နဂါး၏ သဘောထားကို သိရှိနိုင်ရန် ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ စစ်ကောင်စီတပ်နဲ့ ပုလဲမြို့နယ်ထဲမှာ ရင်ဆိုင်တိုက်ပွဲတွေက ဘယ်အချိန်လောက်မှာ စဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ တိုက်ပွဲက ၄ လပိုင်း ကုန်လောက်မှာ တိုက်ပွဲစလာတာ တောက်လျှောက်ပဲ တိုက်တာ။
မေး ။ ။ အခုဆိုရင် စစ်ကောင်စီက ဗိုလ်နဂါးကို အသေရရ၊ အရှင်ရရ သဘောနဲ့ အင်အားသုံးပြီး တိုက်ခိုက်နေတဲ့ အပေါ် စိုးရိမ်တာမျိုး ရှိလား။
ဖြေ ။ ။ စိုးရိမ်စိတ်လည်း ရှိတယ်။ ဒါပေမဲ့ ကြိုတင် ပြင်ဆင်ထားတယ်။ ကိုယ်သံယောဇဉ် တွယ်ခဲ့တဲ့ မိသားစုတွေ ကလည်း သူစိမ်းတွေ ဖြစ်ကုန်ကြတယ်။
ကိုယ်ချစ်စရာ၊ မှီခိုစရာဆိုတာ ပြည်သူပဲ ရှိတယ်။ တတိုင်းပြည်လုံးနဲ့ ခြုံမယ် ဆိုရင် ပြည်သူလုထုတွေရဲ့ ဘဝ ဒုက္ခရောက်နေတဲ့ အပေါ်မှာပဲ အာရုံစိုက်ပြီးတော့ ရှေးအစဉ်အဆက်ကတည်းက လူပီ သတဲ့ သူရဲကောင်းတွေ လုပ်ခဲ့တဲ့ လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့တယ်။
အဲဒီအတွက် အသက်အန္တရာယ်တွေ ရှိလာနိုင်တယ်။ အသက်အန္တရာယ်ဆိုတာ နောက်ထားဦး။ ကျနော် ပိုင်ဆိုင်ခဲ့သမျှ အများကြီးလည်း စွန့်လွှတ်ခဲ့ရတယ်။
ဒီထက်ပိုပြီး ရှေ့ မှာ အန္တရာယ်တွေ ရှိတယ်ဆိုတာကို သိတာပေါ့။ဒါပေမဲ့ ဒါလုပ်ရမယ် ဆိုပြီးတော့ ကျနော် ရှေ့ဆက်ခဲ့တယ်။
ကျနော် သေသွားရင် ကျနော့်နေရာမှာ အစားထိုးနိုင်အောင် လူငယ်တွေကိုလည်း တတ်နိုင်သမျှ သွန်သင်တယ်၊ ဆုံးမတယ်၊ ပြုစုပျိုးထောင် ပေးထားတယ်။
အဲဒီအတွက် ကျနော် သေခဲ့ရင်လည်း ကျနော့်လိုလူတွေ အများကြီး ရှိနေပြီ။ကျနော် ရှိနေလို့သာ သိသိသာသာ ပေါ်ထွက်မလာသေးပေမယ့် ကျနော့်လိုလူမျိုးတွေ အများကြီးရှိနေပြီဆိုတာ ပြောချင်တယ်။
ကျနော်လည်း စိုးရိမ်တယ်။ ပြည်သူလူထု အနေနဲ့လည်း စိုးရိမ်လိမ့်မယ်။ ဒါပေမဲ့ ကျနော်လည်း တတ်နိုင်သမျှ စိုးရိမ်စိတ်ကို လျှော့ပါမယ်။ ပြည်သူတွေလည်း မစိုးရိမ်ပါနဲ့။
မေး ။ ။ ပြီးခဲ့တဲ့ရက်ကဆို ဗိုလ်နဂါး ရှိတယ်ဆိုပြီး သတင်းထွက်တဲ့ ဦးနှောက်ရွာကို ရဟတ်ယာဉ် ၄ စီးတောင် သုံးပြီး ပစ်ခတ်စီးနင်းခဲ့တာမျိုး ရှိခဲ့တော့ အဲဒီ အဖြစ်အပျက်ပေါ်မှာရော ဘာများ ပြောချင်တာရှိလဲ။
ဖြေ ။ ။ ထိပ်တိုက် ကျနော်နဲ့ တွေ့နေတဲ့ စစ်တပ်က ကျနော်က သူတို့အတွက် ဘယ်လောက် အန္တရာယ်ရှိလဲ၊ သူတို့ နဲ့ ရင်ဆိုင်တိုက်ပွဲတွေအရရော၊ နောက် ဒေသအတွင်းမှာ လူထုတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်တွန်းနေတဲ့ အနေ အထားအရရော ဘယ်လောက် သူတို့အတွက် အန္တရာယ်ရှိလဲဆိုတာကို သူတို့ရဲ့ ဒလန်တွေကနေ သိတယ်။
အဲဒီတော့ သူတို့အတွက် အဆိုးရွားဆုံး ရန်သူလို့ သူတို့ သတ်မှတ်လို့ ဒီလိုလုပ်တာ ဖြစ်ပါလိမ့်မယ်။အဲဒါက သူတို့ ကျနော့်ကို သတ်နိုင်ရင်တောင်မှ ကျနော့်လိုလူတွေ အများကြီး ရှိနေပြီ။ အဲဒီလိုလူတွေ အများကြီး မွေးလာလိမ့်မယ် ဆိုတာ သူတို့ သိချင်မှ သိလိမ့်မယ်။
မေး ။ ။ စစ်တပ်က အခုလို အကြီးအကျယ် အငြိုးအတေးထားပြီး လုပ်ဆောင်တဲ့ အပေါ်မှာရော ဘာများ တုန့်ပြန် ပြောကြားချင်လဲ။
ဖြေ ။ ။ ကျနော် မရှိတော့ရင် တော်တော်များများ အေးသွားလိမ့်မယ်လို့ သူတို့ တွေးတယ် ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြို့နယ်တင် မကဘူး။
ကျနော်တို့ တိုင်းပြည်ထဲမှာ ဒီစိတ်ဓာတ်နဲ့ ရှေ့ဆက်ကြဖို့ ကျနော် တတ်နိုင်သမျှ သွန် သင်ထားတဲ့ လူငယ်တွေ အများကြီး ဖြစ်သွားပြီ။
သူတို့အနေနဲ့ ကျနော့် တဦးတည်းကို တိုက်ချင်တိုက်လို့ ရတယ်။ ဒါပေမဲ့ သူတို့ ကြောက်လန့်နေတဲ့ လူထုစိတ်ထဲမှာ ရိုးရိုးသားသား၊ ရဲရဲရင့်ရင့်နဲ့ တော်လှန်မယ့်လူတွေ ပေါ်ပေါက်လာမှာ ကိုတော့ သူတို့ တားနိုင်မှာ မဟုတ်တော့ဘူး။
လူထုက စစ်တပ်ဘက်က မရိုးသားတဲ့လူတွေကို ခေါင်းငုံ့ခံနေရရင်တောင်မှ မသတီဘူးဆိုတာ သိပြီးတော့ သူတို့ (စကစ) ကိုယ်တိုင်ကလည်းတိုင်းပြည်အတွက် လူဆိုးတွေ ဖြစ်ခဲ့ရင်တောင်မှ အဆုံးသတ်မှာ လူထုတွေက လေးလေး စားစားနဲ့ ပြန်ပြီး အသိအမှတ် ပြုပေးရတဲ့ ပုဂ္ဂိုလ်တွေအဖြစ်နဲ့ လူထုရှေ့မှာ လက်နက်ချပါ။
လူထု ကျေနပ်အောင် သူတို့ အပြစ်တွေကို ဝန်ခံပါ။ တောင်းပန်ရင်းနဲ့ အလင်းဝင်ကြပါလို့ သူတို့ရဲ့ ခေါင်းဆောင်ကိုရော၊ နောက်လိုက်တွေကိုရော ပြောချင်တယ်။ကျနော့်ကို သဲသဲမဲမဲ လိုက်သတ်နေလည်း သေသွားရင် ကျနော့်လိုလူတွေက အများကြီး ကျန်နေဦး မှာ။
မေး ။ ။ ဗိုလ်နဂါး ဒေသက ပြည်သူတွေအတွက်ရော ဘယ်လို စိုးရိမ်မှုတွေ ရှိလဲ။
ဖြေ ။ ။ ဒီဒေသက လူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်စိုးရိမ်တာတွေ အများကြီး ရှိတယ်။
ကျနော်က မြန်မာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းကို တည်ထောင်လိုက်ပြီဆိုတော့ ဒီဒေသထဲမှာတင် နေလို့မရတော့ဘူးဆိုတော့ ခရီးတွေ ထွက်တယ်ပေါ့။
ခရီးထွက်ထွက်ချင်းမှာပဲ ဒီလို ပြဿနာတွေ စဖြစ်တော့ ကျနော်က လွတ်သွားပေမယ့် မြို့ နယ်အတွက်ကတော့ စိုးရိမ်တာပေါ့ဗျာ။
ပြည်သူလူထုတွေ ခြေမွှခံရမှာ၊ သံသယနဲ့ အနှိပ်စက် အသတ်ဖြတ်ခံရမှာ၊ ပြည်သူ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည် နေကြတဲ့ အာဇာနည်ရဲဘော်လေးတွေ သူတို့ လက်ချက်နဲ့ ဒုက္ခရောက်မှာတွေ တွေးပြီးတော့ စိတ်မကောင်း ဖြစ်မိ တယ်။
ဒါပေမဲ့ သူတို့တွေကို စိတ်ဓာတ်ပိုင်းနဲ့ လေ့ကျင့်မှု အပိုင်းတွေကို ကျနော် တတ်နိုင်သလောက် ပြင်ဆင်ပေးခဲ့ပါ ပြီ။ဒီမြို့နယ်က ထွက်သွားတယ် ဆိုပေမယ့် ကျနော် အလွတ်ရုန်းသွားတာ မဟုတ်ပါဘူး။ဒီတိုင်းပြည်ရဲ့ လွတ်မြောက်ရေးအတွက်၊ ဒီတိုင်းပြည်အတွက် ခြေဆန့်ပြီးတော့ လုပ်စရာရှိတာတွေ လုပ်ဖို့အရာအတွက် ပြင်ဆင်နေ ခဲ့ခြင်း ဖြစ်ပါတယ်။
မေး ။ ။ စိုးရိမ်နေတဲ့သူတွေကိုရော ဘာပြောချင်လဲ။
ဖြေ ။ ။ ကျနော် တယောက်တည်းအတွက် မစိုးရိမ်ပါနဲ့။ ကျနော်တို့ တိုင်းပြည်ကြီးက ဒီလူယုတ်မာတွေရဲ့ အကြီးစိုးခံ တိုင်းပြည်ကြီးအဖြစ်နဲ့ ဆက်လက်ပြီးတော့ ကျန်ရစ်မှာကိုပဲ စိုးရိမ်ပါ။
မေး ။ ။ လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ရော ဘာများ ပြောချင်လဲ။
ဖြေ ။ ။ ဒီတော်လှန်ရေးက အတင်းအဓမ္မ ရက်စက်ကြမ်းကြုတ်မှုတွေကို တွေ့မြင်ရာကနေ ပေါက်ဖွားလာတဲ့ တော် လှန်ရေးပဲ။
နှစ်ရှည်လများ အောင့်ခံလာတဲ့ နာကျင်မှုတွေကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေး ဖြစ်နေတဲ့အတွက် အ ခက်အခဲတွေ၊ နာကျင်မှုတွေကတော့ ရှိကြမှာပေါ့။
ဒီကာလလေးမှာတော့ တောင့်ခံပေးထားကြပါ။ ကျနော်တို့ စမိတဲ့ ဒီတော်လှန်ရေးခြေလှမ်းမှာ ခက်ခဲကြမ်းတမ်းမှုတွေ ရှိနေလိမ့်မယ်။
အယုတ်မာဆုံးလူတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ အကြမ်းတမ်းဆုံးတွေ ဖြစ်လိမ့်မယ်။
ဒါပေမဲ့ ဒီတော်လှန်ရေး ရှုံးနိမ့်သွားရင် ဒီတိုင်းပြည်က ငရဲတွင်းအမျှ ခေတ်အဆက်ဆက် ခံစားကြရမယ့်အရေးကို တွေးပြီးတော့
ကိုယ့်မျိုးဆက်အပေါ်မှာ တာဝန်ကျေတဲ့ မိဘတွေအဖြစ်နဲ့ လည်းကောင်း၊ တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ ပြည်သူအဖြစ်နဲ့ လည်းကောင်း
ကိုယ့်ကိုယ်ကို သိက္ခာရှိရှိနဲ့ ဒီတော်လှန်ရေးမှာ ရှင်သန်နိုင်ဖို့ ရဲရဲရင့်ရင့်နဲ့ ရှေ့ဆက် ပါဝင်ပေးကြပါ။
ကျနော်တို့ စုစည်းညီညွတ်တာနဲ့ တပြိုင်နက်တည်း ဒီတော်လှန်ရေးဟာ ညင်ညင်သာသာလေး ပြီးသွားလိမ့်မယ်။
ကျနော်တို့ ဒီမှာ လူနည်းစုလေး အားစိုက်နေတာတောင် ရန်သူမှာ ဖရိုဖရဲ ဖြစ်နေတဲ့အတွက် ဒီအားနည်းချက်ကို ကြည့် ပြီးတော့ တတိုင်းပြည်လုံး ထကြွပါ။ ဒီတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ပါ။
ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး ဘယ်မှာလဲ
ချင်တွင်းမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဝင်စီးပြီးနေရာယူထားစဉ်က ကြုံခဲ့ရတဲ့ အဖြစ်တွေကို ဒေသခံရွာသားတွေက ဘီဘီစီကို ပြောပြကြပါတယ်။
“လူတွေကို သေနတ်တွေနဲ့ လည်ပင်းကိုထောက်၊ ပါသမျှရွှေငွေပစ္စည်းအကုန်ယူ၊ တရွာလုံးက ယောက်ျားသားတွေဆိုရင်ကြီးကြီးငယ်ငယ် အကုန်ဖမ်း၊ လက်ပြန်ကြိုးနဲ့တုပ်၊ နှိပ်စက် ရိုက်နှက်ပြီး နဂါး ဘယ်မှာတုန်းချည်းပဲ မေးတာ” လို့ ဒေသခံတယောက်က ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ လေကြောင်းကကော၊ မြေပြင် တပ်ကော သုံးပြီး ဦးနှောက်ရွာကို စီးနင်းခဲ့ကြတာပါ။
ရဟတ်ယာဉ် ၄ စင်းနဲ့ လေကြောင်းက ပစ်ခတ်ကာရွာနားကို ရောက်လာပြီး စစ်သား တွေကို ချတယ်၊ နောက်ပြီး ရွာထဲကို လက်နက်ကြီး တွေနဲ့ ပစ်ပြီးဝင်လာကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ဦးနှောက်ရွာနဲ့ သိပ်မဝေးတဲ့ စခန်းတခုကနေလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဗိုလ်နဂါးနဲ့ တခြားဒေသခံ PDF ခေါင်းဆောင်တွေ ရွာမှာအစည်းအဝေး လုပ်နေတယ် ဆိုတဲ့ ယူဆချက်နဲ့လာပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာသားတွေအပေါ် နှိပ်စက်ကြပုံ တွေကို မျက်မြင်ဒေသခံတယောက်က ပြောပြရာမှာ “လူငယ်လေးတွေဆိုရင် ဓားတွေနဲ့ လှီး၊ ကတ်ကျေးနဲ့ထိုး၊ နောက်ပြီး ရိုက်နှက်၊ အဲ့လို ရက်ရက်စက်စက် လုပ်တာ” လို့ ဆိုပါတယ်။
အဲဒီလို ဇန်နဝါရီလ ၁၀ ရက်နေ့က ဦးနှောက်ရွာဝင်စီးခံရပြီးတဲ့ နောက်တရက်မှာပဲ ဒေသ အတွင်းမှာ PDF ခေါင်းဆောင်အဖြစ် နာမည်ကျော်နေတဲ့ ဗိုလ်နဂါး ကိုယ်တိုင် ပြောထားတဲ့ ဗီဒီယို ဖိုင်တခု အွန်လိုင်းမှာပျံ့ခဲ့ပါတယ်။ အဲဒီထဲမှာ သူက သူအဲဒီရွာ တွေ ဘက်မှာမရှိဘဲ “ဘေးလွတ်ရာမှာ ရှိနေပြီ”လို့ သတင်းပါးထားပါတယ်။
ရုတ်တရက် ရဟတ်ယာဉ်သံတွေ၊ လေကြောင်းက ပစ်ခတ်တာတွေ၊ လက်နက်ကြီး သံတွေ၊ သေနတ်သံတွေနဲ့ အတူရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ရွာသူရွာသား တွေက ကြောက်လန့်တကြားနဲ့ ရွာထဲကနေထွက်ပြေးလိုကြပေမယ့် ရွာထဲမှာပဲ အများစုက ပိတ်မိ သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲကနေ မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထွက်သွားကြပြီ ဖြစ်ပေမယ့် အခုအချိန်မှာ ရွာလုံးကျွတ်တိမ်းရှောင်နေကြတဲ့ ရွာသူရွာသားတွေဟာ သူတို့ရွာ၊ သူတို့အိမ်တွေကို မပြန်ရဲကြသေးပါဘူး။ ရွာနားက သူတို့အခေါ် ကန်ဒေါင် ဘက်က စခန်းကနေ စစ်ကောင်စီ တပ်တွေ ပြန်လာမှာကို စိုးရိမ်ကြဆဲပါ။
စစ်ကိုင်းတိုင်းထဲကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အင်အားအများအပြားသုံးကာ စစ်ဆင်ရေးလုပ်နေပေမယ့် ဒေသခံတွေရဲ့ လက်နက် ကိုင် ခုခံတော်လှန်မှုတွေကို ငြိမ်သက်သွားအောင် မလုပ်နိုင်သေးပါဘူး။
စစ်ကောင်စီဘက်ကတော့ ပုလဲ PDF တပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အကြောင်း ဗိုလ်နဂါးကို လိုက်လံရှာဖွေတဲ့ အကြောင်းကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အဲဒီဒေသဘက်ကို ဦးစီး စစ်ဆင်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းမှူး အပြောင်းအလဲတောင် စစ်ကောင်စီဘက်က လုပ်ထားနေရတဲ့ အခြေအနေပါ။
ဒါပေမဲ့ လေကြောင်းကနေပါ တိုက်ခိုက်စစ်ဆင်နေတဲ့အပြင် ဒေသခံ ရွာသူ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေက ဆက်ဖြစ်နေဆဲပါ။
“ရွာနားမှာ မိုင်းကွဲရင် နင်တို့ရွာ တရွာလုံး မီးနဲ့တိုက်ပစ်မယ်”လို့ လည်း ဦးနှောက်ရွာ မှာ ခြိမ်းခြာက်သွားတဲ့အကြောင်း ဒေသခံက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်ကာလက တောင်သူလုပ်၊ တချို့ကလည်း ဖားကန့်ဘက်သွားပြီး ကျောက်ရှာ ၊ ဒီလို ရိုးရိုးတန်းတန်း ဘဝတွေနဲ့ နေတတ်ကြတဲ့ ရွာသူရွာသားတွေဟာစစ်ကောင်စီရဲ့ အခုလို ရက်စက်ဖိနှိပ်တဲ့ လုပ်ဆောင်ချက်တွေကို လောလော လတ်လတ် ကိုယ်တိုင်ကြုံနေကြရတဲ့နောက် စစ်တပ်အပေါ် “စိတ်နာတယ်”လို့ ဆိုကြပါတယ်။
ဦးနှောက်ရွာမှာ စစ်ကောင်စီတပ်တွေက ရွာသားတွေကို သတ်ဖြတ်တာတွေလည်း ရှိခဲ့ပြီး “အလောင်းတွေကို မီးရှို့ထားခဲ့တယ်” ဆိုတဲ့ သတင်းတွေကို ဒေသခံတွေက ရထားကြပေမယ့်သူတို့ကိုယ်တိုင် ရွာထဲကို မပြန်နိုင်သေးတဲ့ အခြေအနေကြောင့် အသေအချာ မသိရသေး သလို၊ ကွဲနေကြတဲ့ မိသားစုတွေ ပြန်မဆုံနိုင်ကြသေး တာကြောင့်သူတို့ မိသားစုဝင်တွေ ဘယ်လိုအခြေအနေနဲ့ ကြုံခဲ့ရလဲဆိုတာတွေကို လည်း ရေရေရာရာ မသိနိုင်ကြသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်း၊ ဦးနှောက်ရွာ စီးနင်း နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြန်တာမရှိသေးသလို၊
အရင်တုန်းက အခြားဒေသမှာ ဖြစ်ခဲ့တဲ့ အလားတူဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီးလည်း ဝန်ခံပြောကြားတာမျိုး တခါမျှ မရှိခဲ့ပါဘူး။