ဗိုလ်နဂါးနှင့် ပင်လယ်နဂါးစစ်ဆင်ရေးမှာ ဗျာများနေသော စစ်ကောင်စီ
ပြည်သူ့တော်လှန်ရေးဟာ ပြည်သူ့အင်အားနဲ့သာ တိုက်ယူရမယ်ဆိုတာ တော်လှန်ရေးအချိန်ရလာတော့ တဖြေးဖြေး သိလာကြပါပြီ ။ သို့ပေမယ့် ပြည်ပအကူအညီကရော မရဘူး ၊ မျှော်လို့မရဘူးဆိုတာကလည်း ပြော လို့တော့မရသေးပါဘူး ။
တော်လှန်ရေးစခါစကတော့ ကုလ ၊ အမေရိကန် ၊ ကွာဒ့် ၊ နေတိုးအဖွဲ့တွေကို ပြည်သူတွေမျှော်သလို စာရေးသူလည်း မျှော်လင့်ပါတယ် ။ ဒါမှလည်း အချိန်တိုအတွင်းမှာ စစ်အာဏာဝါဒကို အမြစ်နုတ်နိုင်မှာမဟုတ်လား ။
ဒီတော့ …၊ စာရေးသူလည်း မြန်မာ့ကမ်းလွန်အနီးကိုရောက်လာတဲ့ အမေရိကန်စစ်သင်္ဘောကြီးတွေကို အလေးထား စောင့်ကြည့်ပြီး ပြည်သူတွေကို အသိပေးခဲ့ပါတယ် ။ တကယ်လည်းပဲ ရောက်လာခဲ့ပါတယ် ။ ကိုကိုးကျွန်းနဲ့ အနီးတစ်ဝိုက်အထိ မဟာမိတ် လေယာဉ်တင်သင်္ဘောကြီးတွေရောက်လာပြီး စစ်ရေးလေ့ကျင့်ခဲ့တယ်ဆိုတာ အားလုံးအသိပါ ။
သို့ပေမယ့် အခြေအနေက ရုရှားနဲ့ တရုတ် စစ်ရေးပြင်လာတဲ့အတွက် ထင်သလိုဖြစ်မလာခဲ့ပါဘူး ။ အမေရိကန်စစ်သင်္ဘောကြီး နမ့်မဇ်ဟာ မြိတ်မြို့ရဲ့ အနောက်ဘက်ပင်လယ်ပြင်အထိ ချည်းကပ်လာခဲ့သလို ၊ တရုတ်စစ်တပ်တွေဟာ မူဆယ်တစ်ဘက်ကမ်းက နယ်စပ်မှာ အင်အားအလုံးအရင်းနဲ့ အသင့်ပြင်လာပါတယ် ။
အခြေအနေဟာ ကမ္ဘာစစ်အထိ ရောက်သွားနိုင်တယ်လို့ စာရေးသူက သုံးသပ်ခဲ့သလို ကမ္ဘာ့မီဒီယာတွေကလည်း ဒီလိုပဲ သုံးသပ်ခဲ့ပါတယ် ။
တစ်ခါ မြန်မာ့အရေးကို ကုလလက်အောက်ခံ ငြိမ်းချမ်းမှု့ထိန်းသိမ်းရေးတပ်တွေဝင်ဖို့ မဲခွဲတဲ့အခါမှာလည်း ရုရှားနဲ့တရုတ်က ပြည်တွင်းရေး ဝင်မရှုတ်နဲ့ဆိုပြီး ဗီတိုနဲ့ ပယ်ချခဲ့ကြတာ အားလုံးအသိပါ ။
သို့ပေမယ့် ဒီလိုအခြေအတင်ဖြစ်နေတဲ့ ကမ္ဘာ့ရေးရာကို ဂရုမစိုက်တော့ပဲ ကိုယ်ထူကိုယ်ထလမ်းကို တော်လှန်ရေးပြည်သူတွေ လျှောက်ခဲ့ကြတာ ဒီနေ့အထိပါပဲ ။
ဒီလိုဇွဲကောင်းတဲ့ တော်လှန်ရေးပြည်သူတွေကို ကမ္ဘာကြီးကလည်း စစ်ရေးမရတဲ့အခါ သံတမန်နည်းလမ်းနဲ့ ဆက်လက်ကူညီနေပါတယ် ။ သံတမန်အရေးမှာ မြန်မာပြည်သူတွေဘက်က ၉၉ % အသာရထားပြီးလို့ အနိုင်ရမယ်ဆိုတာ သိထားပြီးသားပါ ။ ဒီလို အားတက်စရာတွေ ရှိနေခဲ့လို့လည်း ပြည်တွင်းက တော်လှန်ရေးပြည်သူတွေဟာ တစ်နေ့ထက်တစ်နေ့ အင်အားကောင်းလာခဲ့ပါတယ် ။
ခေတ်လူငယ်တွေဦးဆောင်တဲ့ PDF ဆိုတာ တော်လှန်လိုစိတ်ရှိတဲ့ မြန်မာပြည်သူတွေပါပဲ ။ PDF အင်အား ဘယ်လောက်ရှိသလဲ ဆိုရင် တော်လှန်လိုစိတ်ရှိတဲ့ ပြည်သူအရေအတွက်ဟာ PDF အင်အားပါပဲ ။
ခန့်မှန်းရရင် ၅၅ သန်းသော ပြည်သူတွေထဲက သန်း ၄၀ ကျော်ဟာ PDF တွေပါ ။ သေနတ်ကိုင်မှ PDF မဟုတ်ပါဘူး ။ စီဒီအမ် ၊ သတင်းပေး ၊ အားပေးကူညီ ၊ ကလောင်ကိုင် ၊ နားကျပ်ကိုင် ၊ အလှုငွေပေး ၊ ထမင်းချက် ၊ အစားအသောက်လှုတာကလည်း တော်လှန်လိုစိတ်ရှိတဲ့ PDF တွေပါပဲ ။
ခုတလောမှာ ပြည်တွင်းက ထင်ရှားလာတဲ့ PDF ခေါင်းဆောင်ကတော့ ဗိုလ်နဂါး ဆိုတာ အားလုံးသိပါလိမ့်မယ် ။ စာရေးသူကတော့ စိတ်ထဲကနေ ကြိတ်ပြီး အားကျနေမိပေမယ့် ဗိုလ်နဂါးရဲ့ လုံခြုံရေးနဲ့ သူ့နယ်မြေ လုံခြုံရေးအတွက် ဗိုလ်နဂါးအကြောင်းကို မရေးဖြစ်ပါဘူး ။
နဂါးတဘောင်ကလည်း ရှိနေလေတော့ ဗိုလ်နဂါးကို တော်လှန်ရေးပြည်သူတွေရော ၊ အာဏာသိမ်းအဖွဲ့ကရော အာရုံစိုက်လာကြပါတယ် ။
ပြီးခဲ့တဲ့ တစ်ပတ်ကတော့ မြန်မာနဂါးအပြင် ကမ္ဘာ့နဂါးကြီးတစ်ကောင်လည်း စစ်ရေးလေ့ကျင့်ပြန်ပါတယ် ။ တိုက်ဆိုင်မှု့တွေကို စာရေးသူ အံ့သြမိတာပါ ။
အမေရိကန်ဦးဆောင်တဲ့ ကနေဒါ ၊ သြစတေးလျ ၊ အိန္ဒိယ ၊ ဂျပန် ၊ တောင်ကိုရီးယား နိုင်ငံစုံတပ်ဖွဲ့တွေဟာ. ” ပင်လယ်နဂါး ” စစ်ရေးလေ့ကျင့်မှု့ကို ပြုလုပ်ခဲ့ပါတယ် ။ တရုတ်နဲ့ ရုရှားရဲ့ ရေတပ်ကို ရင်ဆိုင်နိုင်ဖို့အတွက် လေ့ကျင့် ပြင်ဆင်ကြတာပါ ။ ရေငုပ်သင်္ဘော ရှာဖွေရေး လေ့ကျင့်ခန်းတွေလည်း ပါဝင်ပါတယ် ။
ပင်လယ်နဂါး စစ်ဆင်ရေးဟာ ဒီအတိုင်းမနေပဲ အိန္ဒိယသမုဒ္ဓရာကို ဆက်လက်ချီတက်ခဲ့ပြန်ပါတယ် ။ မလက္ကာရေလက်ကြားမှာ စင်္ကာပူ ၊ မလေးရှားတို့ရဲ့ လေယာဉ်တင် ၊ စစ်သင်္ဘောကြီးတွေနဲ့ စစ်ရေးလေ့ကျင့်ပါတယ် ။ ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ မြန်မာ့ကမ်းလွန်နဲ့နီးတဲ့ ကိုကိုးကျွန်းအနီးကို ရောက်လာခဲ့ပါတယ် ။
ဒီနေရာမှာ စာရေးသူပြောလိုတာက ဒီစစ်ရေးလေ့ကျင့်မှု့ဟာ ဘာအတွက်လည်းဆိုတာ အတိအကျမပြောလိုပေမယ့် ၊ အာဏာသိမ်းခံခဲ့ရတဲ့ ဖေဖော်ဝါရီ ၊ ၂၀၂၁ ကစပြီး စစ်ရေးလေ့ကျင့်မှု့ အများစုဟာ မြန်မာ့ကမ်းလွန်အနီးမှာ ဖြစ်နေတာကို အသိပေးချင်တာပါ ။
ဆိုရရင် …….၊ ဗရုတ်ဗယက်ဖြစ်နေတဲ့ မြန်မာနိုင်ငံအနီးအနားကို မဟာမိတ်ရေတပ်တွေ မကြာခဏရောက်လာပြီး စစ်ရေးလေ့ကျင့်နေတာဟာ အလကားနေရင်း ငွေဖြူန်းနေတယ်လို့တော့ မထင်မိပါဘူး ။ ကိုကိုးကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်ခဲ့တဲ့ အဓိက လေယာဉ်တင်သင်္ဘောကြီး ESSEX ARG ကတော့ အရှေ့အလယ်ပိုင်းကို ဆက်လက်ထွက်ခွာသွားပြီး တိုက်သင်္ဘောတွေနဲ့ ဒုံးခွင်းဒုံးတင်ဆောင်ထားတဲ့ စစ်သင်္ဘောတွေကတော့ အိန္ဒိယသမုဒ္ဓရာအတွင်းမှာ ဆက်လက်ရှိနေဆဲပါ ။
အားလုံးသိထားတဲ့အတိုင်းပါပဲ ။ ၁၉ ၉ ၄ ခုနှစ်မှာကတည်းက ကိုကိုးကျွန်းကို တရုတ်က ှုားရမ်းထားတာပါ ။ကမ္ဘာ့ စစ်ရေးမဟာဗျူဟာကျတဲ့ ကိုကိုးကျွန်းမှာ တရုတ်ရေဒါစခန်းရှိပါတယ် ။ ဥရောပက ဝင်လာမယ့် စစ်သင်္ဘောတွေကို ပီကင်းကနေ ရေဒါနဲ့ ကြည့်နေယုံပါပဲ ။ လွန်ခဲ့တဲ့တစ်ပတ်က ကိုကိုးကျွန်းအနီးမှာ ပင်လယ်နဂါး စစ်ဆင်ရေးရောက်လာလို့ တရုတ်သင်္ဘောတွေ ပျာယာခတ်ခဲ့ပါတယ် ။
မြန်မာ့အရေးဟာ ကမ္ဘာ့အရေးနဲ့ ဆက်နွယ်နေသလို ကမ္ဘာ့စစ်ရေးဗျူဟာကျတဲ့ ကိုကိုးကျွန်းဟာ မြန်မာ့ပိုင်နက်ထဲမှာ ရှိနေတာကလည်း မြန်မာ့အရေးအတွက် အဓိကကျတဲ့ ပွင့် တစ်ခု ဖြစ်နေပါတယ် ။ ဖေဖော်ဝါရီ အာဏာသိမ်းစဉ်ကတည်းက မဟာမိတ်လေယာဉ်တင်သင်္ဘောကြီးတွေ မကြာခဏ လက်နက်ဆန်းတွေနဲ့ စစ်ရေးလေ့ကျင့်တဲ့အခါတိုင်း အာဏာသိမ်းစစ်တပ်ဟာ ထရမလို ထိုင်ရမလိုနဲ့ အနေခက်နေတာကိုတော့ မိတ်ဆွေတို့ တွေ့မြင်နိုင်မှာပါ ။
အာဏာသိမ်းစကတည်းက မြန်မာ့ကမ်းလွန်အနီးကိုရောက်လာတဲ့ စစ်သင်္ဘောကြီးတွေသတင်းကို အသိပေးခဲ့ပေမယ့် ထင်သလိုဖြစ်မလာလို့ ဝေဖန်မှု့တွေလည်း ခံခဲ့ရပါတယ် ။ ဒါ့ကြောင့်လည်း အမေရိကန်ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု့တွေကို သိပ်ပြီး အသိမပေးဖြစ်ခဲ့ပါဘူး ။
သို့ပေမယ့် ၊ ဒီတစ်ခါ စစ်ရေးလေ့ကျင့်မှု့ကတော့ တဘောင်ထဲက အတိုင်း တိုက်ဆိုင်နေတဲ့ ” ပင်လယ်နဂါး ” စစ်ဆင်ရေးကို အသိပေးလိုတဲ့အတွက် တင်ပြလိုက်ရတာပါ ။ အားကိုးရမယ်လို့ အတိအကျ မပြောလိုပါဘူး ။ သတင်းကတော့ သတင်းပါဘဲ ။
ဘကြီးအောင် LA