မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာ
မီးရထားလမ်းဖောက်လုပ်ဖို့အတွက် မာန်လည်ဆရာတော်ဘုရားကြီးကိုလျှောက်ထားခဲ့ဖူးပါတယ် ။
ဖောက်လုပ်မယ့် မီးရထားလမ်းဟာကျောင်းဝင်းနဲ့ မလွတ်တဲ့အတွက် ဆရာတော်ကြီးရဲ့ ကျောင်းတော်ကိုရွှေ့ပေးဖို့ ကိစ္စပါ။
ဆရာတော်ကြီးက ရွှေ့မပေးနိုင်ကြောင်းမိန့်တော်မူတဲ့အခါမှာ အရေးပိုင်မင်းက
ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ရွှေ့ပေးရမယ်လို့ဆိုပါတယ် ။
အဲဒီတော့ ဆရာတော်ဘုရားကြီးက –
“ဒကာတော်ရဲ့ မိခင်ကဒကာတော်ရဲ့ ဖခင်ကိုမချစ်မနှစ်သက်တော့လို့တရုတ်ကို ယူလိုက်တယ် ဆိုပါစို့”
“ဒကာတော့် မိခင်ဟာ တရုတ်ဖြစ်သွားပါသလား ?”
“မဖြစ်ပါဘူး ဆရာတော်အမေကတော့ အမေပါပဲ”
“ဒါဆိုရင် တရုတ်ကလည်းဝက်သားစားလွန်းလို့ ဆိုပြီး ကုလားကိုပြောင်းယူလိုက်တော့
ရောဒကာတော့်မိခင်ဟာကုလားဖြစ်သွားရောလား ?”
“မဖြစ်ပါဘူး ဆရာတော်အမေကတော့ အမေပါပဲ”
“အေး အဲဒီလိုပဲ ဒကာတော်ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက်သာသနာ့ နယ်မြေဟာသာသနာ့ နယ်မြေသာ ဖြစ်တယ်”
ကျောင်းကပြန်အဆင်းမှာစိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းကဆရာတော်ကြီးကို လျှောက်တယ် ။
“အရှင်ဘုရား ဒီအုတ်လှေကားထစ်တွေကိုလည်းအုတ်နဲ့ လုပ်တာပါပဲ,ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း အုတ်နဲ့ လုပ်တာပါပဲ,
ဘုရားဆင်းတုတော်တွေကိုလည်း အုတ်နဲ့ လုပ်တာပဲဖြစ်လို့အုတ်နဲ့ လုပ်ထားတဲ့လှေကားထစ်တွေ
အိမ်သာတွေကိုရှိခိုးကန်တော့ရင်ရောအတူတူပဲ မဟုတ်ဘူးလား ဘုရား”
“အေး ဒကာတော်ဒကာတော့်မှာ အမေရှိလား”
“ရှိပါတယ် ဆရာတော်”
“အစ်မ နှမတွေရော ရှိလား”
“ရှိပါတယ် ဆရာတော်”
“ဇနီးမယားရော ရှိလား”
” ရှိပါတယ် ဆရာတော် ”
“အေး ဒါဆိုရင် အားလုံးဟာ မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် ဇနီးမယားအပေါ်
ဆက်ဆံပြုကျင့်သကဲ့သို့ အမေ အစ်မနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား”
“အဲဒီလိုတော့ မရပါဘူး ဆရာတော်”
“အမေကို အမေလို အစ်မကို အစ်မလို နှမကို နှမလို သူ့နေရာနဲ့ သူ ဆက်ဆံရပါတယ်”
“အေး အဲဒီလိုပါပဲ ဒကာတော် အုတ်ချင်းတူပေမယ့်ဘုရားအုတ် သိမ်အုတ်နဲ့ အိမ်သာအုတ်
လှေကားအုတ်တို့ဟာလည်း သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ်ဒကာတော်”