မြဝတီမြို့၊ ဖလူးလေးရွာရှိ DKBA ဗိုလ်စလုံး တပ်စခန်း လက်လွှတ်လိုက်ရ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာရှိ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်စခန်း (ဗိုလ်စလုံး စခန်း) ကို စစ်ကောင်စီတပ်က မြေပြင်တပ်ရော ဝေဟင်ကပါ လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်မှုကြောင့် ယနေ့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းတွင် တပ်စခန်းကို လက်လွှတ်လိုက်ရကြောင်း မြေပြင် သတင်းရင်းမြစ်များက အတည် ပြုသည်။
“DKBA တပ်စခန်း ကျသွားတာပေါ့။ သူတို့ (စစ်ကောင်စီတပ်) အဲဒီမှာ နေရာ ဝင်ယူလိုက်ပြီ” ဟု မြေပြင် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
စစ်ကောင်စီက အဆိုပါ စခန်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ထပ်မံ လာရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် DKBA တပ်ဖွဲ့ဝင်များ ဗိုလ်စလုံး စခန်းကို လက်လွှတ် တပ်ဆုတ်လိုက် ရခြင်းဖြစ်သည်ဟု မဇ္ဈိမ၏ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဗိုလ်စလုံးခန်းက ၂ နာရီ ၁၅ မိနစ် လောက်က ကျသွားတာပါ။ မနက်ပိုင်းက စပြီးတော့ ပစ်ကြ ခတ်ကြတယ်။ နောက် လေယာဉ်တွေ လာတယ်။ လေယာဉ် နှစ်စီးနဲ့ အပေါ်ကနေ ပစ်တာ။ တဖြည်းဖြည်း စခန်းနားကို ရောက်လာတယ်။ စခန်းထဲကို ပစ်ထည့် လိုက်တယ်။ ပစ်ထည့် လိုက်ပြီးတော့ မြေပြင်စစ်ကောင်စီ တပ်ဖွဲ့တွေက အတင်း ထိုးဝင်တာလာ” ဟု နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိနေကြောင်း သတင်း ရရှိထားသော်လည်း မဇ္ဈိမက အတိအကျ အတည်မပြုနိုင်သေးပေ။
အဆိုပါ DKBA ဗိုလ်စလုံး စခန်းအနီးနှင့် ဖလူးလေး ကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်ပြီး ဖလူးလေးကျေးရွာ နေအိမ်တချို့ လက်နက်ကြီး ထိမှန် ပျက်စီးမှုများလည်း ရှိခဲ့သည်။
လက်ရှိတွင် တိုက်ပွဲကြောင့် ဖလူးလေး ကျေးရွာက နေရပ် မပြန်နိုင်သေးသော စစ်ဘေးဒုက္ခသည် အများအပြား သောင်းရင်းမြစ်ကို ကူးဖြတ်ပြီး တစ်ဖက် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် နေကြရဆဲ ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုအပြင် လေကြောင်းမှလည်း ပစ်ခတ်သည်။
ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်မြို့သစ် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၁၆,၀၀၀ ဝန်းကျင် ရှိနေသည်။မဇ္ဈိမ
Video- (ဖလူးလေးတွင် စစ်ကောင်စီတပ်က ယနေ့လေကြောင်းဖြင့် လာရောက်ပစ်ခတ်သည့် မှတ်တမ်း)