ၾကားသိသမွ်

“မိုးကြိုးပစ်မှ ထန်းလက်နှင့် ကာလို့မရ”

“မိုးကြိုးပစ်မှ ထန်းလက်နှင့် ကာလို့မရ”
မသိဘဲ လုပ်မိရင် အပြစ်ပိုကြီးတယ်တဲ့။
ငယ်ငယ်က နားသိပ်မလည်ခဲ့တဲ့ ဗုဒ္ဓအဆုံးအမတစ်ခုပေါ့။ မသိလို့ လုပ်မိတာမျိုးဆို အပြစ်သိပ်မရှိဘူး ထင်ခဲ့မိတာ။ နောက်မှ မသိခြင်း ဆိုတာနဲ့ ပတ်သက်လို့ အဓိပ္ပါယ်တွေ မတူတာ သဘောပေါက်ခဲ့တယ်။
ကျွန်တော်တို့ ပြောတဲ့ ‘မသိလို့’ ဆိုတာက ‘မရည်ရွယ်ဘူး’ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။ ဥပမာ ဒီလူက သားသတ်လွတ် စားတာ မသိဘဲ အသားဟင်း ကျွေးဖို့ လုပ်မိတာမျိုး။ သိသိကြီးနဲ့ တမင်လုပ်တာ မဟုတ်ဘူး။ ဒါမျိုးဆို တစ်ကြိမ်တစ်ခါလောက် နားလည်ပေးသင့်တယ်ပေါ့။
ဗုဒ္ဓဆိုလိုတဲ့ ‘မသိလို့’ ဆိုတာကကျ “ကိုယ်လုပ်တဲ့ လုပ်ရပ်ရဲ့ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို မသိခြင်း” လို့ အဓိပ္ပါယ်ရတယ်။
မြင်သာတဲ့ ဥပမာ ပြောရရင် ကြွက်ကြွက်ဆူနေတဲ့ ရေနွေးအိုးကို ကိုင်ခိုင်းလို့ ကိုင်ရမယ်ဆို ပူမယ်မှန်း သိတဲ့သူက နည်းနည်းဖွဖွလေး ကိုင်မယ်။ ပူမယ်မှန်း မသိတဲ့သူကတော့ အားပါးတရနဲ့ ကိုင်ထည့်လိုက်မယ်။ ဒါဆို လက်က ပိုအပူလောင်မယ်။

ဒါကြောင့် ဗုဒ္ဓဘာသာမှာ ‘ဉာဏ်ပညာ’ဟာ အင်မတန် အရေးကြီးတာ။ လုပ်တဲ့လုပ်ရပ်က ကောင်းသလား၊ ဆိုးသလား၊ ကုသိုလ်လား၊ အကုသိုလ်လား မသိဘဲ လုပ်မိရင် ဒီလူက သိမှ မသိတာပဲလေ ဆိုပြီး ဝဋ်ပြန်မလည်တာမျိုး မရှိဘူး။ လုပ်သမျှ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ပြန်ခံစားကြရမှာပဲ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်လုပ်ရပ်မှန်သမျှ ကိုယ်သိဖို့ လိုတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အောက်ခြေစစ်သားတွေကိုလည်း အဲဒါလေး သိစေချင်တယ်။
စစ်တိုက်တယ်ဆိုတာ လူသတ်တာ ဖြစ်တယ်။ မိသားစုတွေကို ထာဝရ ဝေးကွာစေတာ ဖြစ်တယ်။ ဒါကြောင့် အဲ့ဒီအလုပ်ကို လုပ်နေတဲ့သူတွေဟာ ဘာကြောင့် လုပ်ရတယ် ဆိုတဲ့ အကြောင်းရင်း မည်မည်ရရ ရှိရတယ်။ နိုင်ငံကို ကာကွယ်ဖို့၊ အကြမ်းဖက်တဲ့သူတွေရဲ့ ရန်ကနေ လူအများကို ကယ်တင်ပေးဖို့ စသဖြင့် တစ်ခုခုပေါ့။
မြန်မာပြည်မှာ တိုက်နေရတဲ့ စစ်မှန်သမျှကတော့ ရှင်းပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် စစ်အာဏာရှင်များရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။
သို့သော် ပြဿနာက အဲဒီအာဏာရှင်တွေက အဲ့လို ပွင့်ပွင့်လင်းလင်း မပြောဘူး။ ငါတို့တပ်မတော်က နိုင်ငံကို ကာကွယ်နေတာ၊ ငါတို့မရှိရင် တိုင်းပြည်ပြိုကွဲသွားမယ်၊ ဘာသာပျောက်သွားမယ် စသဖြင့် ဦးနှောက်တွေကို မှိုင်းတိုက်ပြီး သူတို့အတွက် အသုံးချနေတာ။

အောက်ခြေစစ်သားတွေကို ၂ မျိုး ခွဲလို့ရတယ်။ တစ်မျိုးက ဒီစစ်အာဏာရှင်စနစ်ကြောင့် အကျိုးအမြတ် ရလို့ ဒါကို တည်တံ့နေစေချင်သူတွေ။ မေးစရာရှိတယ်။ ခြင်းကြားလေး လွယ်ပြီး တိုက်နေရတာကွာ၊ ဘာအကျိုးအမြတ် ရလို့လဲ။ ရတာပေါ့။ စိတ်တိုင်းကျ လူသတ်ခွင့်၊ အနိုင်ကျင့်ခွင့်၊ ပစ္စည်းလုခွင့် ပေးထားတယ်။ ငါတို့လည်း အပေါ်ကနေ စားမယ်။ မင်းတို့လည်း အောက်မှာ လုပ်ချင်သလိုလုပ်။ ဒီလိုပုံစံ ဖွင့်ပေးထားတယ်။ ဒါကို သာယာကျေနပ်နေသူတွေက စိတ်ပါလက်ပါနဲ့ကို အကြမ်းဖက်နေကြတယ်။
နောက်တစ်မျိုးကတော့ မှိုင်းတိုက်ထားတာတွေကို တကယ်ထင်နေတဲ့သူတွေ။ PDF တွေက မကောင်းဘူး၊ တိုင်းပြည်ကို ဖျက်နေတာ၊ ဒီတော့ ငါတို့ နှိမ်နင်းပစ်ရမယ်၊ အဲ့လို တကယ်ကြီး တွေးနေသူတွေ ရှိတယ်။ ကြည့်မြင်တိုင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့သူ​တွေကို ကားနဲ့ တိုက်သတ်ပစ်တာမျိုး​တောင် လုပ်သင့်တယ်လို့ စစ်သားတစ်​ယောက် ပြောထားတဲ့ ဗီဒီယိုဖိုင် ကြည့်လိုက်ရ​သေးတယ်။ သံဃာတွေဆိုလည်း ထိုနည်းလည်းကောင်းပဲ။ သူတို့ ဖမ်းဆီး၊ နှိပ်စက်သမျှ သံဃာတွေဟာ အတုအယောင်တွေလို့ချည်း မြင်ထားကြတာ။
သူတို့အဘတွေရဲ့ သားတွေ၊ သမီးတွေ နိုင်ငံခြားသားတွေနဲ့ ယူထားတာတွေ မသိကြရှာဘူး။ အသက် ၈၀ နား နီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထောင်ရေးကိုပဲ သူတို့ တခုတ်တရ ပြောနေကြတုန်း။
အဘတွေရဲ့ သား၊ သမီး၊ မြေးမြစ်တွေ နိုင်ငံခြားမှာ ကျောင်းတက်၊ အိမ်မှာဆို မြန်မာလိုတောင် မပြောကြတာလည်း သူတို့မသိဘူး။ အမျိုးဘာသာ၊ သာသနာကို သူတို့တပ်မတော်ကြီးက တကယ်စောင့်ရှောက်နေတယ် ထင်နေကြတုန်း။
အဲဒီတော့ လုပ်နေတဲ့ အကုသိုလ်လုပ်ရပ်မှန်သမျှကို အကောင်းလို့ ထင်နေတယ်။ ဒီတော့ စိတ်ပါလက်ပါနဲ့ အားပါးတရ လုပ်ကြရော။ လုပ်ပြီးတဲ့အခါလည်း ဝမ်းသာဂုဏ်ယူ ကျေနပ်နေကြပြန်သေးတယ်။

ခိုင်းလို့ လုပ်ရရင်တောင် အကုသိုလ်မှန်း သိတဲ့သူက နည်းနည်းလျှော့ပြီး လုပ်ဦးမယ်။ မသိတဲ့သူကျ ခုနက ပူနေတဲ့ ရေနွေးအိုးကို ပူမယ်မှန်းမသိဘဲ လက်ဖဝါး ၂ ဖက်လုံးနဲ့ ကိုင်မိတဲ့လူလိုပဲ။ အကုသိုလ်အလုပ်ကို ကောင်းတဲ့အလုပ်လို့ ထင်ပြီး စိတ်အားထက်သန်စွာနဲ့ လုပ်တော့ အဲဒီအကုသိုလ်က အကျိုးပေးတဲ့အခါမှာလည်း ပိုပြီးတော့ ပြင်းပြင်းထန်ထန် ခံရလိမ့်မယ်။
ဗုဒ္ဓဘာသာဝင်တွေပဲဟာ။ ကြားဖူးကြမှာပဲ။ ငရဲမှာ ဘယ်လိုပြန်ခံရတယ်၊ ငရဲကနေ လွတ်တဲ့အခါမှာလည်း ဘယ်လိုဘဝတွေကို ရောက်နိုင်တယ် စသဖြင့်ပေါ့။
ဒါကြောင့် အထက်က မှိုင်းတိုက်ထားသမျှကို တကယ်ထင်ပြီး လုပ်နေကြတာတွေ ရပ်တန်းက ရပ်ကြစေချင်ပြီ။ စစ်တပ်ရဲ့ သရုပ်မှန်ကို သိနိုင်ဖို့ကလည်း သိပ်ခက်တဲ့ခေတ် မဟုတ်တော့ဘူး။ သတင်းတွေကိုသာ ဖွင့်ထားတဲ့ စိတ်နဲ့ နားထောင်ကြည့်။ မြန်မာ့အသံ၊ မြဝတီက သတင်းတွေပဲ မှန်တယ် မလုပ်နဲ့။ အဲဒီတစ်ခုတည်းနဲ့တင် လုံလောက်တယ်။
တစ်တိုင်းပြည်လုံး တောရော၊ မြို့ပါမကျန်၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ၊ အသက်အရွယ်၊ ကျားမ မရွေး၊ အကုန်ဝိုင်းဆန့်ကျင်နေကြကတည်းက ကိုယ့်အခြေအနေကိုယ် အရှင်းဆုံး သဘောပေါက်နိုင်နေပြီ။ အဘတွေလို ဒီဘ၀ ကောင်းကောင်းနေ၊ ကောင်းကောင်းစားရသေးတယ်ဆိုလည်း ခံသာသေးတယ်။ ခုကျ ကိုယ်တွေက သူတို့ရဲ့ အသုံးချခံဘ၀ ဖြစ်နေရတာ။ ကိုယ့်မိသားစု ဘယ်လိုနေရ၊ စားရတယ်၊ ကိုယ့်သားသမီးတွေ ဘယ်မှာ ကျောင်းတက်ရတယ် ဆိုတာလည်း ကိုယ်အသိဆုံး ဖြစ်မှာပဲ။
နောက်တန်းမှာ ကျန်နေခဲ့တဲ့ အမျိုးသမီးတွေ၊ သားသမီးတွေလည်း ဒီစာလေးကို ဖတ်မိရင် ပြန်စဉ်းစားကြည့်ပါ။ ရှေ့တန်းရောက်နေတဲ့ ကိုယ့်လင်ယောက်ျား၊ ကိုယ့်အဖေကို ပြန်ပြောပြပါ။ ရဲသော် မသေ၊ သေသော် ငရဲမလား ဆိုတာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရတဲ့အခါ မှန်ကောင်းမှန်မှာ ဖြစ်ပေမဲ့ အာဏာရှင်တစ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ပြည်သူပေါင်းများစွာကို မျက်ရည်ပေါက်ကြီးငယ် ကျစေတဲ့ လုပ်ရပ်တွေမှာတော့ မသေခင်လည်း တစ်တိုင်းပြည်လုံးရဲ့ ရွံမုန်းမှုကို ခံရလိမ့်မယ်။ တိုက်ပွဲမှာ ကျသွားရင် ဝမ်းသာ​နေမဲ့သူ​တွေချည်းပဲ။ သေတဲ့အခါမှာလည်း ငရဲမှာ အပြင်းအထန် ခံရမယ်။ ငရဲက လွတ်တဲ့အခါကျရင်လည်း အင်မတန် ဆိုးရွားတဲ့ ဘဝမျိုးတွေပဲ ရပါလိမ့်မယ်။
ကျွန်တော်တို့ အထက်က ပြောသမျှ တကယ်ထင်ပြီး လုပ်မိခဲ့လို့ပါ ဆိုပြီး မိုးကြိုးကို ထန်းလက်နဲ့ ကာလို့ မရပါဘူး။
ဒီတော့ ပြည်သူ့ရင်ခွင်ကို ခိုလှုံပါ။ ပေါ်ပေါ်တင်တင် မခိုလှုံရဲ၊ မခိုလှုံနိုင်သေးရင်တောင် ​ရှေ့တန်းမှာ အလွယ်တကူ လက်နက်ချတာမျိုး လုပ်ပါ။ ဒါဟာ ကိုယ့်ရဲ့ လက်ရှိဘဝအတွက်ရော၊ ဆက်သွားရဦးမဲ့ သံသရာ ခရီးအတွက်ပါ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၃.၁.၂၀၂၂
credit