ၾကားသိသမွ်

ထွန်းမင်းလတ်မူးယ စ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံ ယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က ဖမ်းဆီးထားမှုမှာ ဒီအမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ မီဒီယာ တွေက စွပ်စွဲထားတဲ့ လွှတ်တော်အမတ် ယူပါကစ်က သူနဲ့ဒီအမှုလုံး၀မပတ်သက်ကြောင်း မတ် ၁၇ ရက်နေ့မှာ မီဒီယာတွေဖိတ်ကြားပြီး ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ယူပါကစ်က တာချီလိတ်မှာ ထွန်းမင်းလတ်နဲ့အတူတူဟိုတယ်ဖွင့်ဖူးလို့ ရင်းနှီးတာမှန်ပေမယ့် မူးယစ်ဆေးဝါးကရတဲ့ ငွေကြေးခဝါချမှုမှာ သူလုံးဝမပတ်သက်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“ကျွန်တော်သာ ဩဇာရှိရင် သားမက်ဖြစ်သူ ထောင်ထဲမှာ ၇ လအထိ ရှိနေမလားဗျာ။ အိမ်မှာ သူ့ကလေးတွေနဲ့ ဇနီးသည်က နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတယ်။ တာချီလိတ်မှာ ဟိုတယ်ဖွင့်ဖူးပြီး ထွန်းမင်းလတ်နဲ့ ရင်းနှီးတာမှန်ပေမယ့် ဒီလို မူးယစ်ဆေးဝါးကရတဲ့ငွေတွေနဲ့ ခဝါချမှုမှာ ကျွန်တော်လုံး၀ မပတ်သက်ခဲ့ရပါဘူး” လို့ သူက ဆိုပါတယ်။

တာချီလိတ်ဘက်က ထွန်းမင်းလတ်ဝယ်ယူတဲ့ လျှပ်စစ်မီးအတွက် ပေးချေတဲ့ငွေတွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းက ရတဲ့ငွေတွေကို ခဝါချပြီးပေးတာဖြစ်ကြောင်း၊ ဒီငွေပေးချေမှုကို ထွန်းမင်းလတ်နဲ့ ဟိုးအရင်ကတည်းက ရင်းနှီး တဲ့ ယူပါကစ်နဲ့ သားမက်ဖြစ်သူတို့ ဦးဆောင်တဲ့ Allure Group ကုမ္ပဏီက စီစဉ်ပေးခဲ့တာဖြစ်ကြောင်းကို စာရင်းဇယားစာရွက် စာတမ်းတွေနဲ့တကွ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ရန်ဆီမန်က လွှတ်တော်ဆွေးနွေးမှုမှာ တင်ပြခဲ့လို့ ထိုင်းမီဒီယာတွေကြားမှာ ယူပါကစ်ဟာ တရားခံအဖြစ် ယူဆနေကြတာဖြစ်ပါတယ်။

ယူပါကစ်က သူဟာ လွှတ်တော်အမတ်ဖြစ်လာတဲ့ ၂၀၁၉ ခုနှစ်ကတည်းက သူ့ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ဘတ် ၁ ဒဿမ ၆ ဘီလီယံကို ချပြပေးခဲ့ပြီးသားဖြစ်သလို ဒီလိုပိုင်ဆိုင်မှုတွေရှိနေတဲ့သူဟာ ဘာလို့မူးယစ်ဆေးနဲ့ စီးပွားရှာစရာလိုလည်းဆိုပြီး သတင်းထောက်တွေကို ပြောဆိုပါတယ်။

“အတိုက်အခံ ပါတီကလူတွေ နိုင်ငံရေးအမြတ်ထုတ်ပြီး သက်သေတုတွေနဲ့ နာမည်ဖျက်တာပါ။ ခုလို နောက်ကျမှရှင်းလင်းရတာ က အမှုကိစ္စပိုပြီး ရှုပ်ထွေးသွားမှာစိုးလို့ပါ” လို့ သူ အခုမှထပြီး သတင်းစာရှင်းလင်းရတဲ့အကြောင်းကို ပြောပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကိုယ်တိုင် ၂၀၁၉ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် ခေါ်သွင်းခဲ့တဲ့ ယူပါကစ် (၆၁ နှစ်) ကို မနှစ်က စက်တင်ဘာ ၁၇ ရက်နေ့က ထွန်းမင်းလတ်နဲ့ ယူပါကစ်သားမက်ဖြစ်သူတို့ကို ဘန်ကောက်မှာ ဖမ်းတော့ မနက်ပိုင်းဖမ်း၀ရမ်းမှာ ထည့်သွင်းထားပြီး နာရီပိုင်းအတွင်း ၀ရမ်းပြန်ပယ်ဖျက်လိုက်မှုအတွက် နောက်ကွယ်မှာ ထိပ်တန်းရဲအရာရှိတွေကို ဩဇာပေးခိုင်းစေတာလို့လည်း အတိုက်အခံပါတီက ရန်ဆီမန်က စွပ်စွဲခဲ့ပါတယ်။

လက်ရှိ ထိုင်းရဲချုပ်ကစ်တီပရာပက်က ဒီ၀ရမ်းရုပ်သိမ်းမှုကိုပါ စစ်ဆေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တာဝန်ပေးခဲ့ပါတယ်။

ဒီအမှုကို ဦးဆောင် ကိုင်တွယ်ခဲ့တဲ့ ရဲမှူးကိုလည်း တာဝန်ထမ်းနေရာ ပြောင်းရွှေ့လိုက်ခြင်းနောက်ကွယ်မှာ အရင် ရဲချုပ်ဟောင်း ဆူဝပ်ဂျန်ယော့ဆက်ခ်က ယူပါကစ်ဘက်ကနေ လော်ဘီလုပ်စီစဉ်ခဲ့တာဖြစ်တယ်လို့ ရန်ဆီမန်က ထပ်ပြီးစွပ်စွဲခဲ့တာကိုလည်း ယူပါကစ်နဲ့ ဂျန်ယော့ဆက်ခ်တို့ ၂ယောက်စလုံးက ငြင်းဆိုခဲ့ပါတယ်။

ရက်ချာဒါဖီဆက် ရာဇဝတ်ရုံးမှာ စွဲချက်တင်ထားတဲ့ ဒီအမှုနဲ့ပတ်သက်လို့ ထွန်းမင်းလတ်ဘက်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုထားပြီး အခုအထိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတုန်းဖြစ်ပါတယ်။

သူ့အပေါ် မဟုတ်မမှန်သက်သေတုတွေဖန်တီးပြီး တရားခံဖြစ်အောင် လုပ်တဲ့ ရှေ့သို့ပါတီ လွှတ်တော်အမတ်ရန်ဆီမန်ကို ယူပါကစ်က အသရေဖျက်မှုနဲ့ နစ်နာကြေး ဘတ် သန်း ၁၀၀ ပြန်ပေးဖို့ တရားစွဲ ထားပြီး ရှေ့သို့ပါတီနဲ့ရင်းနှီးတဲ့ ရဲမှူးကြီးမာနာဖောင်ဝေါင်ဖီဝပ်က လူမှုကွန်ရက်တွေပေါ် ပေါက်ကြားတဲ့ စာရွက် စာတမ်းတွေကို ရှေ့သို့ပါတီထံ ပေးခဲ့လို့ ဝေါင်ဖီဝပ်ကိုပါ ထည့်သွင်းတရားစွဲထားပါတယ်။

မတ် ၁၇ ရက်ရှင်းလင်းပွဲမှာ ယူပါကစ်က “ရန်ဆီမန်ကို တရားစွဲပြီး အမှုနိုင်ခဲ့ရင် ရမယ့်ငွေအားလုံးကိုလည်း လှူဒါန်းပစ်မှာပါ။

ဂုဏ်သိက္ခာပြန်ဆယ်ဖို့အတွက်ပဲ ရည်ရွယ်ပြီး တရားပြန်စွဲတာပါ။ ကျွန်တော်တို့ မိသားစု ဘယ်တုန်း ကမှ မူးယစ်ဆေးအမှုနဲ့ပတ်သက်ခဲ့တာမရှိဘူး။ ဒီလိုစွပ်စွဲခံရမယ်လို့လည်း ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ မှားယွင်တဲ့စွပ်စွဲချက်တွေလုပ်တဲ့သူတွေနဲ့သူတို့မိသားစုတွေ ပျက်စီခြင်းကျရောက်ပါစေလို့ ကျိန်စာတိုက်ပါတယ်” လို့ မျက်ရည်နဲ့မျက်ခွက် ရှင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

MKF – 001
Ref:Bangkokpost