ၾကားသိသမွ်

လယ်သမားတစ်ယောက်ဖြစ်ဖို့ မလွယ်ကူတဲ့ အစ္စရေးလယ်သမားနဲ့ မြန်မာလယ်သမား ဘာတွေ ခြားနားကြသလဲ…?

လယ်သမားတစ်ယောက်ဖြစ်ဖို့ မလွယ်ကူတဲ့ အစ္စရေးလယ်သမားနဲ့ မြန်မာလယ်သမား ဘာတွေ ခြားနားကြသလဲ…?

အစ္စရေးလ်ဆိုတာ သဲကန္တာရစိုက်ပျိုးရေးနဲ့နာမည်ရနေတဲ့နိုင်ငံတစ်ခုပါ။

အရည်အသွေးမြင့် သီးနှံထုတ်ကုန်များကို ကမ္ဘာအနှံ့တင်ပို့ပြီး နိုင်ငံ့ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါသည်။

သဲကန္တာရထဲ စိုက်ပျိုးဧရိယာကျဉ်းကျဉ်းမှာ အထွက်နှုန်းမြင့်မြင့်မားမားနဲ့ အရည်အသွေးလည်း ကောင်းကောင်းရအောင် ထုတ်လုပ်နိုင်တာမျိုးမို့ ပိုမိုအားကျဖို့ကောင်းသည်မှာ အမှန်ပင်။

၁၉၉၇-၉၈ မှာ အစ္စရေးလ်နိုင်ငံ အာရာဗာဒေသ (Arava Region) သဲကန္တာရစိုက်ပျိုးရေး တစ်နှစ်တာ ကြုံခဲ့၊ ကြားခဲ့ရသမျှနဲ့ သူတို့ရဲ့နာမည်ကျော် ငရုတ်ချိုစိုက်ပျိုးရေးအကြောင်းကို ခေါင်းစဉ်ငယ်များခွဲပြီး အခန်းဆက်တင်ပြပါမည်။

ဖတ်ရှုပြီး ကျွန်တော်တို့ မြန်မာ့စိုက်ပျိုးရေးလောကနဲ့ ဘာတွေ ကွာခြားသလဲ?

သူတို့လို တိုးတက်တဲ့လောကဖြစ်ဖို့ ကျွန်တော်တို့ ဘာတွေ ပြုပြင်၊ ပြောင်းလဲ၊ ထပ်ဖြည့်ရမလဲ? ဝိုင်းဝန်းတွေးကြည့်ကြပါစို့လို့ တိုက်တွန်းပါရစေ။

အခန်းတိုင်းမှာ ခေါင်းစဉ်နဲ့ကိုက်ညီတဲ့ဝေဖန်၊ အကြံပြုချက်နဲ့ အတွေးအမြင်များ ထပ်ထည့်ပေးကြရင်ဖြင့် ပိုကောင်းမလားလို့မျှော်လင့်မိပါသည် မိတ်ဆွေများခင်ဗျား။

ပထမ အာရာဗာဒေသအကြောင်း မိတ်ဆက်ပေးပါရစေ။

“Arava ဒေသသည် အစ္စရေးလ်နိုင်ငံတောင်ပိုင်းရှိ Negev (နီဂေ့ဗ် သဲကန္တာရ) အတွင်း၌တည်ရှိပြီး Dead Sea (ပင်လယ်သေ) ၏တောင်ဘက်စွန်းမှ Red Sea (ပင်လယ်နီ) ကမ်းခြေရှိ Gulf of Aqaba/ Eilat (အက္ကဘာ/အီလတ် ပင်လယ်ကွေ့) အကြား တည်ရှိပါသည်။”

အာရာဗာ‌ဒေသသည် နိုင်ငံဧရိယာ၏ ၆ ရာခိုင်နှုန်းမျှသာ အကျယ်အဝန်းရှိသော်လည်း နိုင်ငံခြားသို့တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်၏ ထက်ဝက်ကျော်မှာ ၎င်း‌ဒေသမှထွက်ရှိခြင်း ဖြစ်ပါသည်။

ထိုကြောင့် အာရာဗာဒေသကို “Winter Garden of Europe (ဥရောပ၏ ဆောင်းတွင်းဥယျာဉ်)” ဟု တင်စားခေါ်ဝေါ်ကြသည်။

အေးခဲလွန်းသည့် ဆောင်းရာသီကြောင့် ဥရောပ၌ သီးနှံထုတ်လုပ်မှု ရပ်တန့်နေရချိန်တွင် အာရာဗာဒေသမှထွက်ရှိသည့် သီးနှံများကို ဥရောပ‌နိုင်ငံများသို့တင်သွင်းကာ စားသုံးရခြင်းကြောင့်ဖြစ်ပါသည်။

အာရာဗာ‌ဒေသကို Central Arava Region (အာရာဗာ အလယ်ပိုင်းဒေသ) နှင့် Southern Arava Region (အာရာဗာ တောင်ပိုင်းဒေသ) ဟု ပိုင်းခြား သတ်မှတ်ထားပါသည်။

Regional Council (ဒေသဆိုင်ရာအုပ်ချုပ်ရေးကောင်စီ) များက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုသာ ဆောင်ရွက်ပြီး ဒေသ၏ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို တာဝန်ယူထားတဲ့ကုမ္ပဏီက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အရာရာကို တာဝန်ယူ ကွပ်ကဲပါသည်။

Central Arava Region (အာရာဗာ အလယ်ပိုင်းဒေသ) ကို တာဝန်ယူထားသည့် Arava Development Company ၏ အကြီးအကဲ Mr. Gilerth ကို သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် “အစိုးရ၊ ကုမ္ပဏီနှင့် လယ်သမားများအကြား ဆောင်ရွက်မှုအခန်းကဏ္ဍ” ကို မေးမြန်းကြည့်ခဲ့ဖူးပါသည်။

“နိုင်ငံ၏ရွေးကောက်ခံအစိုးရသည် သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရေးတွင် ဥပဒေ၊ နည်းဥပဒေတို့ဖြင့် စနစ်တကျဖြစ်စေရေးကို ထိန်းချုပ်ခြင်းနှင့် နိုင်ငံခြားသို့ စိုက်ပျိုးသီးနှံများတင်ပို့ရာတွင် တင်ပို့ကုန်၏ အရည်အသွေးကိုစိစစ်ခြင်းသာ အဓိကဆောင်ရွက်ပြီး ကုမ္ပဏီနှင့် လယ်သမားများအကြား နှစ်ဘက်သဘောတူညီချက်များဖြင့် လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ခြင်းကို ဆောင်ရွက်ကြပါသည်” ဟုသာ ဖြေကြားခဲ့ပါသည်။
x x x x x x x x

အာရာဗာဒေသ၏ နိုင်ငံခြားပို့ကုန်သီးနှံစိုက်ပျိုးသူ လယ်သမားတစ်ဦးဖြစ်ဖို့ လိုအပ်ချက်များကို မေးမြန်းကြည့်ခဲ့ရာ… ဦးစွာပထမ သက်ဆိုင်ရာဒေသ အုပ်ချုပ်မှုကောင်စီသို့ လယ်သမားဖြစ်ချင်ကြောင်း အဆိုပြုလွှာတင်ပြရပါသည်။

– ရွေးချယ်ခြင်းခံရသည့်အခါ လယ်သမားအဖြစ် အသက်မွေးမည့်သူများအတွက် သီးသန့်ဖွင့်လှစ်သည့်သင်တန်းကို တက်ရောက်ပြီး တတ်မြောက်မှုကိုစစ်ဆေးသည့် အရည်အချင်းစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်ရပါသည်။

စိုက်ပျိုးရေးဆိုင်ရာ အခြေခံများ၊ သီဝရီနှင့် နည်းပညာများကို သင်ကြားပေးလိုက်သည့်သဘော ဖြစ်ပါသည်။ ၎င်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ လယ်သမားလုပ်ခွင့်မရှိဟု သိရပါသည်။

– အဆိုပါသင်တန်းသို့ တက်ရောက်အောင်မြင်ပြီးပါက ကုမ္ပဏီမှချထားပေးသည့် Moshav (စိုက်ပျိုး မွေးမြူရေးကျေးရွာ) တစ်ခုခုတွင် တစ်ရာသီ (တစ်နှစ်လုံးမှ တစ်သီးပဲစိုက်သည့်အတွက် အချိန်ကာလအားဖြင့် တစ်နှစ်) အတွေ့အကြုံရင့် လယ်သမားကြီးတစ်ဦးထံတွင် လက်တွေ့လုပ်ငန်းခွင်ဆင်းရင်း ပညာသင်ယူရကြောင်း သိရှိရပါသည်။

– ၎င်းလယ်သမားကြီး၏ ထောက်ခံချက်ရရှိသည့်အခါမှသာ ကုမ္ပဏီ၏ထပ်ဆင့်ထောက်ခံချက်ဖြင့် အစိုးရဌာနမှ “လယ်သမားမှတ်ပုံတင် တစ်နည်း အသိအမှတ်ပြုလက်မှတ်” ကို ထုတ်ပေးပါသည်။

(ဥပမာ၊ ကျွန်တော့်လယ်သမားဆိုလျှင် သူ၏မှတ်ပုံတင်အမှတ်မှာ “4024” ဖြစ်ပါသည်။)

၎င်းတို့၏ လယ်သမားများကိုမွေးထုတ်ပုံကို လေ့လာကြည့်လျှင်…စိုက်ပျိုးရေးအခြေခံနှင့် ခေတ်မီနည်းပညာကို သီဝရီအရကျေညက်အောင် အရင်လေ့ကျင့်ပေးပြီးနောက် လက်တွေ့ကိုပါ ပေါင်းစပ်ပြီးမှ လယ်ယာစိုက်ပျိုးခြင်းအလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခွင့်ပြုကြောင်း တွေ့ရှိရပါ၏။

စိုက်ပျိုးရေးဆိုင်ရာ ပထမဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရထားပြီးသူများကလည်း လယ်ယာစိုက်ပျိုးရေးကို ကိုယ်တိုင်ကိုယ်ကျ လယ်သမားဘဝကိုခံယူလျက် လုပ်ကိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

မိတ်ဆွေ…ကျွန်တော်တို့သည် မိရိုးဖလာ‌တောင်သူလယ်သမားဘဝကို ခံယူဖြစ်ခဲ့ကြသူသာ အများစုဖြစ်ကြသည့်အလျောက် ကျွန်တော်တို့၏ ရွှေပြည်ကြီးနှင့်နှိုင်းယှဉ်ပါက မည်သို့အမြင်ရှိသည်ကို ကျွန်ုပ်သိချင်လှပါသည်။

မေတ္တာဖြင့် လယ်တွင်းသား ငဘ (မူရင်း ခရက်ဒစ်)