ဖားကန့်မြို့ပေါ်တွင် ဧည့်စာရင်းစစ်ရန် ထွက်လာသော စစ်ကြောင်းကို KIA က မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ပေါက်ကွဲမှု တချို့ ဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို ကြသည်။
ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဖားကန့်မြို့နေလူထုမှာ မိမိတို့နေအိမ်များတွင် စိုးရိမ်မှုများဖြင့် နေထိုင်နေရကြောင်း ပြောဆိုကြသည်။
ဖားကန့်ဒေသခံတစ်ဦးကမူ ဖားကန့်မြို့ပေါ်တွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုမှာ မှန်ကန်ပြီး စစ်သား သေဆုံးမှုများ ပြားနိုင်ကြောင်း၊ တစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့ပြီး လှည့်လည်စစ်ဆေးနေကြောင်း ပြောဆိုသည်။
“ပေါက်ကွဲသံတွေ ထွက်ပြီးတော့ သေနတ်သံတွေ တောက်လျှောက်ပဲ။ စစ်သားတွေ ၂၀ လောက်သေတယ်လို့ ပြန်ကြားရတယ်။
တစ်ပိုင်းတစ်စတွေ ဖြစ်ကုန်တယ်။ ကားပါ စုတ်ပြတ်သတ်သွားတယ်ပြောတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုသည်။