ၾကားသိသမွ်

တပ်သားများ တိုက်ပွဲအတွင်းသေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိပြီးသေသွားခြင်းမဟုတ် ဘဲ အသက်တစ်ချောင်း အလကားသက်သက် ပေးရခြင်းဟု CDM ဒုဗိုလ် ပြောကြား

တပ်သားများ တိုက်ပွဲအတွင်းသေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိပြီးသေသွားခြင်းမဟုတ် ဘဲ အသက်တစ်ချောင်း အလကားသက်သက် ပေးရခြင်းဟု CDM ဒုဗိုလ် ပြောကြား

ရဲခေါင်/People’s Spring

တပ်မတော်သားများအနေဖြင့် အာဏာရူးများ အမိန့်ပေး၍တိုက်ပွဲအတွင်း သေဆုံးမှုမှာ နိုင်ငံတော်ကို သစ္စာစောင့်သိပြီးသေသွားခြင်းမဟုတ်ဘဲ အသက်တစ်ချောင်း အလကားသက်သက်ပေးရခြင်းဟု တပ်မ(၆၆) လက်အောက်ခံ CDM ဒုဗိုလ် ရဲရင့်အောင်က ပြောကြားသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း ထိုးစစ်ဆင် နေသည့် တပ်မ(၆၆)လက်အောက်ခံ ခမရ (၆)မှ အသက် ၂၅နှစ်အရွယ် ဒုဗိုလ်အဆင့် ရဲရင်အောင် က CDM ဝင်ရောက်လာခြင်း၏ အကြောင်းအရင်းကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(စက်တင်ဘာ ၂၉ ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“CDM ဝင်ရောက်တဲ့အကြောင်းကတော့ တပ်ထဲမှာနေရ တာမပျော်တော့တာလည်းပါတယ်။

အာဏာရူးတွေနဲ့ စစ်သားတွေနဲ့သိပ်ပြီး အဆင်မပြေတော့ဘူး”ဟု CDM ဒုဗိုလ်က ရှင်းပြသည်။

ဆက်လက်၍ “၁၄ နှစ်သားကစ၍ တပ်ထဲရောက်တယ်။တပ်ထဲမှာ ကျောင်းဆက်တက်တယ်။ ၂၀၁၆ မှာ ၁၀ တန်း အောင်တယ်။၁၀ တန်းအောင်ပြီးတော့ ဗိုလ်လောင်းသင်တန်းသွားတက်ပြီးတော့ တာဝန်ထပ်ပြီး ထမ်းဆောင်တယ်။တာဝန် ထမ်းဆောင်ခဲ့တဲ့အချိန်က ၁၁ နှစ်ပေါ့”ဟု၎င်းက အသိပေးသည်။

ကရင်နီဒေသတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ သေဆုံးမှုများပြားပြီး အလောင်းကိုမူ သယ်ဆောင်ရပြီး လက်နက်ခဲယမ်းများ ပြန်ရရိုး ထုံးစံမရှိကြောင်းလည်း ဖွင့်ဟသည်။

လက်ရှိစစ်ရေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များ မီးရှို့မှုကို ၎င်းက ဝန်ခံသည်။

“ရန်သူက ဒီအိမ်ကနေလာပစ်တယ်။တစ်ခုရှိတာ ရန်သူက သက်ရှိသတ္တဝါ။အိမ်က သက်မဲ့။ ရွာတွေကို မထိခိုက်စေချင်ဘူး ။ရန်သူ လာပစ်လို့ အဲဒီလို ရှို့ရခြင်းဆိုရင် အိမ်တွေအကုန်ကုန်သွား လိမ့်မယ်။အိမ်တစ်လုံးဆောက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ပိုက်ဆံချမ်းသာသူပဲ ဖြစ်စေ ဆင်းရဲတဲ့သူပဲ ဖြစ်စေ မလွယ်ဘူး”ဟု CDM ဒု ဗိုလ်က ပြောသည်။

ထို့အပြင် အာဏာရူးများအောက်၌ အသက်တစ်ချောင်း အလကားပေးရခြင်းကို အမြင်မှန်ရရန်လိုပြီး CDM အမြန်ဆုံးပြုလုပ်ရန်လည်း စစ်ကောင်စီ တပ်သားများကို ၎င်းက တိုက်တွန်းသည်။

ကရင်နီပြည်နယ်ရှိ မြို့နယ်အများစုသို့ ယမန်နှစ် နှောင်းပိုင်းကစ၍စစ်ကြောင်းထိုးနေသော တပ်မ (၆)မှာ အထိနာနေပြီး စစ်ကြောင်းမှူးများသေဆုံး ခြင်းနှင့် တပ်မမှူးပါ အပြောင်းအလဲ ဖြစ်ခဲ့ရသည်။

ထို့အပြင် တပ်မ(၆၆)လက်အောက်ခံ တပ်သား ၁၀၀ခန့် မှာ CDM ဝင်ရောက်လာပြီး ဖြစ်ကြောင်း ကရင်နီပြည်သူ့ရင်ခွင် တာဝန်ရှိသူက အသိပေးထားသည်။

ရုပ်သံ – ကရင်နီပြည်သူ့ရင်ခွင်