ၾကားသိသမွ်

ဝါဒ ဖြန့် အလိမ်အညာများ နှင့် သာ အချိန်ကုန်နေကြရသူများ

ဝါဒ ဖြန့် အလိမ်အညာများ နှင့် သာ အချိန်ကုန်နေကြရသူများ
***************

တနေ့ တနေ့ ကျောင်းအပ်ထားသူ ဘယ်တိုင်း၊ ဘယ် ပြည်နယ်က ဘယ်လောက်ရှိပါပြီဟု နေ့စဉ်လို ပြောဆိုနေရခြင်းသည် ၎င်းတို့ အုပ်ချုပ်ရေး အောင်မြင်လာနေပြီ ဟု ပြည်သူများ အား ကြိုးစားပမ်းစား ဝါဒဖြန့်နေရခြင်းပင် ဖြစ်သည်။

သို့သော် ၎င်းတို့ မီးလောင်တိုက်သွင်းခဲ့သည့် ဒေသများရှိ ကလေးသူငယ်များ၏ ပညာရေးကိုတော့ စိုးစိမျှပင် ထည့်သွင်းစဉ်းစားကြဟန် မတူပေ။

ခေတ်အဆက်ဆက် တခါဖူးမျှ ကျောင်းသား ကျောင်းလာအပ်သည့် အထူးတလည် ရေးသားဖေါ်ပြနေသည့် သတင်းမျိုး မဖတ်ဖူး၊ မတွေ့ဖူးခဲ့ပေ၊ ဒီလို နေ့မျိုးတွင်လည်း အဖြူအစိမ်း ကျောင်းဝတ်စုံများ နှင့် ကလေးသူငယ်များ ကျောင်းတက်လာကြပုံ သတင်းဓါတ်ပုံ တခုလောက်နှင့် ပြီးခဲ့ရစမြဲ ဖြစ်သည်။

သို့သော်လည်း ၎င်းတို့ တည်ငြိမ်စွာ အုပ်ချုပ်နိုင်နေပါပြီဟု ရရာ အပေါက်မှ လှည့်ခွေနေရသည့် အဖြစ် ရောက်နေသည်၊ ပြည်သူတို့၏ ချွေးနဲစာများဖြင့် ‌ကျပ် ဘီလီယံပေါင်းများစွာ ချီ၍ ဗိုလ်ရှုခံပွဲ အစရှိသည်ဖြင့် ပွဲပေါင်းများစွာ လုပ်ခဲ့ရပြန်သည်။

မင်းအောင်လှိုင်သည် တရုတ် နှင့် ရုရှား နှစ်နိုင်ငံ အသိအမှတ် ပြု သမ္မတ အဖြစ်နှင့် ရုန်းကန်လှုပ်ရှားရပေတော့မည်။


သက်သက်ခိုင်သည်လည်း ပြည်ပတွင် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနိုင်ရန် ယခုတည်းက လေ့ကျင့်နေပြီ ဖြစ်သည်။ (ပုံတွင်ရှု့) နိုင်ငံတော် အတိုင်ပင်ခံ ၏ ထင်ပေါ် ကျော်ကြား လူကြိုက်များမှုကို တန်ပြန် နိုင်ရန် သူမအား ရုပ်သေး သမ္မတ အဖြစ် တင်မြှောက်ကောင်း တင်မြှောက်နိုင်သည်ဟု ကိုယ့်ဖဲကိုယ်ချိုးကာ စိတ်ကူးယဉ်နေလောက်ပေပြီ။

သို့သော် နေ့စဉ်လို ပြည်သူများ အပေါ် ရက်စက်
ကြမ်းကြုပ်စွာ အနိုင်ကျင့် နေသည့် သတင်းများက ကမ်းနားကို ရေတိုက်စားသည့် အလား တအိအိ နှင့် ထွက်ပေါ်လာ‌‌ နေသည်၊ ထို အနေအထားသည် ၎င်းတို့၏ ကျဆုံးခန်းကို တဖြေးဖြေး ဦးတည်နေပြီကိုလည်း ရိပ်စားမိနေ၍ တတ်နိုင်သမျှ ရရာ အပေါက်မှ တန်ပြန်နေရခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များအားလည်း ပိုနေမြဲ ကျားနေမြဲ ဆက်နေကြရန်၊ မိမိတို့အား မတိုက်ကြရန်၊ PDF များအား လက်နက် မထောက်ပံ့ရန် ခေါ်ယူ နားချနေရပြီး၊ လာရကျိုး နပ်အောင် တောင်းဆိုသမျှ ထည့်သွင်းစဉ်းစားပါမည်ဟု ပျားရည်နှင့် ဝမ်းချနေရသည့် ငြိမ်းချမ်းရေး မျိုးသာ တည်ဆောက် နိုင်တော့သည်။

သို့သော် ထိုအထဲတွင် အမျှော်အမြင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကမူ စစ်ခေါင်းဆောင်များအား တစက်ကလေးမျှ အယုံအကြည် မရှိ၍ ၎င်းတို့အား စစ်ပန်းနေစေရန် ပြည်သူ့ တော်လှန်ရေး အဖွဲ့များအား တတ်နိုင်သမျှ ပံ့ပိုးသွားကြမည်သာ ဖြစ်သည်။

ယခုလည်း AA အား ခြိမ်းခြောက်သည့် အနေဖြင့်၎င်း၊ တိုက်ပွဲများ ဖြစ်လာက တရုတ်တို့၏ စီမံကိန်းများကို အကာအကွယ် ပေးနိုင်ရန် အတွက်၎င်း စေလွှတ်လိုက်သော ရေငုပ်သင်္ဘော နှင့် တိုက်ရေယာဉ် အုပ်စုသည် ကျောက်ဖြူဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့ပြီ ဖြစ်သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ ကယား နှင့် ကရင် ပြည်နယ်များ အတွင်း စစ်တပ်ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအား အသေးစိတ် လေ့လာစုံစမ်းပြီး “Bullets rained from the sky” မိုးပေါ်က ရွာကျလာ‌သော ကျည်ဆံများ” အမည်ဖြင်ု ယမန်နေ့က အစီရင်ခံစာ တစောင့် ထုတ်ပြန်လာခဲ့သည်။

ထိုအစီရင်ခံစာထဲတွင် စစ်တပ်၏ လူနေရပ်ကွက်၊ ကျေးရွာများသို့ လေယာဉ်၊ လက်နက်ကြီးများ နှင့် ပစ်ခတ်ခဲ့ကြပုံ၊ လူနေအိမ်များကို မီးတင်ရှို့ခဲ့ပုံ၊ သတ်ဖြတ် နှိပ်စက် ညှင်းပမ်းခဲ့ပုံများ အစရှိသည့်
လူသားများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အသေးစိတ် ဖေါ်ပြထားသည်။

ထိုသို့သော အနေအထားများကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ မျှတစွာ ဖြန့်ဝေပေးနိုင်ရေး အခက်အခဲများ ဖြစ်လာလိမ့်မည်ဟု လည်း ထောက်ပြထားသည်။

ထိုအရေးကို ဖြေရှင်းရန် ကုလ အထူးသံတမန် နိုလင်း ဟေဇာသည် မကြာမီ နေပြည်တော်သို့ ရောက်လာရန် ရှိပြီး အာဏာသိမ်း အဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရှိနေသည်။

မြန်မာတို့၏ အာဏာရှင် စနစ်အား ဆန့်ကျင်တော်လှန်မှုကြီး သည် သမိုင်းတလျောက် မကြံဖူးအောင် တနိုင်ငံလုံးရှိ ပြည်သူများကို ‌စည်းလုံးနိုင်ခဲ့သည်သာမက ပြည်ပရောက် မြန်မာတိုလည်း အမျိုးထိ မချိအောင်နာ ဆိုသလို ရဲ‌ ဘော်ရဲဘက် ပီသစွာ သွေးစည်းစွာ ရပ်တည်လာခဲ့ကြသည်။

ထိုတော်လှန်ရေးသည် လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ကပ်ပါးယပ်စား ဗိုလ်ချုပ်များကိုသာ ရည်ရွယ်နေသည်မဟုတ် မိမိတို့ အပေါ် လူဖြစ် ကြီးပြင်းလာချိန်မှစ၍ ကြီးနိုင်ငယ်ညှင်း လုပ်နေသည့် ကိုယ်ကျိုးကြည့် စစ်ဝါဒကို မြန်မာမြေပေါ်မှ အပြီးအပိုင် ဖုတ်ကြည်းမီးသင်္ဂြိုလ်ပစ်ရန် ရည်ရွယ် ‌တွန်းလှန်နေခြင်းဖြစ်သည်။

နိုင်ငံတကာမှ ဖြန်ဖြေလိုသူများ အနေဖြင့် ထိုသို့ မြန်မာတို့ ၏ ပြင်းပြသော ဆန္ဒကို နားလည်အောင် မကြိုးစားပဲ၊ နားလည်ပါလျက် နှင့် လစ်လျုရှုကာ ပြီးပြီရော ‌ဖုတ်ပူမီးတိုက် ဖြေရှင်းလာမည် ဆိုက မြန်မာပြည်သူ တရပ်လုံးအား စော်ကားသည့် လုပ်ရပ်မျိုး ကိုယ့်ထမင်းကိုယ်စားပြီး ကျုးလွန်ရာ ရောက်မည်ကို သတိချပ်သင့်ပေသည်။

ပြည်သူ တော်လှန်ရေး မုချ အောင်ရမည်!!!
Hla Soewai