ပြည်တွင်းမှာ တည်ငြမ်အေးချမ်းနေပြီလို စစ်ခေါင်းဆောင် ဗြောင်လိမ်
ပြည်တွင်းမှာ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့် ဆူပူမှုနဲ့ အကြမ်းဖက်မှုတွေပေါ် ခဲ့ပေမဲ့ အခုအခါ အေးချမ်းတဲ့အနေအထားကို ရောက်လာပြီဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလာပါတယ်။
မနေ့ မေလ ၃၁ ရက်မှာပြုလုပ်တဲ့ စစ်ကောင်စီ ဝန်ကြီးတွေနဲ့တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောလာတာပါ။
စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ဝန်ကြီးတွေ ဒီနှစ်ထဲ ၄ ကြိမ်မြောက်အဖြစ်တွေ့ဆုံကြတဲ့ အဲဒီအစည်းအဝေးမှာ တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်မှု ဆိုတဲ့ခေါင်းစဥ်အောက်ကနေ စစ်ကောင်စီဥက္ကဋ္ဌက အခုလိုပြောဆိုခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်းဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ လူစည်ကားတဲ့ဘတ်စ်ကားမှတ်တိုင်ဗုံးပေါက်ကွဲမှုလို ဖြစ်ရပ် မနေ့တုန်းက ရန်ကုန်မြို့မှာဖြစ်ခဲ့တာ၊ နောက်လူမြင်ကွင်းမှာ လုယက်မှုတွေဖြစ်နေတာတွေကြောင့် မလုံခြုံမှုတွေ တိုးပြီးခံစားနေရတယ်လို့ မြို့ခံတွေက ရင်ဖွင့်ပြောဆိုကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဘားလမ်းမှတ်တိုင် ဗုံးပေါက်ကွဲမှုအား PDF များလုပ်ခဲ့တာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီဖြစ်စဉ်ဟာ တော်လှန်ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုသာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဗုံးပေါက်ကွဲမှုက တော်လှန်ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုပဲ။သူတို့ဗျူဟာက ပြည်သူကို ဓါးစာခံလုပ်ပြီး ထိခိုက်အောင်လုပ်မယ်။ ပြည်သူ့တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကြားမှာ သွေးကွဲအောင် လုပ်နေတာ အရှင်းကြီးပါ။ အပြစ်မဲ့ ပြည်သူတွေ အခုလို ထိခိုက်သေဆုံးရတဲ့အတွက် အများကြီး ဝမ်းနည်းမိပါတယ် ” လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အပြစ်မဲ့ပြည်သူတွေအပေါ် ထိခိုက်အောင်ပြုလုပ်တဲ့လုပ်ရပ်အပေါ် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေနဲ့ ထိထိရောက်ရောက်လက်တုန့်ပြန်သွားမယ်လို့ ရေးသားထုတ်ပြန်ထားပါတယ်။