ၾကားသိသမွ်

ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်း စစ်ကောင်စီရေငုပ်သင်္ဘောရောက်နေ

ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်း စစ်ကောင်စီရေငုပ်သင်္ဘောရောက်နေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်းမှာ စစ်ကောင်စီရဲ့ရေငုပ်သင်္ဘောတစ်စီး ဒီကနေ့ မေလ ၃၁ ရက် မနက် ၇ နာရီခွဲလောက်မှာ မြင်တွေ့လိုက်ရတယ်လို့ ကျောက်ဖြူဒေသခံ တွေကပြောပါတယ်။

အဲဒီမတိုင်ခင်ကလည်း မြစ်အတွင်း ခုတ်မောင်းနေတဲ့ ရေငုပ်သင်္ဘောဓါတ်ပုံ တစ်ပုံဟာ မနက်ပိုင်းကတည်းက လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲ့ဒီရေငုပ်သင်္ဘောဟာ ရခိုင်ပင်လယ်ပြင်အတွင်း ဘယ်နေ့ကတည်းကရောက်ရှိနေတယ်ဆိုတာ မသိရ ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာတော့ ပင်လယ်ပြင်အတွင်းကနေဖြတ်ဝင်လာခဲ့ပြီး သံဇစ်မြစ်အတွင်း ရေပေါ်ပေါ်ပြီးခုတ်မောင်း နေတာတွေ့ရသလို သင်္ဘောပေါ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာတာကို မြင်တွေ့လိုက်ရတယ်လို့ ကိုယ်တိုင်ဓါတ်ပုံ ရိုက်ကူးခဲ့တဲ့ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“ရေငုပ်သင်္ဘောက မနက်ပိုင်းက တွေ့လိုက်ရတယ်။ အဲ့ဒီမြစ်ထဲမှာသွားနေတာကို မြို့ကနေမြင်ရတယ်။ အပေါ်မှာလည်း လူတွေကိုမြင်ရတယ်။ ရှေ့ကနေဗီကသွားတယ်။ အဲ့ဒီသင်္ဘောကနောက်ကပေါ့။ အုန်းဂျွိန် ဘက်ကိုသွားတာတွေ့တယ်”လို့ ကိုထွန်းထွန်းနိုင်က ပြောဆိုကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

သံဇစ်မြစ်ဟာ ပင်လယ်ပြင်ကနေ ရွှေသဘာဝဓါတ်ငွေ့နဲ့ ရေနံစိမ်း ပို့လွှတ်စက်ရုံတည်ရှိတဲ့ မြဒေး (မဒေး) ကျွန်းဘက်ကို ကျောက်ဖြူကနေ သွားတဲ့ မြစ်ကြောင်းဖြစ်ပြီး မြဒေးကျွန်းရဲ့ အရှေ့ဘက်မှာတော့ အုန်းဂျွိန်လို့ခေါ်တဲ့ကျွန်းမှာ စစ်ကောင်စီက ရေငုပ်သင်္ဘော ဆိုက်ကပ်နိုင်မယ့် ဆိပ်ခံတံတားတစ်ခုတည်ဆောက်နေတာရှိပြီး အဲ့ဒီနေရာကို လာရောက်တာဖြစ်နိုင် တယ်လို့ ကျောက်ဖြူမြို့ခံ ဦးထွန်းကြည်ကပြောပါတယ်။

စစ်ကောင်စီ ရေငုပ်သင်္ဘော ရခိုင်ပြည်နယ်အတွင်း ရောက်နေတာက စစ်‌ရေးပြင်ဆင်မှုလည်း ဖြစ်လာနိုင် တယ်လို့ ယူဆပြောဆိုနေတာတွေလည်းရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ ရေငုပ်သင်္ဘောအပါအဝင် စစ်ဘက်ဆိုင်ရာလှုပ်ရှားမှု များကို ထုတ်ပြန်တာမျိုးတော့မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်အပစ်ခတ်ရပ်စဲထားတဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား စစ်ကောင်စီ ကနေ အခုလိုစစ်ရေးပြင်ဆင်မှုတွေ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ၊ အေအေအမာခံတွေကို ရှာဖွေတာတွေအပြင် ကုန်စည်စီးဆင်းမှုတွေကိုကန့်သတ်ပိတ်ဆို့ထားမှုတွေကြောင့်စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာလို့ ‌ဒေသခံတွေကပြောပါတယ်။

အပစ်ခတ်ရပ်စဲထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာတစ်ကြိမ်၊ မြေပုံ မြို့နယ်မှာ တစ်ကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြပြီး အခုမေလ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာ တိုက်ပွဲပုံစံ ပြန်လည်ဖြစ်ပွားမှုတစ်ခု ရှိခဲ့ပါတယ်။