ပြည်သူခုခံတွန်းလှန်မှု လျော့ကျအောင်လုပ်မည့် တရုတ်ရဲ့ အကြံအစည်
နိုင်ငံအတွင်း ဖြစ်ပေါ်လာနေသော အကြမ်းဖက်မှုများ နှင့် လူသားချင်း စာနာထောက်ထားကူညီရမည့် အခြေအနေများ အကြီအကျယ် ဖြစ်ပေါ်လာနေခြင်း အတွက် စိုးရိမ်မိကြောင်း ဗြိတိသျှ တို့ ရေးဆွဲလာသည့် လုံခြုံ ရေး ကောင်စီ ကြေညာချက်ကို တရုတ် နှင့် ရုရှား တို့က ကန့်ကွက်လာခဲ့သည်။
ကြေညာချက် မူကြမ်းတွင် “တိုးတက်မှုများ အနည်းအကျဉ်းသာ ရှိ” (limited) ဆိုသော စကားရပ်တွင် တရုတ် ကိုယ်စားလှယ် မှ ”နှေးကွေးနေသည်” Slow နှင့် ပြင်ဆင်ပေးရန် ငြင်းခုံရာမှ ဗီတိုအာဏာဖြင့် ပယ်ချသည်အထိ ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။
တရုတ် နှင့် ရုရှားသည် လုံခြုံရေး ကောင်စီ စင်မြင့် ကို အသုံးချ၍ တခါဖူးမျှ ဦးဆောင်ဦးရွက် ပြုခဲ့ခြင်း မရှိသော်လည်း တဖက်က လုပ်လာသမျှ ကို “ဆီလို အပေါက်ရှာ” ကာ ကန့်ကွက်နေခြင်း ဖြစ်သည်။ ထိုစကားလုံးလေး ပြင်ဆင်ပေးရန် ပင် ဗြိတိသျှ တို့က တင်းခံနေ၍ ဖြစ်ရသည်ဟု နောက်ဆုံးတွင် အပြစ်ဖို့လာခဲ့သည်။
သို့သော် နိုင်ငံတွင်း အကြမ်းဖက်မှုများကို စိုးရိမ်မကင်း ဖြစ်ရကြောင်း ဆိုသည့် စကားရပ်ပေါ် ကန့်ကွက်မှူ မရှိခြင်းကိုပင် တိုးတက်မှုတခု ဟု ကြံဖန်ပြော၍ ရနိုင်ပေသည်။
အမေရိကန်သည် ရန်ကုန်ရှိ သံရုံးယာယီ တာဝန်ခံမှတဆင့် နိုင်ငံတွင်း လူထု အား စာနာထောက်ထားရမည့် အကြပ်အတည်း ကြီး ဖြစ်ပေါ်လာနေ၍ အာဆီယံ သည် စစ်အာဏာသိမ်း အဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဆွေးနွေးပွဲများ ပြုလုပ်ရန် ပြောဆိုလာခဲ့သည်။
ဘန်ကောက်ရှိ အမေရိကန် သံရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် အစိုးရ၏ သဘောထားကို ထင်ဟပ်စေသော သဘောထားကို ချပြခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသဘောထားသည် မေလ ၁၂-၁၃ တွင် ဝါရှင်တန်၌ ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။
၂၀၂၃ အတွက် အာဆီယံ ပါတနာများအား အကူအညီပေးရန် ဒေါ်လာ သန်း ၈၀၀ လျာထား ထားပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
သို့သော်လည်း စစ်တပ်လက်အောက် ၁၅ လ ခန့် ကျရောက်နေပြီ ဖြစ်သော မြန်မာ ပြည်သူများ အား အကူအညီပေးရန်ကို မိမိတို့ လက်ခံ
သော်လည်း ထိုအရေးကို စစ်တပ်က လက်နက်သဖွယ် အသုံးချလာမည့် အန္တရာယ်ကို ကြိုတင် သိမြင်ထားသင့်ကြောင်း၊ စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများ ၁၄ သန်း ခန့် ရှိလာပြီ ဖြစ်၍ ယူကရိန်း စစ်ပွဲကြောင့် တိမ်းရှောင်ခဲ့ရသူ အရည်အတွက် ထက် သုံးဆခန့် များပြားနေသည်ဟု မြန်မာ အရေး ဖွဲ့စည်းထားသော အထူးအကြံပေးကောင်စီ ဝင် မာဇူကီ ဒါရုစ်မန်းက ဘန်ကောက်ပို့စ်တွင် ရေးသား သတိပေးလာပြန်သည်။
၎င်းတပ်များ လုံးဝ ထိန်းချုပ်၍ မရသေးသော သဘောတူထားသည့် ဒေသများအား ဝင်ရောက် အကူ အညီ ပေးရန် မင်းအောင်လှိုင်က သဘောတူထားသည်။ ထို့အပြင် အကူအညီများ ဖြန့်ဝေပေးရေးအား ၎င်းတို့ကသာ လုံးဝထိန်းချုပ်ထားမည်ဟုလည်း ကမ္ဘောဒီယား နှင့် နှစ်ကိုယ်ကြား ပြုလုပ်သော အစည်းအဝေးတွင် သဘော တူညီမှု ရလာခဲ့သည်။
တဖန် အကူအညီများ နယ်စပ်မှ ဝင်ရောက် မလာရန် ပိတ်ဆို့ပေးဖို့ တောင်းဆိုထားသည်။ ဤသို့ဖြင့် မင်းအောင်လှိုင်သည် အကူအညီပေးရေး ကို လက်နက်သဖွယ် အသုံးချကာ အဆိုပါ ဒေသများ အတွင်းသို့ ဝင်ရောက်လာရန် ကြံစည်နိုင်သည်ကိုလည်း သတိမူရမည် ဖြစ်ကြောင်း ထောက်ပြထားခဲ့သည်။
ထိုအစီအစဉ်များ အတိုင်းသာ မင်းအောင်လှိုင်ဖက်က ရပ်တည်ပြီး အာဆီယံ လုပ်မည်ဆိုလျှင် အဖွဲ့ကြီးသည် အဖတ်ဆယ်မရအောင် သိက္ခာကျ တော့မည် ဖြစ်သည်ဟု ဆိုသည်။
အာဆီယံ အနေဖြင့် အကူအညီများ ပေးရန် အမျိုးသား ညီညွတ်ရေး အစိုးရနှင့်သာ ညှိနှိုင်းတိုင်ပင် ဆောင်ရွက် သင့်သည်ဟု အကြံပြုလာခဲ့သည်။ ထိုသို့ NUG မှ တာဝန်ယူ ဖြန့်ဝေပေးနိုင်ရန် လုံခြုံစိတ်ချရသော စင်္ကြန်လမ်း တခု ဖန်တီးပေးရေး အတွက် ကုလ လုံခြုံရေး ကောင်စီမှ အခွင့်အာဏာ ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။ သို့မှသာ နိုင်ငံတွင်း အကူအညီများ အမှန်တကယ်လိုအပ်နေသူ များထံ ရောက်ရှိနိုင်မည့် တခုတည်းသော နည်းလမ်း ဆိုသည်ကို ရေးသားခဲ့သည်။
တရုတ်ဖက်ကလည်း နိုင်ငံတွင်း စီးပွားရေး တိုးတက်အောင် လုပ်ပေးနိုင်လျှင် မြန်မာတို့ ကြာကြာတောင့် မခံနိုင်ဘဲ စစ်အာဏာရှင်များ အပေါ် ခုခံမှု လျော့နည်းလာမည်ဟု ယုံကြည်လျက် ရှိနေပြီး ၎င်းတို့၏ ခါးပတ်လမ်း စီမံကိန်း တစိတ်တပိုင်း အဖြစ် အာဆီယံ နိုင်ငံများ၏ ကုန်သွယ်ရေး ကို မြှင့်တင်နိုင်ရန် တရုတ် အနောက်တောင် ပိုင်း ရှိ ချုံကင်း မှ မန္တလေး အထိ ကုန်တင်ရထားကို မေလ ၂၃ ရက်နေ့တွင် စတင် ပြေးဆွဲလာခဲ့သည်။ ကီလို မီတာ ၂,၀၀၀ ရှည်သည့် လမ်းခရီး အတွက် မန္တလေးသို့ ရောက်ရန် ၁၅ ရက် ခန့် ကြာမည်ဟု ခန့်မှန်းထားသည်။
တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုရထားဖြင့်စက်ပစ္စည်းကွန်တိန်နာပေါင်း ၆၀ ပေးပို့မည်ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားပါသေးတယ်။
မြန်မာ့နိုင်ငံရေး ရှုပ်ထွေးနေချိန်တွင် တရုတ်နိုင်ငံက ကွန်တိန်နာ အလုံး ၆၀ ပေးပို့ခြင်းသည် သာမန်ကုန်သွယ်မှုမဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံတွင် ကုန်သွယ်ရေးဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။ ထို ရထားကို တော်လှန်ရေးအင်အားစုများက ဂရုတစိုက်စောင့်ကြည့်ရန်လိုသည်ဟုလည်းအဆိုပါလုပ်ငန်းရှင်ကပြောဆိုကြောင်း လုထုနွေဦး သတင်းမှာ ဖော်ပြထားပါတယ်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
Hla Soewai