စစ်မှုထမ်းဟောင်းများ စစ်ထဲပြန်ဝင်ဖို့ မင်းအောင်လှိုင် အမိန့်ထုတ်
အာဏာသိမ်းစကစရဲ့ ညွှန်ကြားချက်အရဆိုပြီး စစ်မှုထမ်းဟောင်းဗဟိုကနေ အသက်အပိုင်းအခြားအလိုက် စစ်မှုမထမ်းမနေရ အမိန့်နဲ့ စစ်မှုပြန်ထမ်းခိုင်းနေကြောင်း မှော်ဘီစစ်မှုထမ်းအရာရှိတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဟောင်းတွေကို အုပ်စု ၃ စုခွဲထားပြီး ပထမအုပ်စုမှာ အသက် ၅၀ အောက်ဖြစ်ပြီး ဒုတိယအုပ်စုက အသက် ၅၀ ကနေ ၆၀ ကြားနဲ့ နောက်ဆုံးအုပ်စုကတော့ အသက် ၆၀ ကနေ ၆၅ နှစ်အထိဖြစ်ပါတယ်။
မြို့နယ်အလိုက် တပ်စုမှူး တပ်စိပ်မှူး စတဲ့ စစ်တပ်ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းပေးထားပြီး တာဝန်မထမ်းဆောင်နိုင်ရင် သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဌဆီကို လူကိုယ်တိုင်သွားရောက် ရှင်းလင်းတင်ပြရမှာဖြစ်သလို တာဝန်မထမ်းဆောင်နိုင်သူတွေအနေနဲ့ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကို လစဥ်ရံပုံငွေထောက်ပံ့ရမယ်ဆိုပါတယ်။
မြန်မာနိုင်ငံကို အပိုင်စီးဖို့ ကျိူးစားနေတဲ့ အနောက်နိုင်ငံတွေရဲ့ ရန်က ကာကွယ်ပေးဖို့ စစ်မှုထမ်းဟောင်းတွေမှာ တာဝန်ရှိတယ်လို့ ညွှန်ကြားချက်မှာ ဖေါ်ပြထားတယ် ပြောပါတယ်။
စစ်တပ်က ထွက်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိဟောင်းတွေကိုတော့ စစ်မှုထမ်းထောက်လှမ်းရေးသတင်းတပ်ဖွဲ့မှာ တာဝန်ပေးထားတယ်ဆိုပါတယ်။
ဒီမိုကရေစီအင်အားစုတွေကို ဖမ်းဆီးဖို့ တယ်လီဂရမ်ဟန်ငြိမ်းဦးအကောင့်မှာ သတင်းပေးလုပ်နေသူတွေဟာ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိဟောင်းတွေဖြစ်တယ်လို့လည်း အဆိုပါ စစ်မှုထမ်းဟောင်းအရာရှိက ပြောပါသည်။
“ကျန်းမာရေးမကောင်းတာကလွဲရင် ငြင်းပယ်ခွင့်မရှိဘူး။ ကိုယ့်သက်ဆိုင်ရာမြို့နယ် ၊ ရပ်ကွက်တွေမှာ စစ်မှုပြန်ထမ်း ရမယ်လို့ ပြောတယ်။ လက်နက်တွေ ကျည်တွေ ထုတ်ပေးမယ်” ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို တာဝန်ပြန်လည် ထမ်းဆောင်ရန် ပေးပို့သော လျှို့ဝှက် အကြောင်းကြားစာများတွင် လက်ရှိ အခြေအနေများက စစ်တပ်ကို အင်အားချိနဲ့ပြီး တိုင်းပြည်ပြိုကွဲအောင် လုပ်နေကြောင်း၊ အမျိုး ဘာသာ သာသနာ ကွယ်ပျောက်စေရန်
ဘာသာရေးအစွန်းရောက်များနှင့် နိုင်ငံကို အပိုင်စီးလိုသော အနောက်အုပ်စုများ အန္တရာယ်မှ ကာကွယ်ရန် လိုအပ်လျက်ရှိရာ စစ်မှုထမ်းဟောင်းများအနေဖြင့် တိုင်းပြည်ကို ကာကွယ်စောင့် ရှောက် ရမည်ဖြစ်ကြောင်း အကြောင်းကြား ရေးသားထားသည်။