ပြည်ပရောက်မြန်မာနိုင်ငံသားများကို အလုပ်အကိုင်စစ်တမ်းကောက်ပြီး ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် ထုတ်ပေးမည်ဟု NUGထုတ်ပြန်
ရန်ကုန်၊ မေ ၂၇
လူငယ့်ခေတ်
ပြည်ပရောက်မြန်မာနိုင်ငံသားများထံမှ အလုပ်အကိုင်စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးခြင်းတို့လုပ်ဆောင် မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိအလုပ်သမား ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ပြည်ပနိုင်ငံအသီးသီးတွင်တရားဝင်နေထိုင် လုပ်ကိုင်နေသည့် အလုပ်သမားများ၊ သက်တမ်းကျော်လွန်နေထိုင်လုပ်ကိုင်နေသူများ၊ အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ၊ ခိုလှုံခွင့်ဗီဇာတစ်မျိုးမျိုးဖြင့် နေထိုင်လုပ်ကိုင်နေသူများ၏ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူရန် NUGကစီစဥ်နေခြင်းဖြစ်သည်။
ထို့အပြင် ပြည်ပ အလုပ်အကိုင်အသိအမှတ်ပြုကတ် (Overseas Employment Registration Card-OERC) ထုတ်ပေးခြင်းကို လည်းအကောင်အထည်ဖော်သွားမည်ဟု NUG၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့လုပ်ဆောင်ရခြင်းမှာပြည်ပနိုင်ငံများ တွင် အမှန်တကယ်ရောက်ရှိလုပ်ကိုင်နေသူ ဦးရေ (ခန့်မှန်း)သိရှိနိုင်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်ဆိုင် ရာ အခြေခံအချက်အလက်များမှ တဆင့် ပိုမိုကောင်းမွန်သည့် ပြည်ပအလုပ်အကိုင် ဆိုင်ရာ မူဝါဒများချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိလုပ်ကိုင်နေသူများကြုံတွေ့နေရသည့်အခက်အခဲများကို လျင်မြန်ထိ ရောက်စွာ ချိတ်ဆက်ကူညီဆောင်ရွက် ပေးနိုင်ရန်ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင်နွေဦးတော်လှန်ရေးကြားကာလအတွင်း NUG ပြည်သူ့အစိုးရကို ထောက်ခံသည့် အင်အားတစ်ရပ်အနေဖြင့် ပါဝင်နိုင် ရန်နှင့် နွေဦးတော်လှန်ရေး ဘဏ္ဍာရန်ပုံငွေ ရရှိရန်၊ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့် အတွက် အသိအမှတ်ပြုသက် သေခံကတ်အဖြစ် ထုတ်ပေးထားသည့် Overseas Worker Identification Card-OWIC အစား Overseas Employment Registration Card-OERC အဖြစ်ပြောင်းလဲထုတ်ပေးရန်ဖြစ်သည်ဟုလည်းဆက်လက်ဖော်ပြထားသည်။
ထို့အပြင်သက်ဆိုင်ရာ ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identification- C of I) ထုတ်ပေးရာတွင် အထောက်အထားတစ်ရပ်အနေဖြင့် အသုံးပြုနိုင်ရန်ဖြစ်သည်ဟုလည်းဆိုသည်။
ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OERC )အတွက် လျှောက်လွှာတင်သွင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းကို online Application Form အသုံးပြုသွားမည်ဖြစ်ပြီး Application Form တွင် ဖြည့်သွင်းထားသည့် အချက်အလက်များကို စိစစ်အတည်ပြုပြီးပါက OERC (Smart Card) ပြန်လည်ထုတ်ပေးသွားမည် ဟုအသိပေးထားသည်။
Application Form ဖြည့်သွင်းရာတွင် အခက်အခဲရှိပါက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ OERC (Smart Card) ဖြန့်ဝေပေးရန်နှင့် မလိုလားအပ်သည့် လိမ်လည်မှု၊ မသမာမှုများမှ ကာကွယ် နိုင်ရန် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီများ (MMWCs)၊ ကိုယ်စားလှယ်အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပြီးတာဝန်ယူကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်း၊ ကိုယ်စားလှယ်ပုဂ္ဂိုလ် အမည်များနှင့် အသေးစိတ်အစီအစဉ်ကို နိုင်ငံအလိုက် သီးခြားစီ ထပ်မံထုတ်ပြန် ပေးမည်ဟု လည်းဖော်ပြထားသည်။
NUGကထုတ်ပေးရန်ပြင်ဆင်နေသည့် ပြည်ပအလုပ်အကိုင်သက်သေခံကတ်အား စစ်ကောင်စီအစိုးရကလည်း (OWIC) ကတ်အဖြစ်ထုတ်ပေးလျှက်ရှိကာ ပြည်ပသို့သွားရောက်လုပ်ကိုင်မည့်အလုပ်သမားများအား ယင်းကတ်ရှိမှသာထွက်ခွာခွင့်ပြုထားသည်။
ထို့ကြောင့် ပြည်ပရောက်မြန်မာ အလုပ် သမားများအနေဖြင့် ယင်းကတ်နှစ် ကတ်ပြိုင်တူကိုင်ဆောင်ထားရမည့်အခြေအနေမျိုးဖြစ်စေသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်အချို့ကသုံးသပ်သည်။
“အစီအစဥ်ကကောင်းတယ်၊ဆိုးတယ် တော့မှတ်ချက်မပေးချင်ဘူး။ ပြည်ပရောက်အလုပ်သမားတွေအားလုံးလွှမ်းခြုံလုပ် နိုင်ရင်တော့ကောင်းတယ်။ အဲဒီလောက် အထိကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ပါ့မလားဆိုတာသံသယရှိတယ်”ဟု အမည်မဖော် လိုသူ အေဂျင်စီလုပ်ငန်းရှင် တစ်ဦးကပြောသည်။
လက်ရှိတွင် ပြည်ပ၌မြန်မာလုပ်သား ၃သန်း ခန့်တရားဝင်ရောက်ရှိအလုပ်
လုပ်ကိုင်နေကာ တရားမဝင်လုပ်သားများလည်းအများအပြားရှိနေကြောင်းအလုပ်သမားရေးရာမှတ်တမ်းများမှသိရသည်။