ၾကားသိသမွ်

ဖယ်ခုံအရှေ့ဖက်ကမ်းတိုက်ပွဲတွင် NUG လက်အောက်ခံ ၁၀၀၈ တပ်ရင်းသည် ဌာနချုပ်စခန်း အပါအဝင် စခန်း ၃ ခု ဆုံးရှုံးထား

ဖယ်ခုံအရှေ့ဖက်ကမ်းတိုက်ပွဲတွင် NUG လက်အောက်ခံ ၁၀၀၈ တပ်ရင်းသည် ဌာနချုပ်စခန်း အပါအဝင် စခန်း ၃ ခု ဆုံးရှုံးထား

ဖယ်ခုံ၊ မေ ၂၇

လူငယ့်ခေတ်

ရှမ်းပြည်နယ် ဖယ်ခုံအရှေ့ဖက်ကမ်း တိုက်ပွဲ (၁၁) ရက်ကြာမြင့်လာပြီးနောက် NUG လက်အောက်ခံ တပ်ရင်း တစ်ခုဖြစ်သည့် ၁၀၀၈ တပ်ရင်းမှာ ဌာနချုပ်စခန်းအပါအဝင် စခန်း ၃ ခု ဆုံးရှုံးခဲ့ကြောင်း No.1008 Infantry-Southern Shan အဖွဲ့က ယနေ့ (မေလ၂၇ ရက်) ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ (၁၅) ရက်မှ စတင်ပြီး ညောင်ရွှေမြို့နယ် ထီးရီးမှစကာ ဖယ်ခုံအရှေ့ဖက်ကမ်းတွင် အင်အား အလုံးရင်းနှင့် စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက်စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့၊ No.1008 Infantry-Southern Shan၊ KA၊KNDF တပ်ရင်း ၂၊ ၃၊ ၁၁၊ ဖယ်ခုံ PDF တပ်ရင်း ၁၊ ၂ နှင့် အခြားပူပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်းနေခြင်းဖြစ်သည်။

“ကိုယ်ထူကိုယ်ထကြိုးစားခဲ့တာကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ အရမ်းတန်ဖိုးကြီးတယ်။ စခန်းမရှိလည်း ရဲဘော်တွေ ကဖြစ်ပါတယ်။ လက်နက်ခဲယမ်းအတွက်ဘဲ အလှူရှင်များအနေဖြင့် ကူညီပေးဖို့ထပ်မံတောင်းဆိုပါတယ်။” ဟု ယင်းအဖွဲ့က ထုတ်ပြန်ချက်မှတစ်ဆင့် အကူအညီတောင်းထားသေးသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ တရားဝင်တပ်ဖြစ်သော်လည်း အထက်မှ လက်နက်တပ်ဆင်ပေးမှုကို စောင့်မျော်နေဆဲဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်မရှိသည့် နောက်တန်းကျန်ရဲဘော်များ တောထဲတွင် နေပူမိုးရွာထဲနေထိုင်နေရချိန် နေရာထိုင်ခင်းများ အကူညီလာရောက်ပေးသည့် KNDF တပ်ရင်း ၂၊ ၃၊ ၁၁ တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားသည်။

No.1008 Infantry-Southern Shan တပ်ဖွဲ့အနေဖြင့်လည်း စခန်းနှင့်ရဲဘော်များဆုံးရှုံးမှုရှိသော်လည်း စိတ်ဓါတ် အနေထားဖြင့် တိုက်ပွဲဝင်နေဆဲဖြစ် ကြောင်း၊ စစ်ကူလာရောက်ပေးသည့် ပြည့်သူ့ကာကွယ်ရေးအဖွဲ့များကိုလည်း လေးစားမိကြောင်းလည်း ဆိုသည်။

ယင်းတိုက်ပွဲများတွင် လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက် ပါးစေ (၃၀) ထက်မနည်း ကျဆုံး ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ၁၀၀၈ တပ်ရင်းမှ ရဲဘော်တစ်ဦး၊ ဖယ်ခုံ PDF မှ ရဲဘော် ၂ ဦး၊ KNDF တပ်ရင်း ၃ မှ ရဲဘော်တစ်ဦး၊ စုစုပေါင်း ၄ ဦးကျဆုံးခဲ့သည်။

ထို့ပြင် တိုက်ပွဲများကြောင့် ဖယ်ခုံအရှေ့ဖက်ကမ်းတွင် ပြည်သူတစ်သောင်းကျော်သည်လည်း ထွက်ပြေးတိမ်း ရှောင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

No.1008 Infantry Southern Shan တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးအင်အားစုများ စုပေါင်း ဖွဲ့စည်းထားသည့် တပ်ရင်းတစ်ခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ ၃ လက်အောက်ခံ တရားဝင်တပ်ရင်းတစ်ခုလည်း ဖြစ်သည်။