ၾကားသိသမွ်

မြန်မာ့ရွှေဈေးကွက် ပျက်နေပြီ

မြန်မာ့ရွှေဈေးကွက် ပျက်နေပြီ

ရန်ကုန်မြို့လည် ယခင်က ရွှေပွဲစားတန်း (သို့မဟုတ်) မဂိုလမ်း၊ လမ်း ၃၀ အတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေအသင်းရုံး (YGEA) ရှိရာ လမ်းတလျောက်တွင် ရွှေကုန်သည်၊ ပွဲစားများ ကျက်ပျံမကျ စည်းကားနေကြ ဖြစ်သော်လည်း စစ်ကောင်စီက ဈေးကွက် ထိန်းချုပ်မှု များ ဆက်တိုက်ပြုလုပ်လာသည့်နောက် ခြောက်ကပ် တိတ်ဆိတ်လို့ နေသည်။

“လိုင်စင်ရှိမှ ဆိုတော့ အရောင်းအဝယ်ကို အရင်လို အလုအယက်ခေါ်တာ မရှိတော့ဘူးဗျ။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ဆွေးနွေးတာလည်း မရှိတော့ဘူး။ ရွှေဈေးကို စစ်ကောင်စီက ထိန်းနေတယ်။ ဆိုင်အကြီးတွေတောင် ရွှေ တဆယ်သား (၁ ပိုင်း) လောက်ကို အရောင်းအဝယ် မလုပ်ရဲဘူး။ ဈေးကွက်ပျက်သွားတဲ့ သဘောပဲ”ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ညည်းညူပြောဆိုသည်။

စစ်ကောင်စီက ဈေးကစားသူများ ကြောင့် ကုန်ဈေးနှုန်း တက်နေသည်ကို ထိန်းညှိလိုသည် ဆိုသော အကြောင်းပြချက်နှင့် ရွှေဈေးကွက်ကို ထိန်းချုပ် ဖိအားပေးနေကြောင်း ရွှေဈေးကွက် သတင်းရင်းမြစ်များက ဆိုကြသည်။


ပြီးခဲ့သည့် ဧပြီလဆန်းက ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရသော ဝင်ငွေများကို အမေရိကန် ၁ ဒေါ်လာအား မြန်မာကျပ်ငွေ ၁၈၅၃ ကျပ်ဖြင့် လဲလှယ်ရောင်းချရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ပြီးနောက် ထိုနှုန်းထားနှင့်အညီ ရွှေဈေးကွက်ကိုလည်း ဈေးဖွင့် ရောင်းချစေခဲ့သည်။
သို့သော် ရွှေဈေးမှာ YGEA ရုံးအတွင်း၌ ဈေးတခုရှိသလို ပြင်ပတွင် ဈေးတခု ပေါ်ပေါက်လာကာ ရွှေသမားအများစုမှာ နှစ်ဘက် ကြိုက်ရောင်းကြိုက်ဝယ်သာ လုပ်ကုန်တော့သည်။ ရွှေပွဲစားတန်းမှာလည်း ခြောက်ကပ်၍ ဈေးကွက်ပျက်သွားသည့် သဘော ရှိလာကြောင်း ရွှေကုန်သည်များက မှတ်ချက်ပြုသည်။

ရန်ကုန် အသင်းရုံးမှ သတ်မှတ်သည့် ဈေးမှာ ပြင်ပဈေးနှင့် ကျပ် ၃၊ ၄ သောင်း ဝန်းကျင်အထိ ဈေးကွာလာသောကြောင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ မြို့တွင်း ရွှေဆိုင်များတွင် ရွှေဈေးနှုန်းကို အများသိရှိစေရန် ဖော်ပြခြင်း မရှိသည်အထိ ဖြစ်လာသည်။

ထိုအခြေအနေများကြောင့် မေလ ၁၆ ရက်နေ့တွင် စစ်ကောင်စီက ရန်ကုန်မြို့ရှိ လက်ကြီးရွှေသမားတချို့ကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သလို မန္တလေးရှိ ရွှေလုပ်ငန်းရှင်တချို့ကိုလည်း ခေါ်ယူ သတိပေးခြင်းများရှိခဲ့ ကြောင်း ဧရာဝတီမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရသည့် အထဲတွင် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များ သတင်းထွက်ပေါ်လာသော်လည်း ယခုအချိန်ထိ ဘယ်လိုမျိုး ဖမ်းဆီး ထိန်းသိမ်းသည်၊ ဘယ်နှစ်ဦး ရှိကြောင်း၊ ပြန်လွတ်ခြင်း ရှိ မရှိ တို့ကို စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိပေ။

မေလ ၁၇ ရက်နေ့တွင် စစ်ကောင်စီက ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးကစားသူများနှင့် တရားမဝင် နယ်စပ် ဖြတ်ကျော်ပြုလုပ်မှုများကို တားဆီးရန်ဆို၍ လိုင်စင်မရှိဘဲအွန်လိုင်းမှ တဆင့် အခေါက်ရွှေ(အတုံး၊ အခဲ) ရောင်းဝယ်သူများကို ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


ယင်းမှာ မြန်မာ့ရွှေဈေးကွက်ကို စစ်ကောင်စီက အာဏာသိမ်းလိုက်ခြင်းပင် ဖြစ်ကြောင်း ရွှေကုန်သည်များက မှတ်ချက်ပြုသည်။
“ရွှေအတုံးအခဲ ရောင်းချင်ရင် အသင်းမှာ လိုင်စင်လျှောက်ပြီးတော့မှ လုပ်လို့ရမယ်။ ဈေးကို သူတို့ ထိန်းပေမယ့် မရတော့ ပြင်ပဈေးနဲ့ မခွာပဲ သတ်မှတ်လို့ရအောင်တော့ အခု သတ်မှတ်လိုက်တယ်။ အဲ့ဒီတော့ အရင် ကျပ် ၁ သောင်း လောက် အသင်းရုံးနဲ့ ကွာရင် အခု ထောင်ဂဏန်း လောက်ပဲ ကွာတော့တယ်ပေါ့။ စစ်ကောင်စီရဲ့ ၁ ဒေါ်လာ ၁၈၅၀ ကျပ် နဲ့တော့ ဘယ်လိုမှ အဆင်မပြေဘူး။ နောက်ပြီး စစ်ကောင်စီက မထင်သလို ဖမ်းပြီး ကြိုက်တဲ့ ပုဒ်မ တက်နိုင်တဲ့ ဒီအချိန်မှာ အာဏာနဲ့ ဖမ်းဆီး စစ်ဆေးတာတွေ ဖိအားပေးလိုက်တော့ ဈေးကွက်ပျက်သွားတာပေါ့” ဟု ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

လက်ရှိ ဥပဒေ ဆိုသည်ကလည်း စစ်ကောင်စီ၏ ပါးစပ်ထဲတွင်သာ ရှိနေပြီး တနေ့တာ ရောင်းရ၊ ဝယ်ရသည့် ရွှေပမာဏ စာရင်းကိုလည်း နေ့စဉ် စစ်ကောင်စီသို့ တင်ပြရမည့် အကြောင်းပြချက်များကြောင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်သည့် အခြေအနေဖြစ်နေသဖြင့် အရောင်းအဝယ် မလုပ်ရဲဘဲ ဈေးကွက်ပျက်သွားကြောင်း ရွှေကုန်သည်များက ပြောကြသည်။

ရွှေဈေးကွက်ကို စစ်ကောင်စီ၏ သတ်မှတ်နှုန်း ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနှင့် ဈေးကွက်ဖွင့်ခြင်းမှာ ဘယ်လို မှ အဆင်မပြေနိုင်သဖြင့် လက်ရှိမှာတော့ ဈေးကွက်ဖွင့်ဈေးကို စစ်ကောင်စီက ကြားချ ပေးလိုက်သည့် သဘောရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ပြီး မြန်မာ့ရွှေဈေးမှာ တဟုန်ထိုးမြင့်တက်လျက်ရှိပြီး ယခု မေလ ၂၅ ရက်တွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်းနှစ်ဆယ့်ငါးသောင်းအထိ အမြင့်ဆုံးဈေးတန်းတခုသို့ ရောက်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းက ဘဏ်ချေးငွေ ဂယက်ကြောင့် ကမ္ဘာ့ရွှေ တအောင်စ ၁၅၅၀ ဒေါ်လာတွင် မြန်မာ့ရွှေ ၁ကျပ်သား ကျပ် ၁၃ သိန်း ကျော်အထိ မြင့်တက်ခဲ့ဖူးပြီး နောက် ကျပ် ၁၂ သိန်းကျော်အထိ ဈေးပြန်ကျခဲ့သည်။

ထိုမှ တဖန် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ချိန်မှစ၍ မြန်မာ့ရွှေဈေးမှာ တဖြေးဖြေးမြင့်တက်လာရာ ယခု အာဏာသိမ်းပြီး တနှစ်ကျော် ကာလတွင် ၁ ကျပ်သား ကျပ်သိန်း ၂၀ ကျော်အထိ ဖြစ်လာသဖြင့် တနှစ်အတွင်း ကျပ် ၇ သိန်းကျော် စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေ ၁ အောင်စမှာ လက်ရှိတွင် ၁၈၅၀ ဒေါ်လာအထိ ဈေးနှုန်းများ မြင့်တက်နေသည်။
လက်ရှိ YGEA အသင်းရုံးသို့ ရွှေအထည်ပျက်များနှင့် မော်လမြိုင်ဘက်က နေ့ စဉ် ပိဿာချိန် ၂၀ နီးပါး ဝင်ရောက်နေကြောင်း ယင်းအသင်းရုံးမှ သိရသည်။

ရွှေဈေးနှုန်းများ တဟုန်ထိုး တက်နေရသည့် အကြောင်းရင်းများတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်နေမှု ပါသလို မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ဘဏ်များပေါ်တွင် ပြည်သူများ ယုံကြည်မှုကျဆင်းကာ ဘဏ်စုငွေအစား ရွှေစုလာခြင်းလည်း ပါကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းနှင့် ဒေါ်လာဈေး အတက်ကြမ်းခြင်းများကလည်း ရွှေ ဝယ်ယူစုဆောင်းမှုကို တွန်းအားများဖြစ်စေကာ ရွှေဈေးနှုန်းများ မြင့်တက်လာခြင်းကို ဖြစ်စေသည်။

တဖန် ပုံမှန်မိုးကာလ ရောက်လာလျှင် ရွှေဈေးကွက်အတွင်းသို့ ရွှေအဝင်နည်းသော်လည်း ယခုအချိန်တွင် ရွှေထွက်သည့် ဒေသတချို့တွင် တိုက်ပွဲများ ရှိနေခြင်း၊ အာဏာသိမ်းပြီးနောက် လမ်းခရီးတွင် အစစ်အဆေးများ တင်းကြပ်ခြင်းနှင့် ကိုဗစ်ကြောင့် ရွှေချွတ်သည့် လုပ်ငန်းများ ပိတ်ထားရသည့်တို့ကြောင့်လည်း ဈေးကွက်အတွင်း ရွှေအရ နည်းပါး၍ ရွှေဈေး တက်စေပြန်သည်။

ပြည်တွင်းရှိ အမည်မဖော်လိုသော စီးပွားရေး ပညာရှင်တဦးက “အခုကတော့ ဈေးကွက်ပျက်တယ်ဆိုတာထက် လူသိရှင်ကြား တရားဝင်ရောင်းဝယ်တဲ့ ဈေးကွက်ထက် မှောင်ခိုဈေးကွက်ဘက်ကို ပြောင်းသွားတာပေါ့။ တကယ်ဝယ်တဲ့ ဈေး၊ ရောင်းနိုင်တဲ့ဈေး၊ သတ်မှတ်ဈေးက မတူဘူးလေ။ အဲ့ဒီတော့ ရွှေအသင်းတို့ ဘာတို့ကတော့ သူတို့ လွတ်အောင် ရှောင်မှာပေါ့။ သူတို့ရဲ့ ဈေးကတော့ ဒါပါပေါ့။ ဟိုတလောက ရွှေကုန် ကြမ်းရှားနေပြီ ဘာညာ သတင်းထွက် လာတယ်မို့လား။ ဒါကလည်း သူတို့ဈေးက ဒီလောက်ဖွင့်ထားတယ်ပေါ့ ရွှေရှိမှ ရောင်းပေးပါမယ်ပေါ့။ ဝယ်လို့မရတော့ မရောင်းပေးနိုင်ဘူးပေါ့။ နောက်ကွယ်မှာတော့ ရောင်းချင်ရောင်းမှာပေါ့။ ဒါမျိုးတွေ ဖြစ်လာတာပေါ့”ဟု ဆိုသည်။
မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်နှင့် လဲလှယ်ရမည်ဟု ကန့်သတ်ထားသော တဒေါ်လာ လက်ရှိ ပြင်ပ ပေါက်ဈေးမှာ ၂၀၈၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။

တချိန်တည်းတွင်ပင် စစ်ကောင်စီ၏ တိုင်းနှင့် ပြည်နယ် အစိုးရများအနေဖြင့် မိမိ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဆက်စပ်ဆောင် ရွက်လျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း၊ အဖွဲ့အစည်းများ၏ ကုန်ပစ္စည်း ဝယ်ယူရောင်းချခြင်းနှင့် ဝန် ဆောင်မှုများအတွက် ငွေပေးချေခြင်းကို ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ဗဟိုဘဏ်က မေ ၂၅ ရက်က ထုတ်ပြန်သည်။

နိုင်ငံအတွင်း ကုန်ပစ္စည်းများ ဝယ်ယူ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေ ရယူ၊ ပေးချေခြင်းတို့ကြောင့် ပြည်တွင်း၌ နိုင်ငံခြားသုံးငွေ အသုံးပြုမှု ကျယ်ပြန့်လာစေခြင်း၊ နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားခြင်းတို့အပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေနိုင်၍ ယခုလို ကန့်သတ်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့သော် ယင်းသည် ယခင် နိုင်ငံကို တံခါးပိတ်စီးပွားရေး ကျင့်သုံးချိန် နိုင်ငံခြားငွေကိုင်ဆောင်သူ မည်သူမဆို ဖမ်းဆီးထောင်ချနိုင်ခြင်းမျိုး ပြန်လည်ဖြစ်ပေါ်လာတော့မည်လားဟု မေးခွန်းထုတ်စရာလည်း ဖြစ်သည်။

ပြည်တွင်း စီးပွားရေး ပညာရှင်က “စစ်ကောင်စီဖြေရှင်းနေတာ နည်းလမ်းမဟုတ်ဘူး။ ဒါပေမယ့် သူ နားလည်တဲ့နည်းက ဒါပဲရှိတာလေ။ ကြည့်ရတာကတော့ စစ်ကောင်စီလက်ထဲမှာ နိုင်ငံခြားငွေ ဒေါ်လာက ရှားနေပြီနဲ့ တူပါတယ်။ ဒါကို ဖြေရှင်းဖို့ ထိန်းချုပ်တဲ့နည်း၊ ဖမ်းတဲ့နည်း၊ အရေးယူတဲ့နည်း ခေါ်စစ်ဆေးတဲ့နည်းနဲ့ လုပ်တာ ဒါတွေက အဖြေတော့မဟုတ်ဘူး”ဟု ပြောဆိုသည်။ ဧရာဝတီ