မင်းအောင်လှိုင် ခင်းကျင်းနေတဲ့ ဗျူဟာ နဲ့ တိုကျိုမှသည် ယင်းမာပင်ဆီသို့
ဒီရက်ပိုင်း မင်းအောင်လှိုင် ခင်းကျင်းနေတဲ့ ဗျူဟာတွေကို သတိထားမိကြလားခင်ဗျ။ မင်းအောင်လှိုင်စစ်တပ်ဟာ ပြည်သူတွေနာကြည်းမုန်းတီးမှာသိလျက်နဲ့ ဘာလို့ရွာစဉ်ပတ် မီးရှို့နေလဲဆိုတာ တွေးမိကြရဲ့လား။ PDF ရှိလို့ ရွာမီးရှို့တယ် ဆိုတာထက် ပိုတာကို မြင်မိကြလားဗျ။
ကျနော်မြင်မိသလောက် တင်ပြရရင် စစ်ကောင်စီဟာ သူတို့မရှုံးဖို့အရေး လုပ်လို့ရတာတွေကို သူ့အပိုင်းနဲ့သူ လုပ်နေတယ်လို့ ယူဆမိတယ်။
စစ်ကောင်စီဟာ အစွန်အဖျားရောက်နေတဲ့ ရဲကင်းတွေကို မြို့ပေါ်ပြန်ရုတ်တယ်။ ရဲကင်းဆိုတာက အများဆုံးရှိလှမှ လေးငါးခြောက်ယောက်ပဲ။ ဆက်ထားလည်း PDF တွေဆွဲစားတာခံရရုံရှိတာဆိုတော့ မြို့ပေါ်မှာ အင်အားပြန်ပေါင်းလိုက်တယ်။ ဒါက ရဲတွေအပိုင်း။
တပ်တွင်းမှာ ပြင်ဆင်လာတာက ခနော်နီခနော်နဲ့ဖြစ်နေတဲ့ ခံစစ်ကိုပြန်ပြင်တယ်။ ဘန်ကာတွေ ထပ်ဆောက်တယ်။ ကတုတ်ကျင်းတွေ ထပ်တူးတယ်။ သဲအိတ်တွေစီတယ်။ တပ်မိသားစုတွေကို စစ်သင်တန်းပေးတယ်။ တပ်လုံခြုံရေးကို ပိုကောင်းလာအောင်လုပ်နေတယ်။ ဒါက တပ်တွင်းမှာလုပ်နေတဲ့အပိုင်း။
မြို့တွေမှာ ပြင်ဆင်လာတာက ပျူ နဲ့ ဒလံကို အရေအတွက်များများ မွေးမြူတယ်။ မသင်္ကာရင် ဧည့်စာရင်းစစ်တယ်။ သတင်းအနံ့ရတဲ့အိမ်ကို ချက်ချင်းဝင်စီးတယ်။ ဒီလိုနည်းနဲ့ UG တွေ မြို့ပြဒေသကို စွန့်ခွာလာအောင် လုပ်တယ်။ ဒါက မြို့တွေမှာ လုပ်နေတဲ့အပိုင်း။
ကျေးလက်ဒေသတွေမှာ လုပ်လာတာက ရွာစဉ်ပတ် မီးရှို့တယ်။ အစပိုင်းမှာတော့ PDF တွေကို ရှင်းလို့ရမလားဆိုပြီး ကြိုးစားကြည့်တယ်။ မရနိုင်မှန်း သိလာချိန်မှာတော့ PDF ထောက်ခံတဲ့ရွာတွေကို မီးလောင်တိုက်သွင်းတယ်။
ပြောက်ကျားစစ်ဗျူဟာမှာ “ကျေးလက်ဒေသကိုအခြေပြုပြီး မြို့ကိုဝိုင်းပါ” ဆိုတဲ့ အဆိုအမိန့်ရှိတယ်။ မင်းအောင်လှိုင်စစ်တပ်ဟာ ကျေးလက်ဒေသကို စွန့်ပစ်ဒေသဖြစ်အောင် လုပ်လိုက်တော့ PDF တွေဟာ တောတွင်းမှာပဲ အဓိကအခြေပြုလာရတော့တယ်။ မြို့ကို ဝိုင်းလို့မရနိုင်တော့တဲ့အပြင် ကျေးလက်ဒေသကနေ ထောက်ပို့ပစ္စည်းတွေ မရနိုင်တော့ဘူး။ စစ်ကောင်စီအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။
ပြန်ချုပ်ရရင် စစ်ကောင်စီဟာ ပြည်သူအမုန်းခံပြီး PDF တွေ မြို့သိမ်းတိုက်ပွဲမဆင်နွှဲနိုင်အောင် ပြင်ဆင်လာတာဖြစ်တယ်။ PDF တွေ မြို့သိမ်းတိုက်ပွဲ မဆင်နွှဲနိုင်ရင် တော်လှန်ရေးဟာ ကြန့်ကြာသွားပါလိမ့်မယ်။
တစ်ရက်တစ်ရက် ခွေးဇိုးလေးတွေ ဘယ်နှယောက်သေးသွားတယ်ဆိုတဲ့ပိုစ့်တွေကိုကြည့်ပြီး ကျနော်တို့ စိတ်အာသာဖြေနေချိန်မှာ မင်းအောင်လှိုင်စစ်တပ်ဟာ သူတို့မရှုံးရအောင်လို့ လုပ်သင့်လုပ်ထိုက်တာတွေကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်နေတယ်။
လူတချို့က “အရေးတော်ပုံအောင်နေပြီ” လို့ ပါးစပ်အရသာခံနေချိန်မှာ PDF, LDF, UG တွေဟာ တပ်ဖွဲ့ရှင်သန်ရေး၊ လက်နက်ခဲယမ်းဖြည့်တင်းရေးကို ကျားကုတ်ကျားခဲ လုပ်ကိုင်နေကြရတယ်။ မိုးရာသီလည်း ရောက်ပြီဆိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ လိုအပ်ချက်တွေ ပိုများလာတယ်။ ပြည်သူတွေလည်း ဆင်းရဲဒုက္ခများပြီး ကြပ်တည်းလာကြတာကို တော်လှန်ရေးရဲဘော်တွေလည်း နားလည်ကြပါတယ်။ တချို့တပ်ဖွဲ့တွေဆိုရင် ပြည်သူတွေရဲ့အခက်အခဲကိုစာနာလို့ ထောက်ပံ့ဖို့တောင် မပြောရက်ကြတော့ဘူးတဲ့။
ဒါပေမယ့်လည်း PDF တွေဟာ တော်လှန်ရေးအရှိန်မြှင့်နိုင်ဖို့ လူထုရဲ့ ထောက်ပံ့အားကို ဆက်လိုနေကြဆဲပါပဲ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ဖြစ်နေကြမှာစိုးလို့ အဲ့တာလေး လာသတိပေးတာပါ။
Ko Victor
တိုကျို မှသည် ယင်းမာပင် ဆီသို့
တိုကျို တွင် ပြုလုပ်လျက်ရှိသော အမေရိကန်၊ အိန္ဒိယ၊ ဂျပန် နှင့် ဩစတေးလျှ လေးနိုင်ငံ ပါဝင်သည့် QUAD ထိပ်သီး ဆွေးနွေးပွဲ မှ မြန်မာနိုင်ငံတွင် အလျင်အမြန် ဒီမိုကရေစီ ပြန်လည် ထားရှိပေးရန် တောင်းဆိုကြောင်း အစည်းအဝေး အပြီး ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ပါရှိသည်။
တိုကျို ကြေညာချက် မထွက်ပေါ်မီ နာရီပိုင်း အလိုတွင်ပင် မြန်မာ စစ်ခေါင်းဆောင်များက ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အခိုင်အမာ ခြေကုပ်ယူထားသော စစ်ကိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း တဒါဇင် နီးပါးကို ဖုန်း နှင့် အင်တာနက် လိုင်း များ ဖြတ်တောက်လိုက်ပြီ ဖြစ်၍ တနိုင်ငံလုံး စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေ ရသည်။
အဆိုပါ မြို့နယ်များ တွင် အမျိုးသား ညီညွတ်ရေး အစိုးရမှ အုပ်ချုပ်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်လည် ပတ်လျက် ရှိနေသော မြို့နယ်များလည်း ဖြစ်သည်။
ထိုသို့ ပြင်ပကမ္ဘာ နှင့် အဆက်အသွယ် ဖြတ်တောက်ပြစ်ခြင်းသည် ပုံမှန် အားဖြင့် ထိုးစစ်ကြီး တရပ် မဆင်နွှဲမီ ပြုလုပ်လေ့ရှိသော အကြမ်းဖက် စစ်တပ်၏ ဗျူဟာ များထဲမှ တခု ဖြစ်သည်။ အဆိုပါဒေသ အတွင်းရှိ ကျေးရွာ များကိုလည်း ရခိုင်ပြည်နယ် အတွင်း ရှိ ရိုဟင်ဂျာ ရွာများကဲ့သို့ပင် “နယ်မြေ ရှင်းလင်း စစ်ဆင်ရေး” ခေါင်းစဉ် တပ်၍ နေ့စဉ်လို မီးရှို့ ဖျက်ဆီး လျက် ရှိနေကြပြီလည်း ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရမှ QUAD ထိပ်သီး အစည်းအဝေးသို့ မြန်မာ ပြည်သူများ ရင်ဆိုင်နေရသော ပြဿနာများကို အလေးထား ဖြေရှင်းပေးပါရန် စာရေးသား ပေးပို့ တောင်းဆိုခဲ့သော်လည်း ထွက်ပေါ်လာသော ကြေညာချက်တွင် မူ အာဆီယံ ၏ မူငါးချက် ကို ထောက်ခံကြောင်း အစရှိသော ထုံးစံရှိသည်များထက် ပို၍ ပါရှိ မလာ ခဲ့သည်ကို တွေ့ရသည်။
အာဏာသိမ်း ခေါင်းဆောင်ပိုင်းကတော့ အာဆီယံ ၏ မူ ငါးချက် ကို လိုက်နာဖို့ နေနေသာသာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မှ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် တွေ့ဆုံခဲ့မှု အား “နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်” ကို ဖေါက်ဖျက်သည် ဆိုကာ ဒေါသ တကြီးပင် တုန့်ပြန်လာခဲ့သည် မှာလည်း အားလုံး အသိပင် ဖြစ်သည်။
ဤသည်ကပင် ၎င်းတို့ဖက်က မည်သို့မျှ လိုက်လျောမှု ရှိမည် မဟုတ်ဆိုသည်ကို အထင်အရှား ပြဆိုနေခြင်းပင် ဖြစ်သည်။
မလေးရှားကလည်း မည်သို့မျှ တိုးတက်မှု မရှိသော်ငြား ငြိမ်ကုပ်နေသော အာဆီယံကို အားမလို အားမရ ဖြစ် လာပြီး ဖေါက်ထွက်ကာ ပြဿနာကို ဖြေရှင်းနိုင်ရန် ကြံစည်လာခြင်း ဖြစ်ပေသည်။ အခြား အာဆီယံ နိုင်ငံ များလည်း အလားတူ NUG ကို ထောက်ခံလာရန် ရှေ့ဆောင်ဦးရွက် ပြုလိုက်ခြင်းဖြစ်သည်။
အမေရိကန် ဦးဆောင်သော QUAD အဖွဲ့ကြီးတွင် အကြမ်းဖက် စစ်ကောင်စီ နှင့် သံတမန်ရေးအရ နောက်ဖေး ပေါက်က ဆက်သွယ်မှ ဖြစ်မည်ဟု ယူဆနေသော ဂျပန် နှင့် အိမ်ရှေ့တံခါးမှ ဝင်ထွက်လိုသော အိန္ဒိယ တို့ ရှိနေ ပြန်၍ ဘိုင်ဒင်သည်လည်း အခက်တွေ့ နေပုံရသည်။ တရုတ်အပေါ် တန်ပြန်ရေး အစီအစဉ်များအတွက် အဆိုပါ နိုင်ငံများမှ လိုလိုလားလား ပူးပေါင်း လာကြရန် ဆွဲဆောင်ရဖို့ ရှိနေ၍ မြန်မာ အရေး နှင့် စပ်လျဥ်း၍ ၎င်းတို့အား ကန္တေကောစ လုပ်ချင်ပုံ မရှိပေ။ ထို့အတွက်လည်း ၎င်းတို့၏ ပူးတွဲ ကြေညာချက်သည် အားပျော့နေရခြင်းလည်း ဖြစ်သည်။
ဂျပန် ရှိ အစိုးရအား ဝေဖန်သူများက နောက်ဖေးပေါက်မှ ဆက်သွယ်၍ မည်သို့များ အကျိုးဖြစ်ထွန်းခဲ့သည်ကို ချပြရန် တောင်းဆိုလာနေကြသည်။ အိန္ဒိယသည် လည်း တရုတ်မှ မြန်မာအား ထိန်းချုပ်၍ အိန္ဒိယသမုဒ္ဒရာထဲ အထိ ရောက်လာနိုင်မည့် အရေးကို ယခုထိ သူ၏ အကြမ်းဖက် စစ်ကောင်စီ နှင့် ဆက်ဆံနေမှုများက ဟန့်တား နိုင်ခြင်း မရှိသေးဟု ဝေဖန်ခံနေရသည်။ ဩစတေးလျှ တွင် လေဘာ အစိုးရ တက်လာ၍ မြန်မာနှင့် ပတ်သက် သည့် မူဝါဒ အပေါ် ရေရေရာရာ မသိ ဖြစ်နေဆဲပင်။
မည်သို့ပင် ဆိုစေ QUAD ထိပ်သီး အစည်းအဝေး ကျင်းပနေဆဲမှာ အကြမ်းဖက် စစ်တပ်က စစ်ကိုင်း ဒေသ တဝိုက်အား ထိုးစစ်ဆင်ဖို့ စီစဉ်လာခြင်းကပင် ၎င်းတို့နှင့် စပ်လျှင်း၍ QUAD သည် စာလေး တကြောင်း နှစ်ကြောင်းထက် ပို၍ တုန့်ပြန်လာမည် မဟုတ်ဟု အပိုင် တွက်ဆထားပြီး ဖြစ်သည်မှာ ထင်ရှားနေသည်။
ဤသည်မှာ လက်ရှိ စစ်ရေးအရ တပ်သားများ အကြား စိတ်ဓါတ်များ ကျဆင်းလာနေမှု ကို မြှင့်တင် နိုင်ရန် ကမူးရှူးထိုး ကြိုးပမ်းလာရခြင်း ဖြစ်သည်။ ထိုအချက်ကို ကရင် အမျိုးသား တပ်မတော် KNLA က မေလ ၁၈ ရက်နေ့တွင် စစ်တပ်သည် လေကြောင်းမှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်လာသည့်ကြားမှ သိမ်းယူခဲ့သော သေ့ဘောဘိုး စခန်းကို ပြန်လည် သိမ်းယူရန် ကြိုးစားနိုင်ခြင်း မရှိခဲ့သည်က ထင်ရှားနေသည်ဟု KNLA တပ်မဟာ (၆) တပ်မှူး မှ ဧရာဝတီအား ပြောပြခဲ့ကြောင်း သိရသည်။
လက်ရှိတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ချုံခိုတိုက်ခိုက်ခြင်း၊ လုပ်ကြံသတ် ဖြတ်ခြင်း အဆင့်တွင်သာ ရှိနေသေးသည် ဟူသော ကမ္ဘာ၏ ထင်မြင်ယူဆချက်ကို ရိုက်ချိုး နိုင်ရေးအတွက် အဓိက ထိုးစစ်ကြီး တရပ်ဆင်နွှဲရန် ပြင်ဆင်နေလောက်ပြီဟု ယူဆရပေသည်။ သို့မှသာ မြန်မာ အရေးအား မဖြစ်မနေ ဖြေရှင်းမှ ရတော့မည် ဆိုသည်ကို လက်ခံလာကြမည်လည်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!
Hla Soewai