အသက်ကင်းမဲ့နေသော ဒုတပ်ရင်းမှူး၏ လက်ကိုင်ဖုန်းမှ သေ့ဘောဘိုး ဖြောင့်ချက်
အထူးဆောင်းပါး ||| နွေဦးအသံ |||
ပြီးခဲ့သည့် မေ(၁၈) ရက်က ‘သေ့ဘောဘိုး”စခန်းကို သိမ်းယူအပြီးတွင် စကစ အလောင်း(၅)လောင်းခန့်နှင့်အတူ လက်ကိုင်ဖုန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိသည်။
ထူးခြားသည်က သွေးစွန်းနေသော အဆိုပါ လက်ကိုင်ဖုန်းလေးသည် Screen Locked ဖြစ်မနေပေ။
KNU ရှိ တာဝန်ရှိ ရဲဘော်များက သတင်းအချက်ရလိုရငြား စစ်ဆေးကြည့်ရှုကြသည်။
ဖုန်းပိုင်ရှင်ဖြစ်မှာ မသေဆုံးမီ နာရီပိုင်းအတွင်းက သူ၏ မိတ်ဆွေဖြစ်သူ ရှေ့တန်းတနေရာမှ တပ်မတော်သားချင်း အပြန်အလှန်စကားပြောထားသည်ကို တွေ့ရသည်။
“ဒီညတော့ ခုထိ အဆင်ပြေတယ်၊ လာမချသေးဘူး”
တဖက်စစ်ပြေပြင်တနေရာမှ မိတ်ဆွေ၏ “သယ်ရင်း အဆင်ပြေလား”ဆိုသော မေးခွန်းကို ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
“အေး ၊ ဂရုစိုက်၊ ဒီဘက်ခြမ်းလဲ ပွဲပျက်နေတယ်”
တဖက်က မိတ်ဆွေက သူရင်ဆိုင်နေရသော ရှေ့တန်းစစ်မြေပြင်အခြေအနေကို ရင်ဖွင့်သည်။
ပွဲပျက်နေတယ် ဆိုသော စကားက အခြေအနေမလှကြောင်း ထင်ရှားနေသည်။
“အေး . . . သယ်ရင်း၊ အကုန်လုံးပဲဟ၊ စစ်ကူမရှိ၊ ပစ်ကူမရှိ၊ ခဲယမ်းဆက်မပို့နိုင်နဲ့ ဘယ်အချိန်ထိ ဒီအတိုင်းထားကြမလဲ မသိ”
ဒီဘက်မှာ သူရင်ဆိုင်နေရသော ဆိုးရွားလှသည့် မြေပြင်အနေထားကို ပြန်၍ ရင်ဖွင့်ပြောရှာသည်။
ထိုသို့ရင်ဖွင့်နေသော ဖုန်းပိုင်ရှင်မှာ ဒုတပ်ရင်းမှူး ဖြစ်သူ ဗိုလ်မှူးအောင်ငြိမ်းချမ်းပင် ဖြစ်သည်။
ဘယ်အချိန်ထိ ဒီအတိုင်းထားကြမလဲ မသိ ဆိုသော သူ၏ သံသယနှင့် စိုးရိမ်မှုကို မကြာမီအချိန်အတွင်း အသက်မဲ့နေသော ဗိုလ်မှူးအောင်ငြိမ်းချမ်း၏ ရုပ်အလောင်းက စကစ၏ အဘက်ဘက်၌ တပ်ပျက်နေမှုကို သက်သေပြနေသလိုပင်။
“တပ်က ဖွဲ့စည်းပုံ ပျက်နေပြီဗျ၊ တိုက်ခိုက်မှု စွမ်းရည်လည်း မရှိတော့ဘူး၊ အဓိက အောက်ခြေမှာ တိုက်မယ့်သူ မရှိဘူး၊ ရှိသလောက် အင်အားအနည်းငယ်လေးကိုတောင် အနောက်ကနေ မပံ့ပိုးနိုင်တော့ဘူးဆိုတာ ထင်ရှားပါတယ်၊ ဟန်တောင်မှ ယဲ့ယဲ့လေးပဲ ရှိတော့တာဗျာ” ဟု CDM ဗိုလ်ကြီးတဦးမှ နွေဦးအသံသို့ မှတ်ချက်ပြုသည်။
“လစာလည်း တပြားမှ မရဘူး၊ ရှေ့တန်းရောက်နေလို့ အပိုဆောင်းပေးတဲ့ဟာလည်း မရဘူး၊ လက်ကျန်ရိက္ခာကို မငတ်အောင် စားပြီး စခန်းမှာ စောင့်နေရတာပဲ၊ လိုအပ်တဲ့ခဲယမ်းထောက်ကူလည်း မပေးဘူး လို့ အရှင်ဖမ်းမိတဲ့သူတွေက ပြောတယ်။ ကိုယ့်ဖြစ်ကိုယ်ခံဆိုတဲ့သဘောပဲ” ဟု အမည်မဖော်လိုသည့် ကော်ပရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦးက နွေဦးအသံသို့ ပြောသည်။
ရှေ့တန်း၌ ပြည်သူနှင့် ဆန့်ကျင်ဘက်မှာနေ၍ အဓိပ္ပါယ်မဲ့ အသေခံခြင်းထက် ပြည်သူ့ဘက်သို့ ကူးပြောင်း၍ မွန်မြတ်စွာ မိမိအသက်ကို မိမိစောင့်ရှောက်နိုင်သည့် အခွင့်အရေးကို ရယူပိုင်ခွင့် အကြမ်းဖက် စကစ ရှေ့တန်းတပ်သားများထံတွင် အမြဲရှိနေပါသည်။
“အောက်ခြေက ရဲဘော်တွေကို ဒီအတိုင်း သေခိုင်းထားတာပဲ။ သူတို့အတွက်က ဘာတန်ဖိုးမှ မရှိဘူး၊ အကြပ်ကိုင်မယ်၊ ဖိနှိပ်မယ်၊ ဒါပဲ။ အဲဒီတော့ ရှေ့တန်းရောက် စကစတပ်သားတွေအနေနနဲ့ ပြန်စဉ်းစားသင့်တယ်။
ဒီအတိုင်း အဓိပ္ပါယ်မဲ့ အသေခံမလား၊ သေပြီးတော့လည်း ပြည်သူက ကိုယ့်အလောင်းတွေကြည့်ပြီး ပျော်နေကြတာ။ ကိုယ့်အသက်ကို ကိုယ်စောင့်ရှောက်ခွင့်ရှိတယ်။ အချိန်ရှိတယ်။ CDM လုပ်ပြီး ကိုယ့်ဘဝသစ်ကို ထူထောင်လို့ရတယ်။ ဂုဏ်သိက္ခာရှိရှိနဲ့ အသက်ဆက်ရှင်လို့ရတယ်၊ ဒါလေး စဉ်းစားကြစေချင်ပါတယ်” ဟု CDM ဗိုလ်ကြီးက နွေဦးအသံသို့ ဆက်လက်ပြောကြားသည်။
ကော်ဘရာစစ်ကြောင်း၏ အဆိုပါ သေ့ဘောဘိုး စခန်းသိမ်း တိုက်ပွဲတွင် စကစ တပ်ဖွဲ့ဝင် (၅) ဦး သေဆုံးခဲ့ပြီး ခြောက်ဦးကို အရှင်ဖမ်းဆီးရရှိခဲ့သည်။
အခြား (၁၀)ဦးထက်မနည်းသော စကစ တပ်သားများမှာ အသက်လု၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။
ဒုတပ်ရင်းမှူးဖြစ်သော ဗိုလ်မှူးအောင်ငြိမ်းချမ်းသည် သူစခန်းချရာနှင့် (၁၀)မိုင်ခန့်သာ ကွာဝေးသောနေရာ၌ တပ်မ(၄၄)လက်အောက်ခံ တပ်ရင်းတရင်းရှိသည်ကို ကောင်းစွာသိသည်။
တိုက်ပွဲဖြစ်နေချိန်အတွင်း (၁၀)မိုင်ခန့်အဝေးက စစ်ကူကို နောက်ဆုံးအချိန်ထိ သူမျှော်သွားနိုင်သည်။
ထိုသို့ မျှော်လင့်ရင်းပင် သူတို့ ဂုဏ်ယူကိုးစားနေသော စကစ လက်အောက်ခံ တပ်မတော်ကြီး၏ သဘောထားအမှန်ကို သိခွင့်ရပြီး မိုက်ဇာတ်သိမ်းခဲ့ရသည်။
ဘယ်အချိန်ထိ ဒီအတိုင်းထားကြမလဲ မသိ ဆိုသော မသေဆုံးမီ နာရီပိုင်းအတွင်းက မိတ်ဆွေသူငယ်ချင်းထံ ရင်ဖွင့်ခဲ့သည့် ဗိုလ်မှူးအောင်ငြိမ်းချမ်းအပါအဝင် ရုပ်အလောင်း(၅)လောင်းကို KNU ရဲဘော်များက ရန်သူပင်ဖြစ်လင့်ကစား လူ့ဂုဏ်သိက္ခာနှင့်အညီ ကောင်းစွာမြေမြှပ်ပေးခဲ့ကြသည်။
သူ၏ သေဆုံးမှုအတွက် မည်သည့်ပြည်သူကမျှ ဝမ်းမနည်း။
ဂုဏ်မယူကြ။ မပူဆွေးကြ။
ပြည်သူတို့၏ ကျေးရွာများ၊ နေအိမ်များကို ပြာကျသည်အထိ နေ့စဉ်မီးရှို့၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်နေသော ရက်စက်ကြမ်းကြုတ်လှသည့် သူတာဝန်ထမ်းဆောင်ခဲ့သော စကစအလံအောက်၌ နောင်တ တို့နှင့်အသက်ကင်းမဲ့နေသော သူတို့၏ ရုပ်အလောင်းများကို ပြည်သူများက ရွံ့ရှာစက်ဆုပ်နေကြမည်မှာတော့ သေချာလှသည်။
သွေးစွန်းနေသော ဒုတပ်ရင်းမှူး၏ ဖုန်းလေးတလုံးမှ ရရှိသည့် သတင်းအချက်အလက်မှာ အများကြီးတော့ မဟုတ်ပေ။
သို့သော် စကစ ၏ မိမိတပ်မှ ရှေ့တန်းရဲဘော်များကိုပင် အညှာအတာကင်းမဲ့စွာ သေတွင်းပို့နေသည်အထိ ရက်စက်မှုနှင့်အတူ ဘာမှ ထောက်ပို့မလုပ်နိုင်တော့သည်အထိ တပ်ပျက်နေသည်ကိုတော့ ကောက်ချက်ချနိုင်ပါသည်။
©နွေသူရ ရေးသားသည်။