ၾကားသိသမွ်

Quad အဖွဲ့ဝင် လေးနိုင်ငံကို မြန်မာ့အရေး အမြန်ဆောင်ရွက်ပေးဖို့ အချက်ငါးချက်ပါ တောင်းဆိုချက် NUG ထုတ်ပြန်

Quad အဖွဲ့ဝင် လေးနိုင်ငံကို မြန်မာ့အရေး အမြန်ဆောင်ရွက်ပေးဖို့ အချက်ငါးချက်ပါ တောင်းဆိုချက် NUG ထုတ်ပြန်

MFP ၊ မေ-၂၄

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနှင့် ဒီမိုကရေစီအရေးအတွက် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် Quad အဖွဲ့ဝင် လေးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျှ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ထံ အဆိုပြု တောင်းဆိုကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ မေ(၂၄)ရက်မှာ ထုတ်ပြန်ပါတယ်။

ယခု မေ(၂၃)နှင့်(၂၄)ရက်တွေမှာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Quad အဖွဲ့ဝင် လေးနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကာလအတွင်း မြန်မာ့အရေး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အချက် ငါးချက်ပါ တောင်းဆိုချက်ကို NUG က ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပါတယ်။

“မြန်မာပြည်သူများ အတွက်သာမက ဒေသတွင်း လုံခြုံရေးအတွက်ပါ အရေးကြီးလှသည့် လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ဒီမိုကရေစီအရေးတို့ အတွက် Quad အင်အားကြီး လေးနိုင်ငံက formal working group တစ်ခုအား နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် အဆိုပြုတောင်းဆိုလိုပါသည်” လို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ ရှရှားနိုင်ငံက ယူကရိန်းနိုင်ငံအား ကျူးကျော်မှုအပေါ် ကမ္ဘာ့နိုင်ငံအများစုက အာရုံစူးစိုက်နေတာကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံတွင်း အင်အားသုံး အကြမ်းဖက်မှုတွေ ဆတိုးလုပ်ဆောင်ကြောင်းနှင့် တရားမဝင် အာဏာသိမ်းကာလ အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ (၆၀၀,၀၀၀) ကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေဟာ ကမ္ဘာ့အရေးတစ်ခု ဖြစ်ဖို့ လိုအပ်ကြောင်းလည်း NUG ရဲ့ တောင်းဆိုချက်မှာ ဖော်ပြပါတယ်။

“အင်အားကြီး လေးနိုင်ငံအနေဖြင့် အောက်ဖော်ပြပါ အချက်များအပေါ် ရှင်းလင်း ပြတ်သားစွာ ရပ်တည်ပေးနိုင်ရန် တောင်းဆိုပါသည်-

(၁) အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် သည်းမခံရန်၊

(၂) တရားမျှတမှု ရရှိစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူများအား အရေးယူရန်၊

(၃) နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် နိုင်ငံရေးအပေါ် ဗဟိုပြု၍ ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီး ကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ပေးနိုင်ရန်၊

(၄) အကြမ်းဖက်စစ်ကောင်စီ၏ လူသတ်မှုများကို ကျူးလွန်နိုင်ရန် ပံ့ပိုးပေးနေသည့် အကြောင်းအရာဖြစ်သော လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကို သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ အနေဖြင့် ၎င်းတို့၏ အခွင့်အာဏာကို အသုံးချ၍ ကန့်သတ်ပေးပါရန်၊

(၅) အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုမှ လွတ်ကင်းသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အား မြန်မာပြည်သူတို့၏ လက်ဝယ်တွင်သာ တည်ရှိနိုင်ရန်” ဆိုတဲပ အချက် (၅)ချက်ကို အဓိကထား တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၁)ရက်က ဩစတေးလျ၊ အိန္ဒိယ၊ ဂျပန် နှင့် အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံ အရေးကိစ္စနှင့်စပ်လျဉ်းပြီး စိုးရိမ်ပူပန်ကြောင်း လေးနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တဲ့အပေါ် NUG အနေနဲ့ ကြိုဆိုကြောင်းနှင့် အဲ့ဒီ ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် သုံးလကြာ ကာလအတွင်း မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေက ယခင်ထက်ပိုပြီး ဆိုးရွားလာနေတယ်လို့လည်း NUG က ဆိုပါတယ်။

“အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းမည့် အလား အလာ လုံးဝ မရှိသည့်အပြင် တရားဝင်ဖြစ်သည့် ပြည်သူဆန္ဒများကိုလည်း လျစ်လျူရှုလျက် ရှိပါသည်။ မိမိတို့ မြန်မာပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီအား လုံးဝ အလိုမရှိကြပါ။ အကြမ်းဖက်စစ်ကောင်စီတွင်လည်း ပြည်သူတစ်ရပ်လုံးအပေါ် လွှမ်းမိုးနိုင်သည့် အခွင့်အာဏာ ရှိမနေပါ။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာ အသိုက်အဝန်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ကတိကဝတ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မထီမဲ့မြင်ပြုသည့် လုပ်ဆောင်ချက်များကို ဆက်တိုက်ကျူးလွန်နေခြင်းလည်း ဖြစ်ပါသည်” လို့ NUG က ဆိုပါတယ်။

Quad အင်အားကြီး လေးနိုင်ငံအဖွဲ့အနေနဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ပြောကြားခဲ့တဲ့အတိုင်း “ဒေသတွင်း တည်ငြိမ်ရေးအတွက် Quad သည် အရေးပါမြဲ အခန်းကဏ္ဍ၌ တည်ရှိ နေမည်” ဆိုတဲ့ အချက်ကို လက်တွေ့ အကောင်အထည်ဖော်ရမည့် အချိန်အခါ ရောက်ရှိလာပြီလို့ NUG က ဆိုပါတယ်။

Quad (Quadrilateral Security Dialogue) ဟာ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် နှင့် အမေရိကန်တို့ ပါဝင်တဲ့ မဟာဗျူဟာမြောက် လုံခြုံရေး ဆွေးနွေးပွဲ ဖြစ်ပါတယ်။
Photo – CNN