“သတိ – ရွံတတ်သူများ ထမင်းစားချိန် မဖတ်ရ”
● အမှတ်တရများစွာဖြင့် ခြုံတိုးလိုက်၊ ပန်းလိုက် တက်သိမ်းခဲ့ရသည့် သေ့ဘောဘိုစခန်း
မိုးဆွေ
လူငယ့်ခေတ်၊ မေ (၂၁)
မိုးဦးကာလရောက်လာသော်လည်း မိုးမရွာသဖြင့် ပူပြင်းလှသည့် မေလ (၁၇) ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်ရှိ စခန်းတစ်ခု၌ ကော်ဘရာအဖွဲ့သားများ ညနေစာစားပြီး နောက်လာမည့်တိုက်ပွဲတစ်ခုအတွက် အားမွေးနေကြသည်။
သွားတိုက်ရမည့်စခန်းမှာ ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်စစ်တပ်၏ နာမည်ကျော် သေ့ဘောဘိုစခန်း။
ထိုစခန်းမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီး၌ရှိပြီး စစ်တပ်အတွက် အရေးကြီးသည့် စခန်းတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် စခန်းကိုသွားရောက်သိမ်းပိုက်ရန် အစီအစဉ်များရေးဆွဲခဲ့သကဲ့သို့ တော်လှန်ရေး ရဲဘော်များအနေဖြင့်လည်း တိုက်ပွဲအတွက် စိတ်အားတက် ကြွနေကြသည်။
သို့သော် မျှော်လင့်မထားသည့် ဧည့်သည်က ၎င်းတို့ထံ တံခါးခေါက် ဝင်ရောက်လာသည်။
အခြားမဟုတ်ပေ။ ညသန်းခေါင်ကျော် မေလ (၁၈) ရက် နံနက် (၂) နာရီခန့်မှစ၍ ရဲဘော်အချို့ ဝမ်းစသွားခဲ့ခြင်းဖြစ်ပြီး မနက်လင်းချိန်၌ အဖွဲ့သားအများအပြား ဝမ်းမကောင်းကြတော့ခြင်းဖြစ်သည်။
ခုခံအားအလိုက် အနည်းနှင့်အများ ဝမ်းသွားခဲ့ကြပြီး မည်သည့်အတွက်ကြောင့် ဝမ်းသွားမှန်း တော်လှန်ရေးအဖွဲ့ဝင်များ မသိကြသေးပေ။
ထို့နောက် ဗိုလ်ဒါ့ဘောနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)မှ ဗိုလ်အယ်စေးဝါးတို့ ဦးဆောင်၍ သေ့ဘောဘိုစခန်းကုန်းကို ဗျူဟာအရ အားနည်းသည့်နေရာမှစတင်၍ မေလ (၁၈) ရက် မနက် (၉) နာရီတွင် စတင်တိုက်ခိုက်ခဲ့ကြသည်။
ယခင်ကတည်းက ထိုစခန်းရှိ စစ်ကောင်စီတပ်သားများကို CDM ဝင်ကြရန်ဖုန်းဆက် ပြောဆိုခဲ့ဖူးပြီး မေလ (၁၉) ရက်နံနက် တက်မသိမ်းမီအချိန်၌လည်း ဗိုလ်ဒါ့ဘောက စစ်ကောင်စီတပ်သားများ လက်နက်ချရန် ဖုန်းဆက်ပြောဆိုခဲ့သေးသည်။
ယခု ဝမ်းပျက်နေသည့် ရဲဘော်များသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၇)၊ တပ်ခွဲ(၂) ၏ ဒုတိယခွဲမှူး ဗိုလ်ဒါ့ဘော ဦးဆောင်သည့် Cobra Column စစ်ကြောင်းအဖွဲ့ဝင်များ ဖြစ်သည်။
ထိုရဲဘော်များသည် တိုက်ပွဲအစ၌ စခန်းကုန်းသို့တက်သည့် ခြုံများအတွင်းဝင်ကာ ဝမ်းပျက်သည့် ပြဿနာကို ဖြေရှင်းခဲ့ကြသည်။
သို့သော် စခန်းကုန်းပေါ်မှ စက်သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခြင်းတို့ကြောင့် ကျည်ဆံမိုးများကြား၌ ပြားပြားဝပ်နေရသည်။
“ငိုအားထက် ရယ်အားသန်ပေါ့ဗျာ။ ရန်သူကလည်း တောက်လျှောက်ပစ်တယ်။ တစ်ဖက်ကလည်း မလွယ်နိုင်တဲ့ကိစ္စဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဟာသလေးတွေဖြစ်ကြတာပေါ့။ မိကျောင်းသွား သွားရင်းနဲ့ ဖြေရှင်းရတဲ့ကိစ္စတွေလည်း ရှိကြတာပေါ့” ဟု တိုက်ပွဲ၌ပါဝင်ခဲ့သည့် ကော်ဘရာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက လူငယ့်ခေတ်သို့ ရယ်လျက် ပြန်ပြောင်းပြောပြသည်။
ပါလာသည့် ဆေးအဖွဲ့ဝင်များပါ ဝမ်းပျက်နေသည့်အတွက် သူ့မကယ်နိုင်၊ ကိုယ့်မကယ်နိုင်ဖြစ်ခဲ့ကာ အမှတ်တရဖြစ်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
တိုက်ပွဲစသည့်အချိန်မှသာ ဝမ်းပျက်ရသည့် အဓိကအကြောင်းအရင်းကို ဆန်းစစ်နိုင်ခဲ့သည်။
၎င်းတို့ကို ဝမ်းပျက်စေသည်မှာ အခြားမဟုတ်ဘဲ အလှူရှင်တစ်ဦးမှ ညနေစာအတွက် လှူဒါန်းသည့် ကြက်သားဟင်းကြောင့်ဖြစ်ပြီး ကြက်သားမစားသည့်ရဲဘော်များမှာ ဝမ်းမပျက်ကြပေ။
ရာသီဥတုပူပြင်းသည့်ဒေသများ၌ အပူချိန် မြင့်မားခြင်းကြောင့် လူအများစာအတွက် ချက်ပြုတ်သည့် ထမင်း၊ ဟင်းများသည် အုပ်စုလိုက်အစာအဆိပ်သင့်မှုဖြစ်ပွားနိုင်ကာ ဖြစ်ပွားခဲ့သည့် သာဓကအများအပြားလည်း ရှိနေသည်။
ထို့နောက် စခန်းသိမ်းတိုက်ပွဲမှာ နာရီနှင့်ချီ ကြာမြင့်လာပြီး ရဲဘော်များသည်လည်း ဝမ်းသွားသဖြင့် အားနည်းလာကြသည်။
သို့သော်လည်း တရားမျှတမှုအတွက် စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ဆက်လက်ထိုးစစ်ဆင်ခဲ့ကြသည်။
စခန်းကိုသိမ်းနိုင်လုနီးနီး နေ့လယ်ခင်းအချိန် ကော်ဘရာအဖွဲ့ခေါင်းဆောင် ဗိုလ်ဒါ့ဘောကို ကျည်ထိမှန်သွားခဲ့သည့်အတွက် အဖွဲ့ဝင်များ စိုးရိမ်စိတ်ဖြစ်ပေါ်ခဲ့သည်။
သို့သော်၎င်းက ပတ်တီးစည်း၍ ဆက်လက်ညွှန်ကြားကာ တိုက်ပွဲဝင်နေခြင်းက အဖွဲ့သားများ၏ တက်ကြွသည့်စိတ်ဓာတ်ကို ပန်းပဲဖိုရှိ မီးဖိုအတွင်း လေသွင်းလိုက်သကဲ့သို့ ရဲရဲတောက်အောင် အရှိန်မြှင့်ပေးလိုက်သည့် သဘောဖြစ်သွားခဲ့သည်။
တိုက်ပွဲအပြီးတက်လာသည့်ဓာတ်ပုံများ၌လည်း ဗိုလ်ဒါ့ဘောပတ်တီးစည်းထားသည့်ပုံများပါဝင်လာသည့်အပါ် ပြည်သူများက စိုးရိမ်တကြီးမေးမြန်းခဲ့ကြသည်။
“ဘယ်လိုပဲ ရန်သူ့ကျည်က မိုးသို့ပဲရွာနေပါစေ၊ ပြည်သူလူထုရဲ့မေတ္တာကြောင့် ‘လက်’လေးပဲရှပ်ပြီး ထိသွားတာဖြစ်ပါတယ်” ဟု ကော်ဘရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ငါတို့ဗိုလ်ကြီးတွေ ဦးဆောင်နေတယ်။ ငါတို့တက်မှဖြစ်မယ်ဆိုပြီး ရဲဘော်တွေ စိတ်ဓာတ်တက်ကြွတာပေါ့ဗျာ” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ထို့နောက်စခန်းပေါ်တက်၍ ဆက်လက်သိမ်းယူသည့်အချိန် ကတုတ်ကျင်းအတွင်းဆင်းပြီး ရှင်းလင်းသည့် ရဲဘော်တစ်ဦးမှာ စစ်ကောင်စီတပ်က ပစ်လိုက်သည့်ကျည်ကြောင့် ကျဆုံးခဲ့ရပြီး အခြားရဲဘော်တစ်ဦးမှာလည်း တင်ပါး၌ကျည်ဆံထိမှန်၍ ဒဏ်ရာပြင်းထန်ကာ ကျဆုံးသွားခဲ့သည်။
ထို့ပြင် တော်လှန်ရေးရဲဘော်များဘက်ကပစ်သည့် လက်ပစ်ဗုံးကို စစ်ကောင်စီဘက်က ကောက်ယူကာ ပြန်ပစ်စ်ခဲ့သည့်အတွက် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး အခြားရဲဘော်များလည်း မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်။
စခန်းကုန်းကို ယင်းနေ့ မေလ (၁၈) ရက်နေ့နေ့ နေ့လယ်ပိုင်းတွင် သိမ်းနိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က ညနေ (၄) နာရီအထိ လေယာဉ် (၅) စီးဖြင့် (၃၅) ကြိမ်တိတိ တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ ဗုံးကြဲခဲ့သော်လည်း ပြည်သူကပို့သသည့်မေတ္တာကြောင့် ထိခိုက်မှုအနည်းငယ် သာရှိခဲ့သည်ဟုလည်း တော်လှန်ရေးရဲဘော်များက ဆိုကြသည်။
စခန်းကိုသိမ်းပိုက်နိုင်ပြီးနောက် ရဲဘော်များသည် ဝမ်းအသွားများခြင်း၊ ဗိုက်စာခြင်းတို့ကြောင့်လည်း အားနည်းသူများ ရှိလာသည်။
ထို့ကြောင့် နောက်တန်းမှနေ၍ လိုအပ်သည့် စားစရာများ၊ ဆေးဝါးများကို အချိန်မီပို့ဆောင်ပေးခဲ့ပြီး အားနည်းနေသူများကို နောက်တန်းသို့ပြန်ပို့ကာ စစ်တပ်က လေယာဉ်ဖြင့်တိုက်ခိုက်နေသည့်ကြားမှ လက်နက်များသိမ်းဆည်းရန်အတွက် တော်လှန်ရေးအဖွဲ့များ ဆက်လက်ကြိုးစားခဲ့ကြသည်။
ထိုတိုက်ပွဲမှ လက်နက်ကြီး (၄) လက်နှင့် ၎င်းကျည်အများအပြား၊ လက်နက်ငယ်နှင့် ၎င်းကျည်ထောင်ချီ၊ ဗုံးသီးအများအပြားနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
“ဒီစခန်းကုန်းကို မဆုတ်မနစ်ရအောင်ယူမယ်ဆိုတဲ့စိတ်တွေကြောင့်သာ ရတာဖြစ်ပါတယ်ဗျ။ အဓိကက ကျန်းမာရေး ရုတ်တရုတ် ဖြစ်တာပဲဖြစ်ဖြစ်၊ စိတ်ကို ကြံ့ကြံ့ခိုင်နိုင်တာကတော့ တကယ်ကို ချီးကျူးလောက်တဲ့၊ မှတ်တမ်းဂုဏ်ယူလောက်တဲ့ အကျင့်တစ်ရပ်လေးပဲ ဖြစ်ပါတယ်ဗျ” ဟု ကော်ဘရာပြောရေးဆိုခွင့်ရှိသူက လေးနက်စွာပြောသည်။
ထိုတိုက်ပွဲအပြီး စစ်ကောင်စီလက်ပါးစေ (၇) ဦးအထိ အရှင်ဖမ်းနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်၌လည်း စစ်ကောင်စီလက်ပါးစေအချို့က ကာကင်းလွတ် (ခုခံပိတ်ဆို့မှုအားနည်းသည့်) နေရာမှတစ်ဆင့် ထွက်ပြေးသွားခဲ့သည်။
ထို့သို့ထွက်ပြေးသည်ကိုတွေ့သည့်အတွက် လိုက်လံရှင်းလင်းခဲ့သော်လည်း မမီတော့ဘဲ သောင်းရင်းမြစ်တစ်ဖက်ကမ်းသို့ ကူးသွားခဲ့ကြသ်။
သို့သော် တစ်ဖက်ကမ်းရောက်သည့်အချိန် ထိုင်းစစ်သားများက ဖမ်းဆီးသွားပြီး စစ်ကောင်စီလက်ပါးစေများ ကျကျန်ခဲ့သည့် သေနတ် (၂) လက်ကို တော်လှန်ရေးအဖွဲ့ဝင်များ သိမ်းဆည်းရရှိခဲ့သည်။
ယင်းနောက် မေလ (၁၉) ရက်တွင် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ရာ စစ်ကောင်စီ၏ ဒုတိယ တပ်ရင်းမှူး အပါအဝင် အလောင်း (၅) လောင်းကို ရှာတွေ့ခဲ့ကြောင်းလည်း KNU က တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။
“သူတို့ ဒုရင်းမှူးရဲ့အလောင်းကိုတောင်မှ သယ်ယူနိုင်ခြင်းမရှိဘဲ သူတို့ရဲဘော်အချင်းချင်းဗျာ။ သူတို့ရဲ့အရာရှိလည်းဖြစ်တယ်။ ဒီအလောင်းကိုတောင် ပိုးဆိုးပက်စက်ထားပြီးတော့ သူတို့ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့တာဖြစ်တယ်ဗျ” ဟု ကိုမျိုးသူရကိုကိုက ပြောသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ထံအလင်းဝင်လိုပါက ကော်ဘရာအဖွဲ့သို့ ဆက်သွယ်နိုင်ပြီး မိသားစုဝင်များလုံခြုံရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်မယ်ဆိုရင် CDM တံခါးဖွင့်ထားလျက်ရှိပါတယ်။ တကယ်လို့မဟုတ်ဘဲနဲ့ လုံခြုံဘေးကင်းတဲ့နေရာကိုသွားချင်တယ်ဆိုလည်း တာဝန်ယူပြီးဆောင်ရွက်ပေးတာရှိပါတယ်ဗျ”ဟု ကော်ဘရာ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထို့ပြင်၎င်းက တော်လှန်ရေး၌ ပြည်သူများပါဝင်နိုင်သမျှပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။
လက်ရှိအချိန် စစ်ကြောရေး၌ နှိပ်စက်ခံနေရသူများ၊ ထောင်ကျနေသူများ၊ ရာထူးကိုစွန့်၍ CDM (စစ်ကောင်စီအမိန့်ကို မနာခံခြင်း) ပြုလုပ်သူများ၊ CDM ကျောင်းသားများ၊ ပိုင်ဆိုင်မှု စွန့်လွှတ်ခဲ့ရသူများ၊ စည်းစိမ်များကို တော်လှန်ရေးအတွက် အလုံးစုံအသုံးပြုနေသူများအပြင် တော်လှန်ရေးအောင်မြင်မှသာ မိမိဘဝကို ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်တစ်ခုကို အမြန်ဆုံးလိုချင်ရင်တော့ ကျွန်တော်တို့အမြန်ဆုံးပါဝင်မှရမယ်ဗျ။ တော်လှန်ရေးဘယ်တော့ပြီးမလဲဆိုရင် ကိုယ် ကိုယ်တိုင် ဘယ်လောက်ပါဝင်နေလဲဆိုပြီး တိုင်းတာရပါမယ်” ဟု တော်လှန်ရေးအပြီး၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်လိုသည့် ကိုမျိုးသူရကိုကိုက အားမန်အပြည့်ဖြင့် လူငယ့်ခေတ်သို့ ဖြေကြားခဲ့သည်။