မကြာမီရက်ပိုင်းအတွင်း အခြေခံပညာကျောင်းသားတွေအတွက် ကျောင်းအပ်ရာသီရောက်တော့မှာဖြစ်သလို၊ ဇွန်လ ၂ရက်နေ့မှာလည်း စစ်ကောင်စီဘက်ကနေ ကျောင်းတွေပြန်ဖွင့်ဖို့ရှိနေပါတယ်။
ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေဖို့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ လိုအပ်သဖြင့် ပြန်လာကြပါလို့ အာဏာသိမ်း စစ်ကောင်စီက တောင်းပန်ထုတ်ပြန်လိုက်ပါတယ်။
CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အခြေခံပညာ၊ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BGESC)ကတော့ ပြည်သူတွေအနေနဲ့ စစ်ကျွန်ပညာရေးကို ဆက်လက်သပိတ်မှောက်ကြဖို့ မေလ ၁၇ရက် ရက်စွဲနဲ့ ပန်ကြားလွှာထုတ်ပြန်လာပါတယ်။
အချက် ၇ ချက်နဲ့ သဘောထားထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီရဲ့ပညာရေးစနစ်ဟာ ရိုးဖြောင့်မှုမရှိဘဲ စစ်ရေး၊ နိုင်ငံရေးအရ အသုံးချတယ်လို့ ဆိုတဲ့အပြင် ကျောင်းများပြန်ဖွင့်ခဲ့ရင်ရရှိနိုင်မယ့် နိုင်ငံတကာရဲ့ပညာရေးဆိုင်ရာအထောက်အပံ့တွေကို စစ်ရေးအတွက်ပြန်အသုံးပြုကာ ပြည်သူတွေကို အခုထက်ပိုဖိနှိပ်နိုင်တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် အားကောင်းနေဆဲဖြစ်တဲ့ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား CDM တွေရဲ့အင်အားကို သွေးခွဲဖြိုခွဲနိုင်ကြောင်း၊ လူမျိုးကြီး ဝါဒမှိုင်းတွေ သင်ခန်းစာကတဆင့်ရိုက်သွင်းပြီး စစ်ကျွန်ပညာရေးယန္တရားတည်ဆောက်လာနိုင်တဲ့အပြင် စစ်အခြေစိုက်စခန်းတွေအဖြစ် စာသင်ခန်းတွေကိုဖန်တီးကာ လူသားတံတိုင်းအဖြစ်လုပ်နိုင်သလို ပြည်သူ့ကာကွယ်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုကိုပုံဖျက်ဖို့ စစ်ကောင်စီနဲ့ဆက်စပ်သူတွေကနေ စာသင်ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်နိုင်တယ်လို့ BGESC ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီအချက်တွေအပြင် Non CDM (စစ်ကောင်စီအောက်တာဝန်ထမ်းဆောင်ဆဲ ပညာရေးဝန်ထမ်း) တွေဟာ ဖိနှိပ်ရေးဥာဥ်ရှိနေပြီး ဒီသင်ကြားမှုတွေဟာ အရည်အသွေးပြည့်ဝတဲ့ပညာရေးမရနိုင်ဘူးလို့ BGESC က ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကျွန်ပညာရေးစနစ်ကိုဆန့်ကျင်တဲ့ CDM ဆရာတွေအနေနဲ့ အရည်အသွေးပြည့်ဝတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ပေါ်ပေါက်ရေး အတွက် ကြားကာလပညာရေးတွေကို အွန်လိုင်းရော ရပ်ရွာအခြေပြုမြေပြင်သင်ကြားရေးတွေကိုပါ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
တဖက်စစ်ကောင်စီကတော့ ဒီရက်ပိုင်းအတွင်း CDM ပါဝင်ထားတဲ့ အခြေခံပညာဆရာ၊ဆရာမတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ပြောလာပြန်ပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ အာဏာသိမ်းစချိန်ကတည်းက အခုချိန်ထိ ပညာရေးဝန်ထမ်းတွေဖမ်းဆီးခံနေရဆဲဖြစ်သလို BGESCရဲ့စာရင်းအရ ၉၅ဦး အဖမ်းခံခဲ့ရပြီး ဒီထက်အရေအတွက်ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောင်းသားမိဘတွေအနေနဲ့ ပညာရေးနှောင့်နှေးမှာစိုးရိမ်တဲ့အတွက် ငွေကြေးတတ်နိုင်သူတွေဟာ ပုဂ္ဂလိကကျောင်းနဲ့နိုင်ငံတကာသင်ရိုးတွေကို ပြောင်းရွှေ့သင်လာကြပေမဲ့ အလယ်အလတ်နဲ့ အခြေခံလူထုအတွက်ကတော့ ရွေးချယ်ဖို့အခက်အခဲတွေရှိနေကြဆဲပါ။
စစ်ကောင်စီကျောင်းမှာတက်ဖို့ ပညာရေးအရည်အသွေးမပြည့်ဝမှာ လုံခြုံရေးမရှိမှာစိုးရိမ်ကြပြီး ကြားကာလပညာရေးအစီအစဉ်တွေမှာတော့ အွန်လိုင်းအခြေပြုဖြစ်တာကြောင့် လျှပ်စစ်မီးမမှန်၊ အင်တာနက်ခစျေးကြီးမြင့်တာအပြင် တဖက်စစ်ကောင်စီဘက်ကနေ တစုံတရာဖိနှိပ်မှုလုပ်လာမှာကို ကျောင်းသားမိဘတွေစိုးရိမ်နေကြပါတယ်။
ဒါ့အပြင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပြည်ပ နိုင်ငံ များသို့ တရားဝင် ထွက်ခွာခွင့် မရစေရန် စစ်ကောင်စီက နိုင်ငံကူးလက်မှတ်(Pass Port) ထုတ်ပေးခြင်း သက်တမ်း တိုးခြင်းကို တားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။
CDM ဆရာဝန်တဦးက “လေဆိပ်ရောက်တဲ့အချိန်မှ ဖမ်းဆီးစစ်ဆေးတာမျိုး မဟုတ်ဘဲ CDM ဝန်ထမ်းဆိုတာနဲ့ ပတ်စ်ပို့ ရုံးမှာတင် စာအုပ်လုပ်လို့ မရတော့ဘူး။ သက်တမ်းတိုးလို့ မရတော့ဘူး။ ကျနော်ဆို သက်တမ်းကုန်သွားလို့ တိုးဖို့ ကို စုံစမ်းကြည့်တဲ့အခါမှာ နာမည်စာရင်းတွေ ရောက်နေပြီဆိုတာမျိုးကို ပြန်သိရတယ်” ဟု ပြောဆိုကြောင်း ဧရာဝတီ သတင်းမှာဖော်ပြထားပါတယ်။
စစ်ကောင်စီသည် CDM ဝန်ထမ်းများကို အမှုဖွင့် ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း စသည့် နည်းမျိုး စုံဖြင့် ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိရာမှ ယခုအခါ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်ကိုပါ ကန့်သတ်လာခြင်း ဖြစ်ကြောင်း CDM ဝန်ထမ်းများက ဆိုသည်။
CDM ကျောင်းဆရာမ တဦးကလည်း “ကျမ နာမည်ကို ကြည့်လိုက်တာနဲ့ သူတို့က ကျောင်းဆရာမလား တန်းမေးတာ။ မဟုတ်ပါဘူး ငြင်းပေမယ့် သူတို့က ကျနော်တို့မှာ နာမည်နဲ့ စာရင်းအတိအကျ ရှိတယ်ဆိုပြီး ပြန်ပြောတယ်။ ဒီက စာအုပ် ထုတ်ပေးလိုက်ရင်လည်း လေဆိပ်ရောက်ရင် ဖမ်းခံရလိမ့်မယ်တဲ့” ဟု ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။
အလုပ်မှ နုတ်ထွက်ထားသည်မှာ အချိန်ကြာမြင့်လာပြီဖြစ်ရာ အလုပ်အကိုင်၊ ငွေရေးကြေးရေး အဆင်မပြေ ဖြစ်လာသော ကြောင့် နိုင်ငံခြားသို့ထွက်ပြီး အလုပ်လုပ်ကိုင်ရန်အတွက် ကြိုးစားရာတွင် ယခုလို ဖိနှိပ်မှုကို ရင်ဆိုင်ရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ စစ်ကောင်စီက ကျမတို့ CDM လုပ်တာကို နောင်တရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာ ” ဟု ပြောသည်။
ယခုနှစ် အစောပိုင်းလများက CDM ဝန်ထမ်းတချို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်ရခဲ့သော်လည်း မတ်လခန့်မှစ၍ စစ် ကောင်စီက CDM ဝန်ထမ်းများ၏ ပြည်ပထွက်ခွာခွင့်အပေါ် ကန့် သတ် ထိန်းချုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ CDM ဝန်ထမ်းများ၏ နာမည်နှင့်တကွ အချက်အလက်များ အပြည့်အစုံ ရောက်ရှိနေပြီး တချို့မှာ ဖမ်းဆီးစစ်ဆေး မေးမြန်းခံရမှုများအထိ ကြုံတွေ့နေရကြောင်း အဆိုပါရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ CDM Lists (စာရင်း) က အဲဒီရုံးမှာ တော်တော်ပြည့်ပြည့်စုံစုံ ရောက်နေပြီ။ နာမည်နဲ့ မှတ်ပုံတင်နံပါတ် ရိုက်ထည့် လိုက်တာနဲ့ CDM ဟုတ်မဟုတ်ကို သူတို့က တခါတည်း တန်းသိနေပြီ ” ဟု ဆိုသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် CDM ဝန်ထမ်းတချို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူခံရသည့် ဖြစ်စဉ်တချို့ ရှိခဲ့ကြောင်းလည်း ပြည်တွင်းသတင်းဌာနတချို့တွင် ဖော်ပြမှုအရ သိရသည်။
စစ်ကောင်စီက ထိုကဲ့သို့ CDM ဝန်ထမ်းများကို ကန့်သတ်ဖိနှိပ်များ ပြုလုပ်နေသလို တဖက်တွင်လည်း အခြေခံ ပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီးပြီဖြစ်၍ တာဝန်မှ ကင်းကွာနေသည့် ပညာရေးဝန်ထမ်းများကို အယူခံတင်သွင်း ပြီး အလုပ်ပြန်ဝင်ကြရန် ကမ်းလှမ်းနေပြန်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ဝန်ကြီးဌာနပေါင်းစုံမှ အစိုးရဝန်ထမ်း ၂ သိန်းကျော် ပါဝင်ခဲ့ကြပြီး အများစုမှာ ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ ဖြစ်ကာ ယနေ့အချိန်ထိလည်း အများစုက CDM အဖြစ် ဆက်လက် တောင့်ခံနေကြဆဲ ဖြစ်သည်။
စစ်ကောင်စီသည် အဆိုပါ CDM ဝန်ထမ်းများ အပါအဝင် ၎င်းတို့အား နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသူများ ကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်းတို့အပြင် ကလေးငယ်များပါမကျန် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်လျက် ရှိသည်။