ၾကားသိသမွ်

ငွေကြေး ၊ လက်နက် ၊ ရိက္ခာနှင့် အဆုံးသတ်ရမဲ့ တော်လှန်ရေး

ငွေကြေး ၊ လက်နက် ၊ ရိက္ခာနှင့် အဆုံးသတ်ရမဲ့ တော်လှန်ရေး
————-

တော်လှန်ရေးဟာ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာ သုံးသပ်ကြည့်ရအောင် ။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD က မဲအပြတ်အသ်နဲ့နိုင်တယ် ။ ဒါကို မဲမသာမှု့နဲ့ အကြောင်းပြပြီး အာဏာသိမ်းတယ် ။ ၈၈ လို အချိန်ကြာရင် ပုံမှန်ဖြစ်လိမ့်မယ် အထင်နဲ့ပေါ့ ။ သို့ပေမဲ့ ၈၈ လို ကောက်ရိုးမီးမဟုတ်ပဲ တစ်နှစ်ကျော်ကြာတဲ့အထိ ပုံမှန်အခြေအနေကို မရောက်ဘူး ။ မရောက်တဲ့အပြင် ချိန်ခွင်လျှာက တစ်ဖက်စီး ဇောက်ထိုးပြလာတဲ့အထိ အံ့အားသင့်စရာတွေ ဖြစ်လာတယ် ။

ဝန်ထမ်းတွေ အလုပ်မဆင်းပဲ စီဒီအမ်လုပ်ကြတယ် ။ နယူဂျင်နရေးရှင်း လူငယ်လေးတွေ လမ်းပေါ်ကို အသေခံတက်လာတယ် ၊ ပြီးတော့ တောထဲမှာ စစ်ရေးလေ့ကျင့်ကြတယ် ။ လက်နက်တွေ ကိုင်နိုင်လာတယ် ။ အနစ်နာခံကြတယ် ။ ပြည်သူတွေကလည်း အားတက်သရော ပါဝင်ကြတယ် ။ အသံတိတ်သပိတ်ဆိုလည်း တိတ်ပေးကြတယ် ။ နွေဦးထီဆိုလည်း ဝယ်ပေးကြတယ် ။ ဘွန်းဟေ့ ဆိုလည်း မနှေးကြဘူး ။ ကလစ်ကြဟေ့ဆိုလည်း ဘေလ်အကုန်ခံ ကလစ်ကြတယ် ။ ညီညီတ်မှု့တွေနော ။ ဘယ်လောက်အထိ စစ်အာဏာဝါဒကို အမြစ်နှုတ်ချင်နေကြသလဲဆိုတာ မြေးလေးကို သေနတ်ဝယ်ပေးတဲ့ အဘွားတွေတောင်ရှိသတဲ့ ။


နယ်တွေမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေဟာ ရွာလုံးကျွတ် တက်ညီလက်ညီရှိကြတယ် ။ အဆုံးရှုံးခံပြီး တော်လှန်နေကြတယ် ။ ဘဝပျက်ခံပြီး တော်လှန်နေကြတယ် ။ သူတို့ကိုကြည့်ရတာ အသက် ၂ ချောင်း မပါဘူးဆိုတဲ့ မထီမဲ့မြင်ပုံစံတွေပါ ။ သိပ်ကို လေးစားစရာကောင်းပါတယ် ။

ဒီအခြေအနေမှာ NUG ကရော ဘာလုပ်နေသလဲလို့ မေးနေကြပေမဲ့ ၊ နိုင်ငံတကာနဲ့ လက်တွဲနိုင်ဖို့ NUG ရဲ့ အားထုတ်မှု့တွေဟာ တဖြည်းဖြည်း ကိုယ်ထင်ပြလာတယ် ။ ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားဝင်သံအမတ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားတာ NUG ရဲ့ အားထုတ်မှု့ပါ ။ ဒေါက်တာဆာဆာကို အသိအမှတ်ပြုထားတယ် ။ ဒေါက်တာဇော်ဝေစိုး ပြင်သစ်ပါလီမန်ကိုသွားတယ် ။

ဒေါ်ဇင်မာအောင်က အမေရိကကို တရားဝင် မြန်မာ့နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ရောက်လာတယ် ။ ဟော အခု ကာကွယ်ရေးဝန်ကြီးက နိုင်ငံတကာကို တရားဝင် လက်နက်အကူအညီတောင်းနေပြီ ။

ဒီတော့ ၊ ဒါဟာ ၈၈ မဟုတ်တော့ဘူး ။ သိပ်ကို အံသြစရာကောင်းတယ် ။ လုံးဝကို ၈၈ မဟုတ်တော့တာပါ ။

ဒီလိုအောင်မြင်မှု့တွေကို လက်နက်ကိုင်နည်းလမ်း ၊ သံတမန်နည်းလမ်းတွေနဲ့ ကြိုးပမ်းလာခဲ့တာအချိန်ဟာ တစ်နှစ်ကျော်လာပါပြီ ။ အချိန်က အသိပေးလာတဲ့ အောင်မြင်မှု့တွေနဲ့အတူ တောင့်ခံနေရတဲ့ ပြည်သူအချို့မှာလည်း တော်တော်လေးကို ဆင်းရဲဒုက္ခတွေ့နေကြတာပါ ။

တော်လှန်ရေးတိုက်ပွဲနဲ့အတူ စားဝတ်နေရေးအတွက် ငွေကြေးကလည်း အရေးကြီးလာပါတယ် ။ ပြည်တွင်း ပြည်ပ ရံပုံငွေရှာသူတွေလည်း ကိုယ်ရေးကိုယ်တာ အလုပ်အကိုင်တွေပစ်ပြီး ကြိူးစားနေကြရတယ် ။ ဘွန်းရောင်းပွဲ ၊ လေလံပွဲ ၊ နွေဦးထီနဲ့ ပုဂ္ဂိုလ်ခင်လို့ အလှုငွေထည့်ကြသူတွေလည်း မနည်းပါဘူး ။ တော်လှန်ရေးမှာ အားတက်သရောနဲ့ အလှုငွေရှာပေးနေသူတွေကို ကိုယ်မလုပ်နိုင်တဲ့အတွက် သူတို့အစား ဂုဏ်ယူပါတယ် ။ မယုံသင်္ကာစိတ် တစ်စက်ကလေးတောင် မရှိပါဘူး ။

အလှုငွေလက်ခံသူတွေအနေနဲ့လည်း ဆက်သွယ်လာသမျှ အဖွဲ့ငယ်တိုင်းကို အလှုငွေပို့ပေးဖို့ဆိုတာက တကယ်ကို မလွယ်လှပါဘူး ။ ငွေအင်အားလည်း လိုအပ်သလို လက်ခံသူမှန်ကန်မှု့နဲ့ လိုအပ်သူလက်ထဲကို အမှန်တကယ်ရောက်ဖို့ဆိုတာ တကယ်ကို မလွယ်တာပါ ။

စာရေးသူကတော့ တော်လွန်ရေးအစကတည်းက သတင်းတွေနဲ့ သုံးသပ်မှု့တွေနဲ့သာ ပါဝင်ခဲ့ပါတယ် ။ ရံပုံငွေရွာဖွေရေးကို လုပ်လည်းမလုပ်တတ်သလို အခြိန်လည်း မရပါဘူး ။ ဒါ့ကြောင့် နွေဦးတော်လွန်ရေးကို သတင်းတွေနဲ့သာ ပါဝင်ပါတယ် ။ ရံပုံငွေ ရွာဖွေနေသူတွေကိုလည်း အထူးကြေးဇူးတင်ပါတယ် ။

မက်ဆေ့ဂျာကနေ အကူအညီတောင်းလာသူများကိုလည်း အလှုရှင်ရှာပြီး ချိတ်ဆက်ပေးမယ်လို့ပဲ အကြောင်းပြန်ပါတယ် ။ ဒီနေ့အထိတော့ ဆက်သွယ်လာသူ တစ်ယောက်မှမရှိပါဘူး ။ စာရေးသူလည်း နိုင်သလောက် တာဝန်ယူထားရတာတွေရှိပြီသားမို့ မက်ဆေ့ဂျာကနေ အကူအညီတောင်းလာသူများကို မျက်နှာပူစွာနဲ့ပဲ အကြောင်းပြန်ခဲ့ရပါတယ် ။

ဆိုတော့ ၊ တော်လှန်ရေးရဲ့အခြေအနေဟာ တော်တော်လေးကို လှုတ်ခတ်လာပါပြီ ။ အမေရိကန်နဲ့ အာဆီယံထိပ်သီးတွေက လူသိရှင်ကြား နိုင်ငံတကာအသိ တရားဝင်တွေ့ဆုံပြီး အကူအညီတွေ ပေးလာပါပြီ ။ ကာကွယ်ရေးဝန်ကြီးကလည်း နိုင်ငံတကာကို ယူကရိန်းလို လက်နက်ကူညီပေးဖို့ တရားဝင် တောင်းခံလိုက်ပါပြီ ။ တိုင်းပြည်အတွက် အနစ်နာခံ ၊ ဒုက္ခခံနေသူတွေကို အသိအမှတ်ပြုပါတယ် ။

ဘကြီးအောင် LA
18 May, 2022