ၾကားသိသမွ်

“ကျောင်းတက်သင့် မတက်သင့်” ကျောင်းတွေ ပြန်ဖွင့်တော့မှာဆိုတော့ မိဘတွေ၊ ဆယ်ကျော်သက်လူငယ်တွေနဲ့ သူတို့မိဘတွေ ဖတ်ပြီး စဉ်းစားနိုင်ဖို့ပါ

“ကျောင်းတက်သင့် မတက်သင့်”

ဒေါက်တာဖြိုးသီဟ

မကြာခင် ကျောင်းတွေ ပြန်ဖွင့်တော့မှာဆိုတော့ ကလေးမိဘတွေ၊ ဆယ်ကျော်သက်လူငယ်တွေနဲ့ သူတို့မိဘတွေ ဖတ်ပြီး စဉ်းစားနိုင်ဖို့ပါ။

▪️ကျောင်းမတက်ခိုင်းတာ ပညာသင်ခွင့်ကို ပိတ်ပင်တာလား

အဲဒီ ၂ ခုက တခြားစီပဲ။ ရောချမပစ်ပါနဲ့။ ကျောင်းမတက်ခိုင်းတာက စစ်ကောင်စီရဲ့ ယန္တရားမှာ မပါဝင်စေချင်တာ။ ပညာက ဆက်သင်နေလို့ ရတယ်။ ဘယ်သူကမှ မတားမြစ်တဲ့အပြင် သင်လို့ရအောင်တောင် အမျိုးမျိုး ကြိုးစားပေးနေကြတယ်။ NUG အပါအဝင် တခြားသော အဖွဲ့အစည်းတွေလည်း အများကြီးပဲ။ တောထဲ ရောက်နေတဲ့ လူငယ်တွေကလည်း သူတို့ စာမသင်ရတိုင်း တခြားသူတွေလည်း မသင်နဲ့လို့ ပြောနေကြတာ ကျွန်တော်တော့ မမြင်ဖူးသေးဘူး။

ကျွန်တော်တို့ စီးပွားမရှာရလို့ တခြားလူတွေလည်း ဘာအလုပ်မှ မလုပ်နဲ့လို့ ပြောနေလို့မှ မရတာ။ လုပ်စရာရှိတာ လုပ်။ ဝင်ငွေပမာဏတစ်ခုကိုသာ ကူပေး။ စစ်တပ်လုပ်ငန်းတွေနဲ့တော့ မပတ်သက်နဲ့။ တခြားပါဝင်လို့ရတာ ပါဝင်။ ဒီလောက်ပဲ ပြောတာ။ ဘယ်သူမှ ကြေးတိုက်မနေဘူး။ ကိုယ့်လို မလုပ်နိုင်လို့လည်း အပြစ်တင်မနေဘူး။


အခု ပညာရေးမှာလည်း ဒီလိုပဲ။ သင်လို့ရတာ အကုန်သင်။ ကျွန်တော်တို့လည်း အွန်လိုင်းကနေ ရသလောက် လေ့လာနေတာပဲ။ ကလေးတွေ၊ လူငယ်တွေလည်း သင်ကြ။ လေ့လာကြ။ စစ်ကောင်စီက ဖွင့်တဲ့ကျောင်း၊ တက္ကသိုလ်တွေမှာသာ မတက်ဖို့ ပြောနေတာ။

▪️အင်တာနက် မရတဲ့ နေရာတွေ အများကြီး ရှိနေတော့ ဘယ်လိုလုပ်ပေးမှာလဲ
ပြန်မေးချင်တာ အရင်အာဏာမသိမ်းခင်ကရော အင်တာနက်က နေရာတိုင်း ရသလား ဆိုတာပဲ။ တိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ဆင်းရဲချမ်းသာ ကွာဟမှုက ပြဿနာရှိတယ်။ ကျန်းမာရေး စောင့်ရှောက်မှု လူတိုင်း လက်လှမ်းမမီဘူး။ ပညာရေး၊ အင်တာနက် အကုန်လုံးသည် ထိုနည်းလည်းကောင်းပဲ။ နိုင်ငံကိုက မတိုးတက်ရတဲ့ကြားထဲ လုပ်နေတဲ့ အစိုးရကိုယ်တိုင်က တော်လှန်ရေးအစိုးရပဲ ရှိသေးတယ်။ တင်းပြည့်ကျပ်ပြည့် အုပ်ချုပ်ခွင့် မရသေးဘူး။

အဲ့တော့ အခုချိန်မှာ အွန်လိုင်းက နေရာတိုင်း မရဘူး၊ Homeschooling လုပ်ဖို့က မလွယ်ဘူးတို့ ပြောပြီး အပြစ်ဖို့မနေသင့်ဘူး။ ရသလောက် ဝိုင်းလုပ်နေကြတယ်၊ ကလေးတွေ၊ လူငယ်တွေ ပညာရေး အဆက်မပြတ်ဖို့ကို။


တည့်တည့်ပြောရရင် အဲ့ဒီအင်တာနက် မရတဲ့နေရာတွေ အများကြီးရှိတယ် ဘာညာက လျှောက်အကြောင်းပြနေတာပါ။ တအားကို နွမ်းပါလှတဲ့ ရွာလေးမှာ ကလေးတွေ ကျောင်းသွားတက်လို့ ဘယ်သူမှ ဘာမှ ပြောမနေဘူး။ သို့သော် ဒဂုံ ၁ တို့၊ TTC တို့က ကလေးတွေက အင်တာနက် မရဘူးလား။ အိမ်ကနေ သင်ယူလို့ အဆင်မပြေတဲ့ ကလေးတွေလား။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကရော Online learning လုပ်ဖို့ကို ဘယ်လိုမှ အဆင်မပြေတာလား။ ကျောင်းမတက်ဖို့ ပြောနေကြတာကလည်း အဲဒီလူအုပ်စုကိုပဲ ရည်ရွယ်တာ။ ဒါကိုလည်း ရောချမပစ်လိုက်နဲ့။ တကယ် အင်တာနက် မရတဲ့ဒေသက ကလေးတွေကလည်း ရွာမီးရှို့ခံရ၊ စစ်ဘေးရှောင်နေရတာနဲ့တင် စာသင်ဖို့ကို စိတ်ကူးတောင် မယဉ်နိုင်ပါဘူး။

▪️တော်လှန်ရင်းနဲ့ ကျားကန်ပေးထားဖို့
နယ်မြေစိုးမိုးမှု ရမှ မြေပြင်မှာ ကျောင်းတွေ ဖွင့်လာနိုင်မှာ မှန်တယ်။ ခု မြောင်မှာဆို NUG အစိုးရကျောင်းတွေ ဖွင့်နေပြီ။ ရန်ကုန်၊ မန္တလေး၊ ဒီလိုနေရာတွေမှာတော့ မဖြစ်နိုင်သေးဘူး။ အဲ့တော့ အွန်လိုင်းကနေပဲ သင်စရာရှိတယ်။ ဒါကြောင့် ရေရှည်မှာ နယ်မြေစိုးမိုးမှု အားကောင်းလာအောင်၊ တော်လှန်ရေး မြန်မြန်ပြီးအောင်လည်း ဝိုင်းတွန်းကြ။ ရေတိုမှာလည်း ကျားကန်ပေးထားကြဖို့ လိုမယ်။

NUG ကနေ သင်ရိုးတွေ လုပ်ထားပေးတယ်။ လိုက်လေ့လာကြည့်။ ကိုယ့်ကလေးအတွက် ဘယ်လိုသင်ပေးလို့ ရမယ် ဆိုတာကို။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေလည်း သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂတွေကနေ သင်တန်းတိုလေးတွေ စီစဉ်နေကြတာ ရှိတယ်။ နွေဦးတက္ကသိုလ်၊ Burma Academy စတဲ့ ပုဂ္ဂလိက အွန်လိုင်းတက္ကသိုလ်တွေလည်း အများကြီး ပေါ်လာတယ်။ ဝင်ကြည့်ပါ။ လေ့လာပါ။ ကိုယ်စိတ်ဝင်စားတာရှိရင် တက်။ သင်ယူ။ ဘယ်သူမှ မတားတဲ့အပြင် အားတောင်ပေးသေးတယ်။


▪️ပညာရေးနဲ့ ပတ်သက်ရင် ပြောင်းလဲရမဲ့ အတွေး ၂ ခု
အတန်းတက်ဖို့ကို အဓိက မထားနဲ့။ စာတတ်ဖို့ကို အဓိကထား။ အခုနေသာ အတန်းမတက်ရပေမဲ့ စာသာ သင်ထားရင် နောင် အစိုးရ
အပြောင်းအလဲဖြစ်တဲ့အခါ စာမေးပွဲစစ်မယ်။ ဝင်ဖြေ။ အောင်ရင် သူ့အရည်အချင်းအလိုက် အတန်းရသွားလိမ့်မယ်။

လူငယ်တွေလည်း ဒီလိုပဲ။ ဘွဲ့ရမှ ဆိုတဲ့ အတွေးကို ဖျောက်။ (Profession အားလုံးအတွက်တော့ မဟုတ်ဘူးပေါ့။) ကမ္ဘာမှာလည်း ပြောင်းလဲလာပြီ။ အရည်အချင်းကသာ အဓိကပဲ။ အစိုးရသစ် တက်လာရင် အခု ရထားတဲ့ ဘွဲ့တွေကအစ ပြန်ရုတ်သိမ်းခံရဖို့ ရှိတယ်။ ရှက်စရာလည်း တအားကောင်းလိမ့်မယ်။ ကုန်ကုန်ပြောမယ်၊ အဲ့လိုမဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့လို စိတ်မျိုး ရှိတဲ့ လုပ်ငန်းရှင်ဆိုရင်တော့ ဘွဲ့ရခဲ့တဲ့ ခုနှစ်ကို ကြည့်ပြီး စိတ်ဓါတ်ကို ဆုံးဖြတ်မှာပဲ။ မတတ်တာက သင်လို့ရတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်က ပြင်မရဘူးကိုး။

▪️အတွေးအခေါ်​ ​တော်လှန်​ရေး
စစ်အာဏာရှင်ကိုသာမက ကိုယ့်ရဲ့ ဟောင်းနွမ်းနေတဲ့ အတွေးအခေါ်တွေလည်း တော်လှန်ဖို့ လိုတယ်လို့ ပြောကြတယ်။ ဖိုဝါဒတို့၊ လူမျိုးကြီးဝါဒတို့၊ ဘာသာရေးတို့ စသဖြင့်ပေါ့။ အဲ့လိုတော့ ပြောနေပြီး ကလေးတွေကိုကျ စစ်အစိုးရက ဖွင့်တဲ့ကျောင်းကို ပို့မလို့လား။ စစ်ကျွန်ပညာရေးကို ဆက်သင်ခိုင်းဦးမလို့လား။ ဒီအတွေးအခေါ်အဟောင်းတွေရဲ့ မြစ်ဖျားခံရာက စစ်ကျွန်ပညာရေး မဟုတ်ဘူးလား။ ဖက်ဒရယ်ဆိုတာကို နားမလည်လို့ နီပိန်း နီပိန်းနဲ့ ဆဲနေပြီး ကလေးတွေကျမှ ဘုရင့်နောင်၊ အနော်ရထာ၊ အလောင်းမင်းတရား၊ ဒီသမိုင်းတွေ သင်ခိုင်းဦးမယ်ပေါ့။

အတန်းတက်ဖို့ထက် ပညာတတ်ဖို့၊ ဘွဲ့ရဖို့ထက် တကယ်တတ်ကျွမ်းဖို့ကို ဦးစားပေးရမယ် ဆိုတာကရော ပြောင်းလဲသင့်တဲ့ အတွေးအခေါ်ထဲမှာ မပါဘူးလား။

ဆိုလိုတာက အပြစ်တင်ချင်စိတ် များပြီး ကိုယ်ဘယ်မှာ ရပ်တည်နေသလဲ ဆိုတာ မေ့သွားကြမှာ စိုးလို့ပါ။ ကလေးတွေ ကျောင်းပို့သင့်တယ် ထင်ရင် အတွေးအခေါ် တော်လှန်ဖို့ဆိုတာတွေ ပြောမနေနဲ့တော့။ တော်လှန်ဖို့ လိုတယ်ထင်ရင်လည်း ကလေးတွေကို စစ်ကျွန်ပညာရေး သွားသင်ခိုင်းမဲ့အစား NUG ကနေ ပြောင်းလဲဖို့ လုပ်နေတဲ့ ဖက်ဒရယ်ပညာရေးကို ယူကြဖို့ တတ်နိုင်တဲ့နေရာကနေ တိုက်တွန်းပေးကြပေါ့။

ကျွန်တော်တို့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေ ဒီစစ်ကျွန်ပညာရေးက ထွက်လာကြတာ၊ အရိုးစွဲနေတဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေကို ပြောင်းဖို့ ဘယ်လောက်ခက်သလဲ ပြန်စဉ်းစားကြည့်။ ကလေးအရွယ်မှာ အုတ်မြစ်ချ ပုံသွင်းမှ အဆင်ပြေမှာ။ ဒါဆို ဒီအတွေးအခေါ်တွေက အဆင်သင့် ပါလာမယ်။ ကျွန်တော်တို့လို ပြန်ပြုပြင် တော်လှန်နေစရာ မလိုတော့ဘူး။

▪️အာမခံချက် ဘာပေးမလဲ
ဟုတ်ပြီ၊ ဒါဆို ဘယ်လောက်ကြာမလဲ၊ ဘာအာမခံချက် ပေးမလဲတဲ့။ မေးကြတယ်။ ဒီတော်လှန်ရေး စခဲ့တာ ဘယ်သူက အာမခံချက် ပေးခဲ့လို့လဲ။ CDM ဝန်ထမ်းတွေက နိုင်မယ်ထင်လို့ ရုန်းထွက်ခဲ့ကြတာလား။ အဲ့တုန်းက NUG တောင် မရှိသေးဘူး၊ PDF လည်း မပေါ်သေးဘူး။

အနာဂတ်တွေ ရင်းပြီး တိုက်နေကြတဲ့ လူတွေကရော တစ်ယောက်ယောက်က အာမခံချက် ပေးထားလို့လား။ နိုင်ကိုနိုင်မယ်တို့၊ ဘယ်လောက်ကြာရင် နိုင်မယ်တို့ ပြောထားလို့၊ အာမခံထားလို့ တော်လှန်နေကြတာလား။

မဟုတ်ပါဘူး။ နိုင်မယ်ထင်လို့ တိုက်ခဲ့တာ မဟုတ်ဘူး။ မှန်တယ်မြင်လို့ မနိုင်နိုင်အောင် တိုက်မယ်ဆိုတဲ့ စိတ်နဲ့ ဒီအခြေအနေထိ ရောက်လာခဲ့တာ ဖြစ်တယ်။

ဒါကြောင့် ကလေးတွေ၊ လူငယ်တွေအနေနဲ့ ပညာဆက်သင်လို့ ရတယ်။ တော်လှန်ရေးပြီးသွားရင် အတန်းတင်ပေးမဲ့ ကိစ္စတွေ ရှိလာမယ်။ စကစ က ပေးတဲ့ဘွဲ့ကို အသိအမှတ် မပြုတာတွေ ရှိလာမယ်။ ဒါတွေတော့ အာမခံပေးလို့ ရတယ်။

မနိုင်ရင် ဘယ်လိုလုပ်မလဲလို့တော့ မမေးနဲ့။ ဘွန်းဝယ်ထားတဲ့သူ၊ EOD ရှယ်ယာဝယ်ထားတဲ့သူ၊ အနာဂတ်တွေ ရင်းပြီး တိုက်ပွဲဝင်နေကြသူ အားလုံးဟာလည်း မနိုင်ရင် အလဟဿ ဖြစ်ကုန်မှာပဲ။ ပိုက်ဆံတွေ ကုန်သွားတာက တော်သေးတယ်။ လူငယ်တွေရဲ့ အနာဂတ်ပါ အကုန်စုတ်ပြတ်သတ်ကုန်မှာ။ ဒီအတွက် မနိုင်နိုင်အောင် ကြိုးစားကြမယ်ဆိုတဲ့ စိတ်နဲ့ လုပ်နေကြတာချည်းပဲ။

ဆိုတော့ အာမခံချက် တောင်းနေတာထက်စာရင် ကိုယ်ကတော့ တော်လှန်ရေး မနိုင်မချင်း တတ်နိုင်တဲ့နေရာကနေ ပါဝင်သွားမယ် ဆိုတာမျိုးကို ကိုယ့်ကိုယ်ကိုယ် အာမခံဖို့ ပိုအရေးကြီးတယ်။ ကိုယ့်ကလေးကမှ ကျောင်းပဲ မတက်ရတာ။ စစ်ဘေးရှောင်နေရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်မလဲ။ ကိုယ့်သား ကိုယ့်သမီးကမှ ဘွဲ့မရတာ။ သေသွားတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဆို ဘယ်လိုလုပ်မလဲ။ တွေးကြည့်ကြည့်ပါ။

လူဆိုတာက သားသမီးနဲ့ ပတ်သက်လာရင် အတ္တတော့ ရှိလာတတ်ကြတာပါပဲ။ နားလည်ပါတယ်။ သို့သော် တခြားကလေးတွေ၊ လူငယ်တွေကိုလည်း ထည့်စဉ်းစားပေးစေချင်ပါတယ်။

▪️အဲ့တော့ မိဘတွေ၊ လူငယ်တွေကို တိုက်တွန်းချင်တာက –
📌 စကစ က ဖွင့်တဲ့ကျောင်းတွေမှာ မတက်ပါနဲ့။ ဒါ တော်လှန်ရေးအတွက်ပဲ ပြောနေတာ မဟုတ်ဘူး။ ကိုယ့်ကလေးရဲ့ အကျိုးအတွက်လည်း ပါတယ်။ စစ်ကျွန်ပညာရေးကို ကိုယ့်ကလေးဆီ ထပ်မပေးပါနဲ့။ အတွေးအခေါ်ဟောင်းတွေကို လက်ဆင့်မကမ်းပါနဲ့တော့။ ဖက်ဒရယ်ပညာရေးကို မြည်းစမ်းခွင့် ပေးပါ။

📌 ပညာရေး အဆက်မပြတ်သွားအောင် NUG အပါအဝင် ပညာရှင်တွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေကနေ ကြိုးစားနေတာ ရှိပါတယ်။ ပြည့်စုံလှတယ် မဟုတ်ပေမဲ့ အများကြီး အဆင်ပြေပါတယ်။ အဲဒါတွေ လိုက်ကြည့်ပါ။ လေ့လာပါ။ ပူးပေါင်းပါဝင်ပေးပါ။

📌 ခုချိန်က မိုးထဲလေထဲ ရောက်နေတာပါ။ ဝေဖန်ထောက်ပြ အကြံပြုမှုတွေလည်း လိုသလို၊ ကိုယ်တိုင်ပါဝင် အားဖြည့်ဖို့လည်း အရေးကြီးပါတယ်။ မနိုင်ရင် ဘယ်လိုလုပ်မလဲလို့ မတွေးပါနဲ့။ အဲ့လို တွေးတဲ့သူချည်းသာဆို ဒီတော်လှန်ရေးတောင် ဖြစ်လာစရာအကြောင်း မရှိပါဘူး။ မနိုင်နိုင်အောင် ငါတို့ဝိုင်းကြိုးစားကြမယ် ဆိုတဲ့စိတ်မျိုး ထားပေးပါ။

📌 တော်လှန်ရေး မြန်မြန်ပြီးမှ ကလေးတွေရဲ့ ပညာရေးအပါအဝင် ကျွန်တော်တို့အားလုံးရဲ့ ဘဝတွေ ပြန်စလို့ ရမှာဖြစ်လို့ ပညာရေးအတွက် ရေတိုကျားကန်ထားရင်း ရေရှည်အတွက် ဒီတော်လှန်ရေး အောင်မြင်အောင် ဘက်ပေါင်းစုံကနေ ပါဝင်ပေးကြပါ။

ဒေါက်တာ ဖြိုးသီဟ
၁၆.၅.၂၀၂၂

(ခရက်ဒစ် ပါ ဆရာ)