ၾကားသိသမွ်

NUG ဝန်ကြီးဒေါ်ဇင်မာအောင် RFA ရုံးချုပ်ကို အမေရိကန်အစိုးရရဲ့ လုံခြုံရေးအစီအစဉ်အပြည့်နဲ့ရောက်လာ

NUG ဝန်ကြီးဒေါ်ဇင်မာအောင် RFA ရုံးချုပ်ကို လုံခြုံရေးအပြည့်နဲ့ရောက်လာ
~~~

■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့လည်ပိုင်းမှာ ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်ကို လာရောက်ပြီး သီးသန့်အင်တာဗျူး ပေးခဲ့ပါတယ်။

ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရရဲ့ လုံခြုံရေးအစီအစဉ်အပြည့်နဲ့ လာရောက်ခဲ့တာပါ။ ဒေါ်ဇင်မာအောင် ရောက်မလာခင် တစ်နာရီလောက်အလိုမှာ RFA ရုံးချုပ်ကို အမေရိကန်နိုင်ငံခြားရေးဌာန လုံခြုံရေးအဖွဲ့ ရောက်လာပြီး ဝင်ရောက်မယ့်လမ်းကြောင်း၊ သွားလာမယ့်နေရာတွေ၊ နားနေခန်း၊ အင်တာဗျူး စတူဒီယိုခန်း၊ အင်တာဗျူးပြုလုပ်နေစဉ်အတွင်း လိုက်ပါလာသူတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ နေရာယူမယ့်အခန်း… စသဖြင့် အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

အင်တာဗျူးပြုလုပ်နေစဉ်အတွင်း လုံခြုံရေးအရာရှိတွေက စတူဒီယိုအပြင်ဘက် မှန်ပြူတင်းကတစ်ဆင့် စောင့်ကြည့်ခဲ့ကြပါတယ်။ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို နိုင်ငံခြားတိုင်းပြည်တစ်ခုက လာရောက်တဲ့ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ပြီး လုံခြုံရေးတာဝန်ယူထားတာကို တွေ့ရပါတယ်။

ဝါရှင်တန်ဒီစီကို မေလ ၁၁ ရက်နေ့က ရောက်လာတဲ့ ဒေါ်ဇင်မာအောင်ဟာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းအပါအဝင် အမေရိကန် အစိုးရထိပ်တန်း ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်အစိုးရပိုင်းအပြင် အရေးပါတဲ့ လွှတ်တော်အမတ်တွေနဲ့ ဆက်လက်တွေ့ဆုံဖို့ ရှိသလို အာဆီယံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA ရဲ့ အရှေ့တောင်အာရှ ညွန်ကြားရေးမှူး Matthew Pennington နဲ့ မြန်မာပိုင်းဌာန အကြီးတန်းအယ်ဒီတာ ဦးခင်မောင်စိုးတို့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ NUG အစိုးရအပေါ် အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား၊ စစ်ကောင်စီကို နိုင်ငံတကာရဲ့ ဝိုင်းပယ်ထားမှု၊ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုးတက်မှု… စတဲ့အချက်တွေကို မေးမြန်းခဲ့ပြီး RFA က လာမယ့်အချိန်အနည်းငယ်အတွင်း ထုတ်လွှင့်ပေးဖို့ စီစဉ်နေကြောင်း အသိပေးအပ်ပါတယ်။

Zawgyi

NUG ဝန္ႀကီးေဒၚဇင္မာေအာင္ RFA ႐ုံးခ်ဳပ္ကို လုံျခဳံေရးအျပည့္နဲ႔ေရာက္လာ
~~~

■ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ဒုတိယ နိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦး တို႔ပါဝင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာ ၂၀၂၂ ခုႏွစ္ ေမလ ၁၂ ရက္ေန႔လည္ပိုင္းမွာ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က RFA ႐ုံးခ်ဳပ္ကို လာေရာက္ၿပီး သီးသန္႔အင္တာဗ်ဴး ေပးခဲ့ပါတယ္။

ေဒၚဇင္မာေအာင္ဟာ အေမရိကန္အစိုးရရဲ့ လုံျခဳံေရးအစီအစဥ္အျပည့္နဲ႔ လာေရာက္ခဲ့တာပါ။ ေဒၚဇင္မာေအာင္ ေရာက္မလာခင္ တစ္နာရီေလာက္အလိုမွာ RFA ႐ုံးခ်ဳပ္ကို အေမရိကန္နိုင္ငံျခားေရးဌာန လုံျခဳံေရးအဖြဲ႕ ေရာက္လာၿပီး ဝင္ေရာက္မယ့္လမ္းေၾကာင္း၊ သြားလာမယ့္ေနရာေတြ၊ နားေနခန္း၊ အင္တာဗ်ဴး စတူဒီယိုခန္း၊ အင္တာဗ်ဴးျပဳလုပ္ေနစဥ္အတြင္း လိုက္ပါလာသူေတြနဲ႔ လုံျခဳံေရးအဖြဲ႕ဝင္ေတြ ေနရာယူမယ့္အခန္း… စသျဖင့္ အေသးစိတ္ ၾကည့္ရႈစစ္ေဆးခဲ့ပါတယ္။

အင္တာဗ်ဴးျပဳလုပ္ေနစဥ္အတြင္း လုံျခဳံေရးအရာရွိေတြက စတူဒီယိုအျပင္ဘက္ မွန္ျပဴတင္းကတစ္ဆင့္ ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ NUG ဝန္ႀကီး ေဒၚဇင္မာေအာင္ကို နိုင္ငံျခားတိုင္းျပည္တစ္ခုက လာေရာက္တဲ့ေခါင္းေဆာင္တစ္ဦးအျဖစ္ သတ္မွတ္ၿပီး လုံျခဳံေရးတာဝန္ယူထားတာကို ေတြ႕ရပါတယ္။

ဝါရွင္တန္ဒီစီကို ေမလ ၁၁ ရက္ေန႔က ေရာက္လာတဲ့ ေဒၚဇင္မာေအာင္ဟာ ဒုတိယနိုင္ငံျခားေရးဝန္ႀကီး ဝင္ဒီရွားမန္းအပါအဝင္ အေမရိကန္ အစိုးရထိပ္တန္း ေခါင္းေဆာင္တခ်ိဳ႕နဲ႔ ေတြ႕ဆုံခဲ့ၿပီး ျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္အစိုးရပိုင္းအျပင္ အေရးပါတဲ့ လႊတ္ေတာ္အမတ္ေတြနဲ႔ ဆက္လက္ေတြ႕ဆုံဖို႔ ရွိသလို အာဆီယံ ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႕ဆုံမွာ ျဖစ္ပါတယ္။

NUG ဝန္ႀကီး ေဒၚဇင္မာေအာင္ကို RFA ရဲ့ အေရွ႕ေတာင္အာရွ ညြန္ၾကားေရးမႉး Matthew Pennington နဲ႔ ျမန္မာပိုင္းဌာန အႀကီးတန္းအယ္ဒီတာ ဦးခင္ေမာင္စိုးတို႔က ေတြ႕ဆုံေမးျမန္းခဲ့ပါတယ္။ NUG အစိုးရအေပၚ အေမရိကန္နဲ႔ အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြရဲ့ သေဘာထား၊ စစ္ေကာင္စီကို နိုင္ငံတကာရဲ့ ဝိုင္းပယ္ထားမႈ၊ ျမန္မာျပည္ ဒီမိုကေရစီျပန္လည္ရရွိေရးအတြက္ တိုးတက္မႈ… စတဲ့အခ်က္ေတြကို ေမးျမန္းခဲ့ၿပီး RFA က လာမယ့္အခ်ိန္အနည္းငယ္အတြင္း ထုတ္လႊင့္ေပးဖို႔ စီစဥ္ေနေၾကာင္း အသိေပးအပ္ပါတယ္။