ၾကားသိသမွ်

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ကို အစည်းအဝေးတက်ခွင့်မပြုခဲ့မှု နောင်တရဟု မလေးရှားပြော

ကုလအထူးကိုယ်စားလှယ်ကို အစည်းအဝေးတက်ခွင့်မပြုခဲ့မှု နောင်တရဟု မလေးရှားပြော

ဧရာဝတီ၊ မေ ၁၂၊ ၂၀၂၂

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာကို မြန်မာစစ်ကောင်စီ၏ ကန့်ကွက်မှုကြောင့် အာဆီယံအတိုင်ပင်ခံအစည်းအဝေး တက်ခွင့်မပြုခဲ့သည့်အပေါ် နောင်တရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောကြားသည်။

မေ ၁၂ ရက် နံနက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ဝါရှင်တန်မြို့သို့ ရောက်နေစဉ် အလွတ်သဘောအစည်းအဝေးတရပ် ပြုလုပ်နေခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အကူအညီပေးရေးဆိုင်ရာ အာဆီယံအတိုင်ပင်ခံအစည်းအဝေးသို့ တက်ရောက်ခွင့် မပြုခဲ့သင့်ကြောင်းလည်း ယင်းအစည်းအဝေးတွင် ပြောသည်။

                         ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ

မလေးရှားနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မည့် အထူးကိုယ်စားလှယ်၏လုပ်ပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံသွားမည်ဖြစ်သော်လည်း အထူးကိုယ်စားလှယ်အနေနှင့် မြန်မာနိုင်ငံအရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ဝန်ကြီးက ထောက်ပြသည်။

ထို့ပြင်မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာတွင်လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကဲ့သို့သော အဖွဲ့များ ပါဝင်သင့်ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့အနေဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း အမေရိကန်အခြေစိုက် Benar News သို့ ပြောသည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရေး အတိုင်ပင်ခံအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မေ ၅ ရက်မှ ၆ ရက်ထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်အား တက်ရောက်ခွင့်ပြုကာ အကူအညီများပေးရေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံက အကူအညီပေးမည့်ဒေသများမှာ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတို့ဖြစ်ပြီး အကူအညီများကို စစ်ကောင်စီ၏လုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဘက်က သတင်းထုတ်ပြန်ထားသည်။

အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာတွင် အခြားသက်ဆိုင်သူများမပါဘဲ စစ်ကောင်စီနှင့်သာ လက်တွဲလုပ်မည့်ဆုံးဖြတ်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက ကန့်ကွက်ထားသည်။

ပုံစာ – မေ ၁၂ ရက် နံနက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး (ဓာတ်ပုံ – Saifuddin Abdullah’s Twitter)