ၾကားသိသမွ်

“လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ရုရှားနှင့် အစားထိုးခံရတဲ့NUGရဲ့ မိတ်ဆွေကြီး ချက်သမ္မတနိုင်ငံ “

“လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ရုရှားနှင့် အစားထိုးခံရတဲ့ မိတ်ဆွေကြီး ချက်သမ္မတနိုင်ငံ ”

မှတ်မိကြဦးမယ်ထင်ပါတယ် ။ ဧပြီလ ၇ ရက်နေ့တုန်းက လူ့အခွင့်အရေးကောင်စီကနေ ရုရှားကိုထုတ်ပယ်ဖို့ အမေရိကန်သံအမတ်က အဆိုပြုခဲ့တဲ့ ကိစ္စပါ ။ ဒီနေ့ မေလ ၁၀ ရက်နေ့မှာတော့ ဒီအဆိုကို လျှို့ဝှက် မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ပါတယ် ။ ဒီဆုံးဖြတ်ချက်ဟာ ရုရှားကိုထုတ်ပယ်ပြီး အစားထိုးမယ့် နိုင်ငံကိုပါ တစ်ခါတည်း ရွေးချယ်တာပါ ။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်မှု့မှာ လူ့အခွင့်အရေး ချိုးဖောက်နေလို့ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ခံထားရတာပါ ။ ဘယ်လိုမှ ပြောလို့မရတဲ့အဆုံးမှာတော့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉ ၃ နိုင်ငံက လျှို့ဝှက်မဲပေးစနစ်နဲ့ ပယ်ထုတ်လိုက်ပါတယ် ။

ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံရှိပါတယ် ။ ထိုင်ခုံနေရာတွေကို နယ်မြေအပိုင်းအခြားနဲ့ အတည်ပြုပါတယ် ။ ရုရှားဟာ ဥရောပဒေသကဖြစ်တဲ့အတွက် ဥရောပနိုင်ငံ တစ်နိုင်ငံနဲ့ အစားထိုးရတာပါ ။ မဲပေးပွဲမှာ အဖွဲ့ဝင် နိုင်ငံ ၁၈၀ က မဲပေးပါတယ် ။ ၁၅၇ နိုင်ငံက ထောက်ခံခဲ့ပြီး ၂၃ နိုင်ငံက ကြားနေခဲ့ပါတယ် ။ ကန့်ကွက်သူမရှိပါဘူး ။ ဒီမဲရလာဒ်အရ ရုရှားဟာ လူ့အခွင့်အရေးကောင်စီကနေ လုံးဝ ထုတ်ပယ်ခံရပြီး ချက်သမ္မတနိုင်ငံက ရုရှားရဲ့ထိုင်ခုံကို ရယူသွားပါတယ် ။

အမေရိကန်သံအမတ်က ရုရှားရဲ့ လူ့အခွင့်အရေးကောင်စီ ထိုင်ခုံနေရာကို ပယ်ထုတ်ဖို့ ဧပြီလ ၇ ရက်နေ့က အဆိုပြုပြီးတဲ့နောက်မှာ ရုရှားက ဒီအဆိုပြုချက်ကို သဘောထားခံယူမယ့် ရွေးကောက်ပွဲကို ဆိုင်းငံ့ထားဖို့ ရုရှားရဲ့ လက်ထောက်သံအမတ်ဖြစ်သူ Gennady Kuzmin က အဆိုပြုခဲ့ပါတယ် ။ မဲခွဲဆုံးဖြတ်ပွဲမတိုင်မီ ရက်ပိုင်းမှာတော့ အခြေအနေကို သိနေတဲ့ ရုရှားဟာ လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်ကြောင်း ကြေငြာခဲ့ပါတယ် ။ လူ့အခွင့်အရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူ ရိုလန်ဒိုဂိုမက်စ်က

” ရုရှားဟာ လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်တဲ့အတွက် လေ့လာသူအဖြစ်ကနေပါ ဆုံးရှုံးသွားပါတယ် ” လို့ ပြောကြားခဲ့ပါတယ် ။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ယူနစ်တွေဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးအဖွဲ့ ၊ ယူနီဆက်ဖ် ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဋ္ဌာနေတိုင်းရင်းသားဆိုင်ရာ ဖိုရမ်အဖွဲ့တွေကနေ ထုတ်ပယ်ခံထားရပါတယ် ။ ကမ္ဘာ့ခရီးသွားအဖွဲ့ ၊ ဖီဖာဘောလုံးအဖွဲ့ချုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အများအပြားကနေ ထုတ်ပယ်ခံထားရတာပါ ။ အီးယူကနေ ရေနံကုန်သွယ်မှု့မလုပ်ဖို့လည်း ဆုံးဖြတ်ထားပါတယ် ။

ဆိုရရင် ….၊ ပြောခဲ့ဘူးသလိုပါပဲ ။ ကုလသမဂ္ဂအဖွဲ့ကို ယူနစ်တွေနဲ့ ဖွဲ့စည်းထားတာပါ ။ လုံခြုံရေးကောင်စီ ၊ ယူနီဆက်ဖ် ၊ လူ့အခွင့်အရေးကောင်စီ ၊ စားနပ်ရိက္ခာအဖွဲ့ ဆိုသလို လုပ်ငန်းမတူတဲ့ ယူနစ်တွေနဲ့ ဖွဲ့စည်းထားတာပါ ။

ဒီယူနစ်တွေထဲမှာ လူ့အခွင့်အရေးကောင်စီနဲ့ လုံခြုံရေးကောင်စီ ထိုင်ခုံက သြဇာရှိပါတယ် ။ အမေရိကန်သမ္မတအဆက်ဆက်မှာ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်းတွေထဲမှာ လူ့အခွင့်အရေးကိစ္စကလည်း သမ္မတသက်တမ်းတိုင်းမှာ တွေ့ကြုံရပါတယ် ။ လူ အခွင့်အရေး အလေးထားတဲ့ နိုင်ငံပါ ။ အမေရိကန်တွေဟာ နိုင်ငံအတွင်းမှာ လူ့အခွင့်အရေး အလေးထားသလို ၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတစ်နိုင်ငံကိုလည်း အမေရိကန်က နည်းလမ်းအမျိုးမျိုးနဲ့ နှိမ်နင်းပါတယ် ။ ရုရှားကို လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပယ်ဖို့ကို အမေရိကန်ကနေ အဆိုပြုတာကိုကြည့်ရင် သိနိုင်ပါတယ် ။

ကောင်းပြီ ……၊ လူ့အခွင့်အရေးကောင်စီကနေ ရုရှားကို အပြီးအပိုင် ထုတ်ပယ်လိုက်ပြီဆိုတော့ ၊ မြန်မာ့အခွင့်အရေးအတွက် ဘယ်လိုလာနိုင်သလဲ .. ?

ဒီမေးခွန်းကတော့ ရှင်းပါတယ် ။ ယူကရိန်းကို လက်နက်အားကိုးနဲ့ ကျူးကျော်လိုက်ကတည်းက ရုရှားဟာ နိုင်ငံတကာဆက်ဆံရေးမှာ သံတမန်နည်းလမ်းအရ ဆုံးရှုံးသွားပါတယ် ။ ကုလသမဂ္ဂရဲ့ ယူနစ်တွေ တစ်ခုပြီးတစ်ခု စွန့်လွှတ်နေရတာကို ကြည့်မယ်ဆိုရင် အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ရုရှားကို စစ်ရေးနဲ့ အရင်ဆုံး မဖြေရှင်းသေးပဲ စီးပွားရေးပိတ်ဆို့ပြီး သံတမန်နည်းလမ်းနဲ့ ချောင်ပိတ်မိဖို့ ကျူံးသွင်းနေတာပါ ။ ကိုးကွယ်သူတွေ ရှိနေပေမဲ့ စာရေးသူကတော့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ရုရှားသမ္မတ ပူတင်လောက် တုံးအတဲ့သမ္မတ မရှိဘူးလို့ ပြောချင်ပါတယ် ။ ပူတင်ရဲ့နောက်မှာတော့ ကိုးကွယ်သူ နောက်လိုက်တွေလည်း မကြာတော့ဘူးလို့ သုံးသပ်ချင်ပါတယ် ။

အနှစ်ချုပ်ရရင် …..၊ ဒီတော်လှန်ရေးဟာ နှစ်ပေါင်းများစွာ အခြေတကျတည်ထားပြီး လက်နက်အင်အား ၊ ငွေအင်အားတေင့်တင်းတဲ့ စစ်တပ်ကို တိုက်ထုတ်နေရတာပါ ။ တစ်ဦးတစ်ယောက်တည်း တိုက်လို့မရပါဘူး ။ နိုင်ရာတာဝန်ကို ကိုယ့်အသိစိတ်နဲ့ကိုယ် ယူကြရမှာပါ ။

လက်နက်ကိုင်နည်းလမ်းနဲ့ သံတမန်နည်းလမ်းကို တာဝန်ကိုယ်စီယူပြီး တိုက်ထုတ်ရမှာပါ ။ ဒီနေရာမှာ သဘောထားကွဲသူတွေလည်း ရှိပါတယ် ။ False Hope တွေ လို့လည်း ထိုးနှက်ခံရပါတယ် ။ Under False Pretences ဆိုပြီး ဖွကြပါသေးတယ် ။ ” သတင်းသမားရဲ့ တာဝန်က သတင်းကို အသိပေးခြင်း ” ပါ ။ နိုင်ငံတကာသတင်းတွေကို အသိပေး ၊ သုံးသပ်ပါတယ် ။ အဓိကရည်ရွယ်ချက်က တော်လှန်ရေးအောင်မြင်ဖို့ ၊ စစ်အာဏာဝါဒကို အမြစ်ဖြတ်နိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်စေဖို့ပါ ။

ကုလသမဂ္ဂမှာ ရုရှားရဲ့ သြဇာအာဏာ နည်းလာလေလေ ၊ စစ်ကောင်စီအတွက် အကျပ်ရိုက်လေလေပါဘဲ ။ ဘာ့ကြောင့်လဲဆိုတော့ သံတမန်နည်းလမ်းအရ စစ်ကောင်စီကို တရားဝင်အောင် ကြိုးပမ်းပေးနိုင်တဲ့ အခွင့်အရေး နည်းသွားလို့ပါ ။ မြန်မာ့အရေး ဘယ်လိုလာမလဲဆိုရင် NUG , တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၊ ပီဒီအက်ဖ်နဲ့ ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှု့အပေါ်မှာ မူတည်ပါတယ် ။

နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ သံတမန်နည်းလမ်းအရ သူတို့လုပ်နိုင်တာကို လမ်းကြောင်းတစ်ခုအတိုင်း ကူညီပေးနေတယ်လို့ မြင်ပါတယ် ။ လူ့အခွင့်အရေးကောင်စီမှာ ရုရှားရဲ့ထိုင်ခုံကို လွှဲယူလိုက်တဲ့သူက NUG ကို ပထမဆုံး အသိအမှတ်ပြုပြီး နွေဦးတော်လှန်ရေးကို အကူအညီတွေပေးနေတဲ့ မိတ်ဆွေကြီး ချက်သမ္မတနိုင်ငံပါ ။

ဘကြီးအောင် LA
10 May, 2022