ၾကားသိသမွ်

စနစ်ဆိုးအောက်မှာဒူးမထောက် လက်မမြောက်ဘဲ ရုန်းကန်နေတဲ့ ရန်ကုန်မြို့က ညငှက်မလေး ယဉ်မွန်ရဲ့ခါးသီးလှတဲ့ဘဝ

ရန်ကုန်မြို့ ညငှက်မလေး ယဉ်မွန်

“အဆောင်မှူးရေလာပြီ။ ခဏနော်” ဆိုပြီး ဆင်းလာသူက ရင်ဖုံးလေးနှင့်ယဉ်မွန်။
ယဉ်မွန်က နာမည်လေးနှင့်လိုက်အောင် ယဉ်ကျေးသည်။ သို့သော် အတန်းပညာမတတ်။ ရုပ်ရည်ကလည်း သိပ်ပြီးထူးခြားသည့်ထဲတွင် မပါဝင်။ ယဉ်မွန်၏ ရည်ရွယ်ချက်က ရွာတွင် ရှေ့က နောင်တော်၊ အမေတော်များ၏ ဖောက်ခဲ့သည့်လမ်းအတိုင်း အရွယ်ရောက်လျှင် မြို့တက်ပြီး အဆင်ပြေရာတစ်ခုခုကို လုပ်ရင်း ဘဝကို ရပ်တည်နိုင်ရန်ဖြစ်သည်။

ရွာတွင် လုပ်စရာ အလုပ်အကိုင်များရှိသော်လည်း ပြန်ရသည့်ငွေကြေးနှင့် ပေးဆပ်လိုက်ရသည့် ပင်ပန်းမှုက မတန်။ ထို့ကြောင့် ယဉ်မွန် အကြားနှင့်ပင် သွားချင်နေခဲ့သည့် ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်လာသည်မှာ မဆန်းလှ။

ရန်ကုန်ကို စရောက်ရောက်ချင်း သူအကြားနှင့် ကြားသိရသည့် ရန်ကုန်သည် ထင်သလောက်ရပ်တည်ရန် မလွယ်လှ။ နှစ်လသုံးလခန့် အလုပ်မရှိဘဲ ရုန်းကန်လိုက်ရသည်။ ရွာမှ ရန်ကုန်ကို အစောဆုံး ရောက်ရှိနေကြသည့် မိတ်ဆွေများနှင့် မောင်နှမများ၏ အကူအညီဖြင့် ထိုအချိန်ကာလကို ကျပ်ကျပ်တည်းတည်း ဖြတ်သန်းလိုက်ရသည်။

သုံးလကျော်လောက်မှ လှိုင်သာယာစက်မှုဇုန်တွင် အထည်ချုပ်လုပ်ရန် အခွင့်အရေးရခဲ့သည်။ ခက်ခဲကျပ်တည်းနေသည့်အချိန်တွင် ယဉ်မွန်အနေနှင့် ရရှိလာသည့်အလုပ်ကို မငြင်းနိုင်ခဲ့။ ထိုအလုပ်မှ ရငွေသည် ယဉ်မွန်တစ်ကိုယ်စာအတွက်တော့ လုံလောက်သည်။

ယဉ်မွန်၏စိတ်ကူးတွင် အလုပ်လုပ်ရင်း ရရှိလာသည့်ငွေများကို ခြိုးခြံစုရင်း ရွာတွင်ကျန်ရစ်ခဲ့သည့် မိဘများကို ပြန်လည် ကျေးဇူးဆပ်ရန်ဖြစ်သည်။ ယဉ်မွန်၏ စိတ်ကူးများ အကောင်အထည် ဖော်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်ခဲ့သည်။

“ယဉ်မွန်က အသုံးကြမ်းတဲ့ထဲမပါတော့။ အထည်ချုပ်လုပ်ရင်း ရတဲ့ပိုက်ဆံက တော်တော်အဆင်ပြေတယ်။ ကြိုးစားမှုလည်းပါတာပေါ့။ ယဉ်မွန်ကို အားလုံးက ချစ်ကြတယ်။ အဲ့ဒီတုန်းကတော့ အေးအေးဆေးပဲ”ဟု အဝေးတစ်နေရာကို ငေးကြည့်ရင်း အဆင်ပြေခဲ့သည့် ကာလများကို တမ်းတ ပြောရှာသည်။

မြန်မာနိုင်ငံကို ကိုဗစ်ကပ်ရောဂါစတင်ကျရောက်ချိန် ယဉ်မွန်တို့ ကောင်းကောင်းမသိသေး။ ကိုဗစ်ဟု ပြောနေကြသော်လည်း ယဉ်မွန်တစ်ယောက် အလုပ်အဆင်ပြေရေးနှင့် သူ့ရည်မှန်းချက်အောင်မြင်ရေးအတွက်သာ အားကြိုးမာန်တက် ကြိုးစားနေရှာသည်။
နောက်ပိုင်း ဗိုင်းရပ်စ်က ဆိုးဆိုးရွားရွားဖြစ်လာ၍ စက်ရုံအလုပ်ရုံများ အဓိက ထိခိုက်လာကြတော့သည်။ အလုပ်သမားများလည်း ကျပ်တည်းမှု စတင်ကြုံတွေ့လာရတော့သည်။

“ကိုဗစ်အရမ်းဖြစ်လာတော့ လူတွေသေတဲ့သတင်းတွေကြားရလာတယ်။ စက်ရုံလည်း အစကတော့ ရပ်တည်လို့ရအောင်ကြိုးပမ်းပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံး လူလျှော့တာတွေလည်း စတင်ဖြစ်လာတော့တယ်”ဟု ယဉ်မွန်က ဆက်ပြောသည်။

လူလျှော့သည့်အချိန်တွင် ယဉ်မွန်တစ်ယောက်မပါဝင်ခဲ့သေး။ သို့သော် အလုပ်လုပ်ရင်းရသည့်ငွေသည် ယခင်ကထက် ကျဆင်းလာတော့သည်။

ယဉ်မွန်တစ်ယောက် ကိုဗစ်စိန်ခေါ်မှုများကြားက ဘဝရပ်တည်နိုင်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် အလုပ်ကြိုးစားတိုင်းလည်း အောင်မြင်မှုမရနိုင်ဆိုသည့်အချက်သည် ယဉ်မွန်ကိုပါ ထိခိုက်လာသည်။ ကိုဗစ်အကျပ်အတည်းများ ရင်ဆိုင်ဖြတ်သန်းရင်းမှ မြန်မာနိုင်ငံကို ကိုဗစ်ထက် ဆိုးရွားလွန်းသည့် ကံဆိုးမိုးမှောင်မှုကြီး ကျရောက်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ ယဉ်မွန်တစ်ယောက် နိုင်ငံရေးနှင့် ပတ်သက်သည့် ကိစ္စများကို ကောင်းကောင်း နားမလည်နိုင်ရှာ။ အာဏာသိမ်းမှုသတင်းကို နောက်တစ်ရက်မှ သိသည်။

အာဏာသိမ်းမှုကြောင့် ဘာတွေဆက်ဖြစ်လာမလဲ ယဉ်မွန်မသိ။ စက်ရုံအလုပ်ရုံတွင် အလုပ်ကြိုးစားရင်း လူလျှော့စာရင်းတွင် မပါဝင်ရန်သာ ယဉ်မွန်အတွက် အဓိက ဦးစားပေးဖြစ်သည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် လူထုအုံကြွမှု ဖြစ်ပေါ်လာခဲ့သည်။

ပြည်သူများသည် စစ်တပ်၏ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ရပ်တည်ချက်များကို ထုတ်ဖော်ပြသခဲ့သည်။ မျှော်မှန်းထားသလို အေးဆေးစွာ မပြီးဆုံးခဲ့ဘဲ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့၏ မူလဇာတ်ရုပ်ကို အပီအပြင် လုပ်ဆောင်လာခဲ့ကြသည်။

ပြည်သူများအပေါ် အကြမ်းဖက်သထက်ဖက်လာပြီး နောက်ဆုံး ဆန္ဒပြသူများကို သေနတ်များဖြင့် ပစ်သတ်မှုများပါ လုပ်ဆောင်လာခဲ့သည်။


“အစောပိုင်း ဆန္ဒပြကြတော့ ယဉ်မွန်တို့ ပါဝင်ခဲ့သေးတယ်။ သေချာတာတစ်ခုကတော့ နိုင်ငံရေးကို ယဉ်မွန်မသိဘူး။ ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတဲ့ ပြည်သူတွေကို သတ်ဖြတ်တာတွေကိုတော့ မုန်းတယ်”ဟု ပြောရှာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အခြေခံလူတန်းစားများအတွက် နေချင်စရာနိုင်ငံတစ်ခုမဟုတ်သည်မှာ သေချာသွားခဲ့သည်။ ယဉ်မွန်တို့၏ အလုပ်ရုံလည်း ပိတ်သွားခဲ့သည်။ လှိုင်သာယာတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များသည် အလွန်ဆိုးရွားခဲ့သည်။

အကြမ်းဖက်စစ်တပ်နှင့် ပြည်သူများ၏ ထိပ်တိုက်တွေ့ဆုံမှုများသည် လုံးဝမမျှတခဲ့။ လှိုင်သာယာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်မှုများပြုလုပ်ခဲ့သည်။

အကြမ်းဖက် စစ်တပ်ကြောင့် လူပေါင်းရာချီသေဆုံးခဲ့ကြသလို၊ စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်များပါ လုံခြုံမှုမရှိတော့ဘဲ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ ကြုံတွေ့ခဲ့ရသည်။

“ယဉ်မွန်တို့စက်ရုံလည်း ပိတ်လိုက်တယ်။ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့။ လုံးဝစိတ်ဓာတ်ကျသွားတယ်”ဟု သူကဆက်ပြောသည်။
ယဉ်မွန်တစ်ယောက် စုဆောင်းထားသည့် ပိုက်ဆံများကို မိဘများကိုလည်း ပြန်မထောက်ပံ့နိုင်။ ခြိုးခြံချွေတာရင်း အလုပ်လက်မဲ့ဖြင့် ၅ လလောက် ဖြတ်သန်းခဲ့ရသည်။ ယဉ်မွန်ကံကောင်းသည်။ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း အလုပ်တစ်ခု ရရှိလိုက်သည်။

“အလုပ်ရတော့ဝမ်းသာတာပေါ့။ အရင်လိုတော့မဟုတ်ဘူး ပါကင်ပိတ်တဲ့အလုပ်ပါ။ ဒီလိုအခြေအနေမျိုးမှာ အလုပ်ရတာပဲကံကောင်းတယ်လေ”ဟု စိတ်ဓာတ်ကျနေသည့် ပုံစံဖြင့် ပြောသည်။ သို့သော်ယဉ်မွန် ကံမကောင်းနိုင်ခဲ့။ အလုပ်သစ်ရပြီး နှစ်လအကြာမှာ ပါကင်ပိတ်လုပ်ငန်းအတွက် အဓိက အရေးအပါဆုံးဖြစ်သည့် လျှပ်စစ်မီးရရှိမှု ခက်ခဲမှုများဖြစ်လာသည်။

ယဉ်မွန့်အတွက် ကိုဗစ်၊ စစ်အာဏာသိမ်းခြင်း၊ EPC စသည့် စကားလုံးများသည် စိတ်ပျက်ခြင်းအတိဖြစ်စေသည့် စကားလုံးဖြစ်ရတော့သည်။ အလုပ်သစ်ကလည်း အဆင်မပြေဖြစ်လာပြီး ယဉ်မွန်တစ်ယောက် ဘဝရပ်တည်ရန် ခက်ခဲလာ၍ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရတော့သည်။


“ဒီဆုံးဖြတ်ချက်ကို ချဖို့ တော်တော်ခက်ခဲတယ်။ မိဘတွေကိုလည်း မပြောရဲဘူး။ အခုထိလည်း တိတ်တိတ်လေးပဲနေတယ်။ မသိမသာဘဲနေတယ်။ အခုကာလမှာ ဘဝရပ်တည်ဖို့က ယဉ်မွန်တို့လို အခြေခံလူတွေအတွက် မဖြစ်နိုင်တော့ဘူး”ဟု သူက ဆက်ပြောသည်။

ယဉ်မွန်တစ်ယောက် ညငှက်မလေး လုံးလုံးဖြစ်ခဲ့ရသည်။ ရိုးသားကြိုးစားပြီး စီးပွားရှာခဲ့သော်လည်း ကံက မျက်နှာသာမပေးတာကြောင့် ယခုလို ပိုက်ဆံရှာနည်းနှင့် ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်၊ အာဏာသိမ်းသူတွေနဲ့ EPC တို့ကြောင့်လို့ပဲ ပြောရင်ရမလားဘဲ။ ယဉ်မွန်အတွက်တော့ အခုလိုဘဝမျိုးဖြစ်လာရပြီ။ တခြားအလုပ်တွေလည်း ယဉ်မွန်တို့လို လူတွေအတွက် အဆင်မပြေပါဘူး။ ပညာလည်းမတတ်၊ ဘာလည်းမတတ်ဆိုတော့၊ ယဉ်မွန်တို့ထက် ပညာတတ်တဲ့ လုပ်တတ်ကိုင်တတ်တဲ့သူတွေတောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်မှတ်လား”ဟု စို့နင့်စွာ ပြောသည်။

“ပြောရရင် ဖိနပ်စီးတဲ့ ကြက်ပေါ့နော်။ ဒဂုံဆိပ်ကမ်းဖက်ခြမ်းဆိုရင် တစ်ခါလိုက်ရင် ၈၀၀၀ လောက်ရတယ်။ စစချင်းမှာပဲ ခြုံထဲခေါ်သွားခံရဖူးတယ်။ နောက်တော့ အဲ့လိုမျိုးဆို မလိုက်ရဲတော့ဘူး”ဟု အလုပ်နေရာသစ်တွင် ကြုံတွေ့ရသည့် အခက်အခဲကို ပြောရှာသည်။

ယဉ်မွန်တို့လို အထည်ချုပ်လောကမှ ညငှက်မလေးများဘဝသို့ ရောက်ရှိလာသည့်သူပေါင်း ရာချီရှိကြောင်းလည်း သိရှိရသည်။ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ စာမတတ်ဖြစ်နေမှုနှင့် လုံခြုံမှုမရှိတော့သည့် အခြေအနေများသည် အဆိုးရွားဆုံးဖြစ်နေခဲ့သည်။

“တချို့က မိဘမရှိကြတော့ဘူး။ ဒီအလုပ်လုပ်တာ အေးအေးဆေးဆေးလိုတောင် ဖြစ်နေပြီ။ ယဉ်မွန်တို့လို မိဘရှိသေးတဲ့သူတွေတော့ ရှိပါတယ်။ ယဉ်မွန့်လိုပဲ ဘယ်သူမှမပြောဘဲ တိတ်တိတ်လေး အခုအလုပ်လုပ်ရင်း ဖြတ်သန်းနေရတာပါ”ဟု လုပ်ဖော်ကိုင်ဖက်များအတွက်ပါ စိတ်မကောင်းဖြစ်ကြောင်းပြောပြီး အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ညငှက်အလုပ်သည် ထွက်ပေါက်အလုပ်တစ်ခုလိုပင်ဖြစ်နေပြီဟု ပြောရှာသည်။

လက်ရှိတွင် ယဉ်မွန်တစ်ယောက် တစ်ညသုံးသောင်းအထိ ရရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ်ကို ဆက်လက်အရင်းပြုနေရဆဲဖြစ်နေသည်။ “တစ်ညသုံးသောင်းနဲ့ ကာမအလိုရှိသည့်သူတွေကို ဖြည့်ဆည်းနေရတယ်”ဟု ယဉ်မွန်ကပြောသည်။

ညငှက်အလုပ်ကို လုပ်ရင်း ပင်ပန်းမှုများကြားမှ ရယ်စရာများနှင့် အံ့အားသင့်စရာအခြေအနေများလည်း ကြုံတွေ့ခဲ့ရကြောင်းလည်း ယဉ်မွန်က ဖောက်သည်ချပြန်သည်။ “တချို့ဆို ဘာမပြောညာမပြောနဲ့ အောက်ခံဘောင်းဘီယူသွားတယ်။ မနည်းပြန်တောင်းတာတောင် အမှတ်တရဆိုပြီး သိမ်းသွားသေးတာ”ဟု ရယ်ရယ်မောမောနှင့် ပြောပြသည်။

လက်ရှိတွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများသည်လည်း တောင်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ကြည့်မြင်တိုင်တဖက်ကမ်းရှိ အလတ်ချောင်းရွာ၊ ဆိပ်ကြီးရွာနှင့် ဗေဒါရပ်ကွက်တို့တွင် တလုံးကျင်း(လိင်တခါပြု) ၈၀၀၀ ကျပ်၊ တစ်ညကို သုံးသောင်းကျပ်နှင့် အဆင်ပြေမည့် သူမျိုးတွေ့လျှင် လိုက်အိပ်လေ့ရှိကြောင်းပြောသည်။

“လိင်အကျိူးဆောင်တွေနဲ့နေရင်တော့ အိမ်လခနဲ့ စားစရိတ်ကပူစရာမလိုဘူး။ သူတို့က သူတို့အိပ်ဆိုတဲ့သူနဲ့အိပ်ရတယ်။ မအိပ်ရင်ရိုက်တယ်။ ရဲတွေနဲ့လည်းပိုင်တော့ သူတို့ကိုရှောင်တယ်။ ယဉ်မွန်တို့ကတော့အဲ့လိုနေဖို့ ကြောက်တယ်” ဟု အဆောင်ငှားနေထိုင်နေသည့် ယဉ်မွန်က ပြောသည်။

“ခေါင်း”အောက်မှာ ပြည့်တန်ဆာလုပ်ကိုင်နေကြသည့် အမျိုးသမီးတွေကို မင်္ဂလာဒုံ(ခရေပင်လမ်းခွဲအနီး)၊ အဝေးပြေးကားဝင်း၊ လှိုင် ၆မိုင်ခွဲ၊ ကြည့်မြင်တိုင်ငါးဈေးအနီး၊ တာမွေမြို့နယ်က ဖိုးစိန်လမ်းနှင့် အင်းလျားကန်ဘောင်၊ ရန်ကင်းကန်ဘောင်၊ သမိုင်းလမ်းဆုံနှင့် တာမွေမြို့နယ် ကျားကွက်သစ်လမ်းများတွင် လူထင်ပြပြီး လိင်ဝန်ဆောင်မှုပေးတာမျိုး ပြုလုပ်ကြသည်ဟု သူမက ဆိုသည်။

ပြည်တန်ဆာလောကထဲတွင် တချို့အထက်လွှာဟု ဆိုကြသည့်သူများသည် သိန်းကြီးပိုင်းရကြပြီး အစားစားရှိကြောင်း ပြောပြန်သည်။ “ရုပ်ရည်ပိုင်း၊ ဘော်ဒီပိုင်းအရတော့ ကွာသွားတာပေါ့။ သူ့အလွာနဲ့သူ ဈေးကတော့ ရှိနေကြပါတယ်။ ယဉ်မွန်တို့ကျတော့ မရဘူး”ဟုဆိုသည်။ သို့သော် မိမိလုပ်နေသည့် အလုပ်ကို အလုပ်နှင့်တူအောင်လုပ်ပြီး ဖောက်သည်များ ယုံကြည်အောင် နေထိုင်သည်ဟု ဆက်ပြောသည်။


ရန်ကုန်မြို့တွင် လူရည်လည်သူများက ညငှက်မလေးများကို မူးယစ်ဆေးဝါး ဖြန့်ဝေခိုင်းသည့် Hi မယ်များအဖြစ်ထိ ခိုင်းစားကြသလို အကြမ်းဖက်စစ်ကောင်စီကို ဆပ်ကြေးပေးထောက်ပံ့မှု (အခွန်)များ ပေးကာ ဖြတ်သန်းနေသူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။
တချို့ ပိုက်ဆံတတ်နိုင်သူများအတွက် နေရာများ သီးသန့်များရှိပြီး ယင်းနေရာများတွင် အစုံရသည်ဟု ယဉ်မွန်က သူ့သူငယ်ချင်းများ၏ အတွေ့အကြုံများထဲမှ တစ်ခုကို ပြောပြသည်။

“အထဲမှာက Freedomပဲ။ အကုန်လုပ်လို့ရတယ်။ တောသူမတွေလဲ ပြင်ဆင်ပေးလိုက်တော့ လန်ထွက်နေရော။ ဈေးကတော့ မြောက်တယ်။ ONS (တစ်ညအိပ်)ကို တစ်သိန်းခွဲကနေ လေးသိန်းအထိရှိတယ်။ စကစကို ခေါင်းထဲထည့်စရာကိုမလိုဘူး”ဟု ပြောသည်။
သို့သော် နိုင်ငံရေးအခြေအနေအရ အကြမ်းဖက်စစ်အာဏာရှင်ကို ဖြတ်ချရန် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းနေကြသော်လည်း အချို့မှာ ပျော်ပါးမှုများနှင့် အချိန်ကုန်နေကြသည်ကိုလည်း ယဉ်မွန်က ပြောသည်။

“နိုင်ငံရေးဆိုတာ ဘာမှန်းမသိပေမယ့် အခုလက်ရှိအခြေအနေဟာ မဟုတ်မှန်ဘူးဆိုတာတော့သိတယ်။ PDF လေးတွေကိုလည်း ဘေးကင်းစေချင်တယ်။ အမြဲဘုရားမှာ ဆုတောင်းဖြစ်တယ်။ ဒီအခြေအနေကြီးအမြန်ဆုံးလွတ်မြောက်ပါစေလို့”ဟု စိတ်ပျက်လက်ပျက်နှင့် ပြောသည်။

ယဉ်မွန်က လက်ရှိအလုပ်ကို ဘဝရပ်တည်ရေးအတွက် လုပ်ဆောင်နေရသော်လည်း အမြန်ဆုံး လွတ်မြောက်ချင်ပြီဟု ပြောသည်။ မြန်မာနိုင်ငံပြည်သူအပေါင်း ယခင်ကလို ပျော်ပျော်ရွှင်ရွှင်နှင့် ဖြတ်သန်းနေကြသည်ကို ပြန်လည်မြင်လိုကြောင်းလည်းပြောရှာသည်။ ယခုတွင် အိမ်ကို မပြောရဲသေးဘဲ ဘဝရပ်တည်ရေးကို တိတ်တဆိတ်ဖြေရှင်းရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။

“ အမေများနေ့မှာ အမေ့ကို ဖုန်းမဆက်ရဲဘူး။ ကိုယ့်ဘဝကိုယ်မလုံသလိုဖြစ်နေတာ။ အမေ့ကို အရင်လို ရိုးရိုးသားသား ကြိုးကြိုးစားစား ရှာဖွေတဲ့ငွေနဲ့ အမြန်ဆုံးထောက်ပံ့ချင်နေပြီ”ဟု ပြောရင်း ယဉ်မွန်မျက်ဝန်းမှ မျက်ရည်များ ရီလေးခိုလာသည်။

မည်သို့ပင်ဆိုဆို ယခုတော်လှန်ရေးသည် မည်၍ မည်မျှ ကြာလေဦးမည်မသိ၊ ယဉ်မွန်လို ခက်ခဲပြီး ညငှက်လေးများအဖြစ် ဖြတ်သန်းနေသည့် အမျိုးသမီးငယ်များအတွက်တော့ ဆက်လက်ရုန်းကန်ကြရဦးမည်ဆိုသည်မှာ အတိအကျပင်ဖြစ်သည်ဟုသာ ဆိုလိုက်ချင်တော့သည်။

သီဟရေးသည်။ crd-MPA
ပုံစာ- ဈေးညှိနေသည့် ပြည့်တန်ဆာတစ်ဦး။