ၾကားသိသမွ်

အလောင်းများကို အညစ်အကြေးများဖြင့် ဆေးဖော်သည့် ထိုင်းအဘိုးအို ဖမ်းဆီးခံရ

အလောင်းများကို အညစ်အကြေးများဖြင့် ဆေးဖော်သည့် ထိုင်းအဘိုးအို ဖမ်းဆီးခံရ

ထိုင်းအရှေ့မြောက်ပိုင်း ချိုင်းယဖုမ်းခရိုင် ခွဏ်းဆန်မြို့နယ် ခလောင်းကန်ရွာမှာ သူ့ကိုယ်သူစ ကြဝဠာဖန်ဆင်းရှင် တန်ခိုးရှင်၊ ဖရပီတာ (ဖဘုရား) လို့ခေါ်ပြီး တကိုယ်ရည်အညစ်အကြေးတွေနဲ့ ဆေးဖော်၊ လူသေအလောင်းတွေကို မသင်္ဂြိုဟ်ဘဲ နတ်ပြည်ပို့ဖို့ သိမ်းထားတဲ့ အဘိုးအိုတယောက်ကို တာဝန်ရှိသူတွေက မေ ၈ ရက်နေ့က သွားရောက်ဖမ်းဆီးလိုက်ပါတယ်။

ဒီမတိုင်ခင်က အသက် ၈၀ ကျော်အဘွားတယောက်ဟာ နေအိမ်မှအတန်ကြာပျောက်ဆုံးနေပြီး သားသမီးတွေက လိုက်လံစုံစမ်းရာမှာ အဆိုပါအဘိုးအိုရဲ့ တရားစခန်းမှာ ရောက်ရှိနေကြောင်း၊ အဘိုးအိုက သူဟာ စကြဝဠာဖန်ဆင်းရှင် တန်ခိုးရှင် ရသေ့တပါးလို့ပြောပြီး အနာရောဂါ အမျိုးမျိုးကို ကုသပေးကြောင်း၊ ဒါပေမယ့် သူဟာ ၇ လကျော် ရေမချိုးဘဲ ဂျီးတွေစုထားပြီး တွန်းလို့ရတဲ့ဂျီးတွေရော၊ သလိပ်၊ တံတွေး၊ ကျင်ကြီး၊ ကျင်ငယ်ရေတွေစုကာ မွမ်းမံထားတဲ့ ဆေးရည်တွေနဲ့ရောပြီး စားဆေး လိမ်းဆေးလုပ်နေတာတွေကြောင့် အဘွားရဲ့သားသမီးတွေက သည်းမခံနိုင်ဘဲ မိခင်ဖြစ်သူကို ပြန်ခေါ်ခဲ့ကြောင်း၊ မိခင်မှာ အဘိုးအိုကို ကြည်ညိုသဒ္ဓါပွားပြီး အိမ်ကို ပြန်မလိုက်ဘဲ ပေတေနေသလို မိခင်လို မှိုင်းမိနေတဲ့အခြားသူတွေလည်းတွေ့ရလို့ သားသမီးတွေက မော်ပလာလို့ခေါ်တဲ့ အထက်လမ်းဆရာကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အထက်လမ်းဆရာကလည်း စုံစမ်းစစ်ဆေးမှုတွေပြုပြီး အဘိုးအိုရဲ့လုပ်ရပ်မမှန်ကန်လို့ သက်ဆိုင်ရာကို တိုင်ကြားပြီး အဆိုပါတရားစခန်းအား အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။

အဘိုးအိုမှာ အသက် ၇၄ နှစ်ရွယ်ရှိ နိုင်းထဝီး နန်လား ဆိုသူဖြစ်ပြီး ယခင်က ကိုရင်ဝတ် သင်္ကန်း စည်းဖူးသူ၊ အဲဒီနောက် ရသေ့ဝတ်စုံပြောင်းဝတ်ပြီး အဆိုပါနေရာမှာ လာရောက်စခန်းဖွင့်နေတာ ၄ နှစ်ရှိပြီလို့ ဆိုပါတယ်။

သူဟာ အနာရောဂါတွေ ကုသပေးတဲ့အပြင် သေဆုံးသူတွေကို နတ်ပြည်ရောက်အောင် ပို့ဆောင်ပေးနိုင်ကြောင်း အယုံသွင်းထားတဲ့အတွက် သူ့ဆီမှာ လာအပ်ထားတဲ့အလောင်း ၁၁ လောင်းရှိပြီး စနစ်တကျဆေးထိုးထားခြင်းမရှိတာကြောင့် အနံ့အသက်တွေနဲ့ နံစော်နေကြောင်း၊ တာဝန်ရှိသူတွေက အဆိုပါအလောင်းတွေကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံ သယ်ဆောင်သွားကြပါတယ်။

အဘိုးအိုကို သွားဖမ်းတဲ့အချိန် ကြည်ညိုသူလူအချို့က တာဝန်ရှိသူတွေကို ရန်တွေ့သလို မဖမ်းဖို့ ငိုယိုတောင်းပန်တာတွေလည်း ရှိခဲ့ပါတယ်။

အဆိုပါတရားစခန်းမှာ အကျယ် ၁၃ ဧကခန့် မြေကွက်ပေါ်မှာတည်ဆောက်ထားပြီး ဘေးမှာလည်း လူ ၃၀ လောက်ကို တဲထိုးပေးပြီး အခမဲ့နေထိုင်ခွင့်ပြုထားကြောင်း၊ ဒါပေမယ့် အဲဒီမြေဟာ ကျေးရွာပိုင် အများပိုင်စားကျက်မြေထဲမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဘိုးအိုရဲ့ တဲစခန်းနဲ့ အနီးနားကတဲအိမ်တွေကို ၇ ရက်မှ ၁၅ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားပါတယ်။

တာဝန်ရှိသူတွေက အဘိုးအိုကို ခရိုင်အကျဉ်းထောင်မှာ ယာယီထိန်းသိမ်းထားပြီး အများပိုင်နယ်မြေ ကျူးကျော်မှု၊ ကူးစက်ရောဂါကာကွယ်တားဆီးရေးဥပဒေချိုးဖောက်မှု၊ ခွင့်ပြုချက်မရဘဲ လူသေအလောင်းများအား ရွှေ့ပြောင်းမှု၊ အလောင်းဖျောက်ဖျက်သိမ်းဆည်းမှု၊ ကိုဗစ်-၁၉ ဥပဒေအရ တားမြစ်ထားတဲ့ လူစုလူဝေးပြုလုပ်မှုတွေနဲ့ ကနဦးအမှုဖွင့်ထားပါတယ်။

အဘိုးအိုကို ထိန်းသိမ်းထားစဉ်မှာဘဲ ခွဏ်းဆန်ပြည်သူအချို့က ရဲစခန်းရှေ့ လာရောက်ပြီး သူတို့ ဒေသပုံရိပ်ကို ထိခိုက်အောင်လုပ်တဲ့ အဘိုးအိုကို ထိရောက်စွာအပြစ်ပေးကာ နယ်မြေထဲကကနေ အပြီးအပိုင် နှင်ထုတ်ပစ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မေလ ၁၀ ရက်နောက်ဆက်တွဲသတင်းမှာတော့ အဘိုးအိုကို ဘတ်ငွေ ၅ သောင်းအာမခံနဲ့ အပြင်ကနေ အမှုရင်ဆိုင်ဖို့ လွှတ်ပေးလိုက်ကြောင်း၊ ဒါပေမဲ့ အဘိုးအိုဟာ သူ့စခန်းကိုလည်း ပြန်မလာ ဘယ်ထွက်သွားမှန်းမသိဘဲ ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ DVB