ၾကားသိသမွ်

“1 Billion ဆိုရင် လုံလောက်ပါတယ်”

“1 Billion ဆိုရင် လုံလောက်ပါတယ်”

မြန်မာ့နွေဦးတော်လှန်ရေးကို နိုင်ငံတကာရဲ့ချဉ်းကပ်ဆောင်ရွက်မှုတွေက ဘာတွေမှားနေလဲ၊ ဘယ်လိုလိုအပ်ချက်တွေ ရှိနေလဲ၊ ဘာကြောင့် ပြည်သူ့ခုခံတွန်းလှန်စစ်အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ရန်ပုံငွေနဲ့ လက်နက်အကူအညီတွေ မရရှိတာလဲ၊ မြန်မာနိုင်ငံရဲ့ ရန်သူနဲ့မိတ်ဆွေနိုင်ငံများအနေနဲ့ ယူကရိန်းနဲ့ မြန်မာကို ဘာကြောင့် ကွဲပြားစွာတုန့်ပြန်ကြလဲ ဆိုတာတွေကို ဧရာဝတီနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပြပေးထားပါတယ်။

အပိုင်း ၁ ကို “လူထုတော်လှန်ရေးက တနှစ်ကျော်ကြာလာပြီ” မှာ ဖတ်ရှုနိုင်ပြီး ဆက်လက်ဖတ်ရှုရမှာက အပိုင်း ၂ ပါ။

မေး။ ။ နောက်တခုက US$ 1 Billion ကိစ္စပေါ့၊ ဒါက အလှည့်အပြောင်း ဖြစ်သွားနိုင်တယ်လို့ ပြောထားတာရှိတော့ ဘယ်လိုမျိုး တိုးတက်မှုရှိလဲ။ ရနိုင်မယ့်အနေအထား ရှိလား။

ဖြေ။ ။ ကျမတို့ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ရော၊ နောက် သက်ဆိုင်တဲ့ ဆက်စပ် တွေလည်းပါတဲ့ 1 Billion ကို ဘယ်လို ပြန်ရအောင်လုပ်မလဲ ဆိုတာကို စီမံဘဏ္ဍာဝန်ကြီးကနေပြီးတော့ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူပြီး ကျမတို့ကော်မတီ ဖွဲ့ထားတာရှိပါတယ်။ အဲဒီ ကော်မတီကနေပြီးတော့ စဉ်ဆက်မပြတ် US ဘက်မှာရော မူဝါဒ ဘယ်လိုသွားဖြစ်နေလဲ။ ကျမတို့ဘက်က တောင်းတိုင်းလည်း ပေးနိုင်တဲ့ အနေအထားရှိလားပေါ့။ တော်ကြာ ကျမတို့ Energy တွေက မရနိုင်တဲ့နေရာမှာ သွားသုံးနေမိမှာလည်း ချိန်ဆရတယ်ပေါ့။ ဒီလိုမျိုး တဖက်ကလည်း ဘာနဲ့ဆက်စပ်နေလဲ ဆိုတော့ ကျမတို့ရဲ့ Capacity ကျမတို့ကို သူတို့ဘယ်လောက်အသိအမှတ်ပြုလဲဆိုတဲ့အပေါ်မှာလည်း ဆက်စပ်နေတယ်ပေါ့။ လက်တွေ့ကျတဲ့ မေးခွန်းက ကျမတို့ရဲ့ ငွေကြေးစီးဆင်းမှု၊ စီမံမှုတွေ၊ ဒါတွေကို ဘယ်လိုသွားမလဲ။

ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ ကျမတို့ ဘတ်ဂျက်အစီအရင်ခံစာ ထုတ်ထားတာရှိပါတယ်၊ စီမံ ဘဏ္ဍာကနေ။ ဒါသည်ပင် ခုန 1 Billion ရရှိရေးအတွက် ကျမတို့ဘက်က ခင်းနေတဲ့ အခင်းအကျင်းလို့ပဲ ကျမအနေနဲ့ ပြောချင်ပါတယ်။ ဒီအတွက် ကျမတို့ ကော်မတီတရပ်ဖွဲ့စည်းထားပြီးတော့ စဉ်ဆက်မပြတ်ရရှိရေးအတွက် ဆောင်ရွက်နေတာ ရှိပါတယ်လို့ပြောချင်ပါတယ်။

မေး။ ။ တရားဝင်အစိုးရအဖြစ် သတ်မှတ်ရင် မြန်သွားမယ့်အပိုင်းရှိတယ် ပြောရမှာပေါ့။ အဲဒီအပိုင်းမှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ US ဘက်ကနေ ကျမတို့ လိုချင်တဲ့အတိုင်းအတာအထိ မဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့ တိုးတက်မှုရှိတယ်လို့ ပြောလို့ရတယ်။ ဥပမာ National Defense Authorization Act လို ကိစ္စမျိုးမှာ သူက ဒီထဲမှာ တချို့ ဥပဒေမျိုးမှာဆိုရင် NUG ကို တရားဝင်ဖြစ်အောင် ကူညီပေးဖို့ဆိုတဲ့ စာကြောင်းတွေ ပါလာတာ တွေ့ရတယ်။ ဒါကိုက ဒီအပေါ်မှာကိုင်ပြီး ကျမတို့က ချဉ်းကပ်ရမှာပေါ့။ ဒီအတွက်လည်း ကျမတို့ ပြင်ဆင်နေတာတွေ ရှိပါတယ်။

မေး။ ။ Budget ကိစ္စလည်း ပြောသွားတာဆိုတော့ ဟိုတလောက ထုတ်တာမှာ ကာကွယ်ရေးအတွက် သန်း ၃၀ သုံးနိုင်ခဲ့တယ်ဆိုတာ ပြောတယ်။ သန်း ၃၀ က အရမ်းနည်းတယ်ဆိုပြီး အံ့သြ သွားကြတာတွေလည်း ရှိတာကိုး။ ဆိုတော့ ခုနကလို 1 Billion ရမယ်ဆို ဘယ်လောက်အထိ အကူအညီဖြစ်သွားနိုင်မလဲ။ ကာကွယ်ရေး ဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ရော တခုခု ရည်မှန်းချက် ထားတာမျိုးရှိလား။

ဖြေ။ ။ ကျမတို့ဘက်က ရည်မှန်းချက် ထားထားတာမျိုး ရှိပါတယ်။ အသေးစိတ်ထုတ်မပြောတာ နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘာလို့ဆို ပြောရင် စစ်ကောင်စီနဲ့ သူ့ရဲ့လူတွေက ကျမတို့ကို အနှောင့်အယှက်ပေးသလို လုပ်မှာပဲလေ။ ဘယ်နိုင်ငံဖြစ်ဖြစ်ပါ၊ စစ်ရေးအသုံးစရိတ်တွေက အများဆုံးသုံးရတဲ့ ကဏ္ဍထဲမှာ ပါတတ်ကြပါတယ်။ ကျမတို့ NUG အစိုးရကလည်းပဲ တော်လှန်ရေးအစိုးရ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအသုံးစရိတ်က အများဆုံးသုံးနေရတာ ဖြစ်တယ်။ ပြည်သူလူထုဆီက အလှူခံရတာလည်း မျက်နှာလည်းပူတယ် အားလည်းနာပါတယ်။ ဒါပေမယ့် ဆက်တော့ အလှူခံနေရဦးမှာ ပေါ့လေ။ အထူးသဖြင့် ပြည်ပကပေါ့။

ပြည်တွင်းကလည်း ချမ်းသာတဲ့သူတွေ ရှိပါတယ်။ တကယ်လို့ ဒီလူတွေသာ စုံလုံးပစ်ပြီး ကျမတို့နဲ့ ရဲရဲတင်းတင်း ပူးပေါင်းနိုင်မယ်ဆိုလို့ရှိရင်လည်း ဒီရန်ပုံငွေအတွက်က အထောက်အပံ့ဖြစ်မှာဖြစ်သလို၊ တဖက်ကလည်း ကျမတို့ရရန်ရှိနေတဲ့ 1 Billion လိုကိစ္စမျိုးတွေ၊ ငွေစုစာချုပ် ရောင်းတဲ့ကိစ္စမျိုးတွေ စသဖြင့်ပေါ့၊ ရတဲ့နည်းနဲ့တော့ ကျမတို့ကတော့ ဆက်လုပ်သွားဖို့ရှိပါတယ်။ ကျမတို့ ဒါတွေကို မြန်မြန်ရရင် တော်လှန်ရေး မြန်မြန်ပြီးမယ်ပေါ့။

အသက်တွေ သေရတာတွေလည်း ပိုလျော့နည်းသွားမယ်၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေ ကိုလည်း အမြန်ဆုံး ရပ်တန့်နိုင်မှာဖြစ်ပါတယ်။ ဆိုတော့ ကျမတို့ဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေတယ် 1 Billion ဆိုရင်တော့ လုံလောက် လောက်ပါတယ်။

မေး။ ။ လုံလောက်တယ်ဆိုတာက ဘယ်လိုအပိုင်းထိလဲ။

ဖြေ။ ။ စစ်လက်နက်ပစ္စည်း တပ်ဆင်ရေးကိစ္စတွေတင်မဟုတ်ဘူး၊ Defector program လိုမျိုးတွေမှာလည်း ကျမတို့ ကုန်ကျသင့်သလောက် မကုန်ကျနိုင်သေးတာတွေ ရှိတယ်။ ပြောချင်တာက ဒီလိုမျိုး အကူအညီတွေ ရလာရင် ကျမတို့က စစ်လက်နက်ပစ္စည်း ကိစ္စတင်မဟုတ်ပါဘူး၊ တခြားနည်းနဲ့ တော်လှန်ရေးကို သက်ရောက်မှု ဖြစ်စေတဲ့ လုပ်ငန်းတွေမှာလည်း ထည့်သွင်းသုံးစွဲရမှာ ဖြစ်ပါတယ်။ ဆိုတော့ တော်လှန်ရေးကို Turning point တခုကို ရောက်လာနိုင်တဲ့အထိ၊ ဒီစစ်အာဏာရှင် ပြုတ်ကျသွားတဲ့အထိ အများကြီး တွန်းအားပေးနိုင်မယ်။ တဖက်မှာလည်း ကျမတို့ရဲ့ နိုင်ငံရေးအရသွားရမယ့် လုပ်မယ့် လမ်းကြောင်းမှန်ပေါ်ကိုလည်း ရောက်လာနိုင်မှာဖြစ်ပါတယ်။

မေး။ ။ နောက် အရင်ကပြောဖူးတဲ့ ဒီတော်လှန်ရေးမှာ ပြည်သူတွေဘက်က မရပ်တည်တဲ့နိုင်ငံတွေကို မှတ်ထားပါမယ်ဆိုတာ ပြောဖူးတာကိုး။ ဘယ်နိုင်ငံတွေလဲ။

ဖြေ။ ။ အိန္ဒိယမီဒီယာတခုနဲ့ပြောခဲ့တာပါ။ အဲဒါက ဆိုလိုတာကလေ ကျမတို့ အိမ်နီးနားချင်းနိုင်ငံတွေပေါ့။ ကျမတို့နဲ့ ချိတ်ဆက် မလုပ်ဘူးလားဆို လုပ်နေတယ်။ ဒါပေမယ့် ဟို ပြတ်ပြတ်သားသားလား ဆိုတော့လည်း မဟုတ်ဘူးပေါ့။ နားတော့နားလည်လို့ ရပါတယ်။ ကျမတို့တော်လှန်ရေးက အောင်ပွဲရှိနေတဲ့ တော်လှန်ရေး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမပြောချင်တဲ့ မက်ဆေ့ချ်ကတော့ ကျမတို့နဲ့ ပူးပေါင်းရင်ပူးပေါင်း၊ မပူးပေါင်း ရင်တော့ နောင်တချိန် ပြည်သူလူထုလိုလားတဲ့ အစိုးရ၊ ဒီတော်လှန်ရေးကြီး အောင်မြင်သွားလို့ရှိရင် ဘယ်အချိန်မှာ ဘယ်သူတွေက ကိုယ်နဲ့ရပ်ခဲ့လဲ ဆိုတာကို အားလုံးက အမှတ်ရနေမှာပဲ ဖြစ်တယ်ပေါ့။

ဒါက တဦးချင်းအနေနဲ့လည်း ဟုတ်တယ်။ ကိုယ်ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ့်ကို ဘယ်သူက ဘယ်လို ဆက်ဆံခဲ့လဲဆိုတာတော့ အမြဲတမ်း အမှတ်ရနေမှာပဲ။ တိုင်းပြည်တပြည်အနေနဲ့ ဆိုလည်း ဟုတ်တယ်။ မဟာမိတ်ဆက်ဆံရေးကို ထူထောင်တဲ့အခါမှာ ကျမတို့မိတ်ဆွေတွေက ဘယ်သူလဲ၊ ဟိုလိုလိုဒီလိုလို လုပ်နေတာတွေက ဘယ်သူလဲဆိုတာ ဒါ မှတ်တမ်းအဖြစ်နဲ့ ကျန်ရှိနေမှာပဲ ဖြစ်ပါတယ်ဆိုတာကို သတင်းစကား ပေးချင်တာပဲ ဖြစ်ပါတယ်။

မေး။ ။ ဟိုလိုလိုဒီလိုလိုဖြစ်နေတာက အိန္ဒိယ အပြင် ဘယ်နိုင်ငံတွေရှိလဲ။

ဖြေ။ ။ တချို့ကျတော့ ကိုယ့် အင်အားမရှိလို့ကို မကူနိုင်တာလည်း ရှိတယ်လေနော်။ တချို့ကျတော့လည်း အင်အားရှိရဲ့သားနဲ့ ပြတ်ပြတ်သားသား ရပ်ရမှာတွေကို အရမ်းကို အကျိုးစီးပွား ကြည့်လွန်းတယ်။ အကျိုးစီးပွား ကြည့်တယ်ဆိုရင်လည်း မှန်မှန်ကန်ကန်သာ ကျမတို့ ပြည်သူဘက်က ရပ်လိုက်ပါလို့ ကျမပြောချင်တယ်။ ကျမတို့ဘက်က ရပ်ရင် အကျိုးစီးပွားအတွက်လည်း အရှုံး မရှိစေရဘူး။
ကျမတို့ NUG ဆိုတာက သူ့ချည်းပဲ၊ ပြည်သူလူထုမပါဘဲ ဖြစ်လို့ရနေတာ မဟုတ်ပါဘူး။ ကျမတို့ကို ဒီနေ့ပြည်သူလူထုက မကြိုက်တော့တဲ့နေ့တနေ့၊ ဒါမှမဟုတ်လည်း ပြည်သူလူထုနဲ့ ကျမတို့ ဝေးကွာသွားတဲ့ နေ့တနေ့က ကျမတို့ကျဆုံးတဲ့နေ့ ဖြစ်မှာပဲ။ ဒါကြောင့်မို့ ကျမတို့ပြောနေတာက NUG ကို ထောက်ခံတယ်ဆိုတာ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီး ထောက်ခံဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒီတော်လှန်ရေးကို အကူအညီပေးဖို့ဆိုပြီး ပြောတာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း အဲဒီတုန်းက အိန္ဒိယမီဒီယာနဲ့ တွေ့တုန်း ပြောလိုက်တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို အိန္ဒိယက တကယ့် ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးတခုလည်း ဖြစ်တယ်။ ပိုပြီးတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကို ဒီထက်ပိုပြီး ပြတ်ပြတ်သားသား တက်တက်ကြွကြွ၊ ရှင်းရှင်းလင်းလင်း ရပ်တည်သင့်တယ်။ သူ့ရဲ့ Role က ဒေသတွင်းမှာ မသေးပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့အခန်းကဏ္ဍကို ရဲရဲတင်းတင်းယူပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျမအနေနဲ့မြင်တာမို့လို့ အဲဒီတုန်းက ပြောခဲ့တာဖြစ်ပါတယ်။

မေး။ ။ တခြားအင်အားကြီး နိုင်ငံဆို တရုတ်ကရော။

ဖြေ။ ။ တရုတ်ကလည်း ကျမတို့တိုင်းပြည်အတွက် အရေးကြီးပါတယ်။ Political norms အရကို အိန္ဒိယနဲ့ မတူဘူး ဒါကြောင့် ကျမတို့ပြောနေတာက Norms အရ ဒီမိုကရေစီနိုင်ငံဆို ဒီမိုကရေစီနိုင်ငံပီပီသသ ရပ်ဖို့လိုတယ်ဆိုတာကို ကျမကပြောချင်တာ။ တဖက်က တရုတ်နဲ့ပတ်သက်လို့ကလည်း ဒါ လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးမှာ ဆက်ကို ဆက်ဆံရမယ်၊ အရေးလည်းကြီးတယ်။ နှစ်နိုင်ငံစလုံးက ကျမတို့အတွက် သူ့နည်းသူဟန်နဲ့သူ အရေးကြီးနေတယ်ပေါ့။ ဒါကြောင့် တရုတ်ကိုလည်း ပုံမှန်ဆက်ဆံရေး ထိတွေ့မှု လုပ်ထားပါတယ်။ ကျမတို့ဘက်ကလည်း ဒီကိစ္စတွေအပေါ်မှာ လက်တွေ့ကျကျပဲ ချဉ်းကပ် ဆောင်ရွက်နေပါတယ်။

မေး။ ။ အများကြီး မျှော်လင့်ထားတာမဟုတ်ဘူးဆို တရုတ်ဘက်က ဘာများမျှော်လင့်လဲ။

ဖြေ။ ။ အနည်းဆုံးတော့ ဒီအာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် မလုပ်ဖို့၊ အာဏာသိမ်းတဲ့ စစ်ခေါင်းဆောာင်တွေက တရားဝင် အစိုးရမဟုတ်ဘူး ဆိုတာကို သူတို့လက်ခံဖို့လိုပါတယ်။ အဲဒါကိုပဲ ကျမတို့ ထပ်ခါတလဲလဲ ပြောတယ်။ နောက်ပြီးကျတဲ့အခါကျတော့ ဒီအာဏာသိမ်းမှုမှာ ပြည်သူလူထုရဲ့ သဘောာထားနဲ့ ဆန့်ကျင်ပြီးတော့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို မထီမဲ့မြင်ပြုတာာတွေ မလုပ်ဖို့ပေါ့။ ဒီအပေါ်မှာပဲ ရပ်တည်ပြီးတော့ ပြောဖြစ်တယ်။ တရုတ်ကလည်း ဒီအပေါ်မှာတော့ မကန့်ကွက်ဘူး၊ ကျမတို့ ဒီလိုပဲ နားလည်ပါတယ်။

မေး။ ။ NUG နဲ့ တရုတ် ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ရိုးရိုး ဆက်ဆံရေးပုံစံ ပါပဲ။ အစည်းအဝေးလုပ်တဲ့ ပုံစံတော့ မလုပ်ဖြစ်ပါဘူး။ သူတို့ဘက်ကလည်း သတိထားပါတယ်။ မြန်မာပြည်အရေးကို ချဉ်းကပ်တဲ့အခါမှာ စစ်တပ်ကိုလည်း စကားပြောဖို့လိုတယ်။ ဒီ Channel ရထားဖို့လိုတယ်။ ယုံကြည်မှု မပျက်သွားဖို့လည်း လိုတယ်လို့ သူတို့အနေနဲ့ စဉ်းစားထားပုံရပါတယ်။ တရားဝင်သွားတဲ့ ချန်နယ်တွေကလည်း ကျမတို့ဘက်က ပေးပို့နေတာဖြစ်တဲ့အတွက် သတင်း ဖလှယ်မှုကတော့ ရှိနေပါတယ်။

မေး။ ။ အခုနက US နဲ့ UK အပြင် အာရှမှာဆို ကမ္ဘောဒီးယားဆိုလည်း စစ်ကောင်စီနဲ့ ဖက်လှဲတကင်း ဖြစ်လာတယ်။ ဂျပန်ဆိုလည်း ပွဲတွေတက်လာတာတွေ ရှိတယ်။ အဲဒီနိုင်ငံတွေရဲ့ အနေအထားနဲ့ ရပ်တည်ချက်က NUG အပေါ် ထောက်ပံ့မှု ဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒါလည်းပဲ ယူကရိန်းနဲ့မတူတဲ့ ကိစ္စပေါ့။ ယူကရိန်းအရေး ဖြစ်တဲ့အချိန်မှာ အီးယူနိုင်ငံတွေက တစုတစည်းတည်း မကွဲမပြားဘဲ ရပ်တည်ကြတယ်ပေါ့။ ဒါက သူ့ကို အရမ်းအားကောင်းစေတဲ့အချက်။ ကျမတို့ ဒေသတွင်းမှာကျတော့ ဒီလိုမဟုတ်ဘူး။ သူ့နဂိုကတည်းကိုက အာာဏာရှင် နိုင်ငံတွေရှိတယ်၊ ဒီမိုကရေစီဘက် ယိမ်းတဲ့ နိုင်ငံတွေရှိတယ်။ ဆိုတော့ အဲဒီလိုမျိုး ကွဲနေတာပေါ့။

ဒီမိုကရေစီ နိုင်ငံဆိုရင်တောင်မှ ဂျပန်ကလည်း ဒီမိုကရေစီနိုင်ငံ။ ဂျပန်နဲ့ တောင်ကိုရီးယားတောင် မတူဘူး ဒီကိစ္စတွေမှာ။ တောင်ကိုရီးယားက ကျမတို့ အရေးနဲ့ ပတ်သက်ရင် ပိုပြီးတော့ ပြတ်ပြတ်သားသား ရှိတယ်။ ဂျပန်ကကျတော့ ပိုပြီးတော့ သူက ညှိနှိုင်းရေးဘက်ကို သွားပြီးတော့ သူ့ချန်နယ်ပျောက်မှာ၊ အထူးသဖြင့် သူကလည်းပဲ တရုတ်ကို သူ့တို့များ မြန်မာပြည်ရဲ့ ညှိနှိုင်းဆွေးနွေးမှုကို ဟပေးလိုက်ရင် သူတို့ရဲ့ နေရာကို ယူသွားမလားဆိုတဲ့ စဉ်းစားချက်ရှိတယ်။ အဲဒီအခံပေါ်မှာ လုပ်ပြီး သွားနေတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ဘက်မှာလည်းပဲ ဒါ အာရှနိုင်ငံတွေက တနိုင်ငံနဲ့တနိုင်ငံနဲ့ ဒီဂရီချင်း မတူဘူးပေါ့။

မူအားဖြင့်တော့ လက်ခံတယ်၊ ဒါပေမယ့် လက်တွေ့အပိုင်းမှာ တင်းတင်းရင်းရင်း မဆက်ဆံဘဲနဲ့ မျှပြီးတော့ ဆက်ဆံရေးကို မပြတ်မသားလုပ်နေတဲ့ အနေအထားမျိုးတွေ ရှိတာကတော့ မတူညီတဲ့အချက်ပါပဲ။ ဒီပေါ်မှာတော့ ကျမတို့က မျက်ခြေမပြတ် စောင့်ကြည့်ပြီးတော့ ကျမတို့ဘက်ကို ပိုအားထည့်ပြီး လုပ်ရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။

မေး။ ။ ခုနက ယူကရိန်းနဲ့မတူဘူးလို့ ထောက်ပြသွားသလို၊ ခုနကဖြစ်နေတဲ့ ဒေသတွင်း နိုင်ငံတွေကို ဘယ်လို သတင်းစကားပေးချင်လဲ။

ဖြေ။ ။ ကျမ သတင်းပါးချင်တာကတော့ ရိုးရိုးလေးပါပဲ။ ကျမတို့တော်လှန်ရေးက ဒေသတွင်း တည်ငြိမ်မှုကို၊ ရေရှည် တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးမယ့် တော်လှန်ရေးဖြစ်ပါတယ်လို့။ ဒီ တော်လှန်ရေး မအောင်မြင်ခဲ့ရင်သာ မြန်မာပြည်က ဒီလိုမျိုးတွေပဲ ထပ်ခါထပ်ခါဖြစ်နေမှာ။ ဒီလို အကြမ်းဖက်မှုတွေ၊ ဒီလိုမတည်ငြိမ်မှုတွေ ထပ်ခါထပ်ခါဖြစ်ရင် ဒေသတွင်းမှာ ဒုက္ခပြဿနာ ဖန်တီးသူလို ဖြစ်လာမှာပေါ့။

ပြည်သူလူထုရဲ့ ဒီတော်လှန်ရေးသာ နိုင်သွားလို့ရှိရင် ဒေသတွင်း တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အများကြီး လုပ်နိုင်မယ့် နိုင်ငံတနိုင်ငံဖြစ်မယ်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုအတွက် အများကြီး အထောက်အပံ့ ဖြစ်နိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့တော်လှန်ရေးနဲ့၊ ကျမတို့ပြည်သူလူထုနဲ့အတူ ရဲရဲတင်းတင်း ရပ်တည်ပေးဖို့၊ ထောက်ခံပေးဖို့ ပန်ကြားလိုပါတယ်။

မေး။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ရော အရင်အတိုင်း ထူးမခြားနား မူဝါဒတွေ အတိုင်း ဆက်သွားနေရင် တော်လှန်ရေး အောင်မြင်ဖို့အတွက်ကရော လွယ်ပါ့မလား။

ဖြေ။ ။ ပြီးခဲ့တဲ့တနှစ်အတိုင်း သွားနေလို့ကတော့ ဆက်ကြာနေဦးမှာပဲ။ အဲဒီ ဆုံးရှုံးမှုက ကျမတို့ချည်းပဲ ဆုံးရှုံးမှု မဟုတ်ဘူး။ ခုနပြောတဲ့ ကမ္ဘာမှာရှိတဲ့ ဒီမိုကရေစီအတွက်ပါ ဆုံးရှုံးမှု အစိတ်အပိုင်း ဖြစ်သွားလိမ့်မယ်။

မေး။ ။ ဒီအတိုင်းသာ အထောာက်အပံ့အကူအညီ မရဘူး၊ ယူကရိန်းလိုမပြောနဲ့ ကျည်တတောင့်တောင် မပေးဘူးဆို ဘယ်လောက်ကြာသွားနိုင်လဲ တော်လှန်ရေးက။

ဖြေ။ ။ ကျမထင်တယ် နောက်ထပ်နှစ်ပေါက်အောင်တော့ သွားမှာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျမတို့မှာက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ရှိထားပြီးသား။ ဆိုတော့ ဒီအာဏာရှင်အောက်မှာ ကျမတို့လည်း တသက်လုံး နေလာခဲ့ဖူးတယ်၊ ဖြတ်သန်းခဲ့ဖူးတယ်၊ နောက်မျိုးဆက်ကိုတော့ ထပ်ပြီးတော့ မဖြတ်သန်းစေလိုတော့ဘူးလို့ နားလည်တယ်။ ဒါက ကျမတို့အတွက် အသက်သွေးကြောတမျှ အရေးကြီးတဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျမတို့အတွက်တင်မကဘူး၊ နောက်မမြင်မတွေ့ရသေးတဲ့ မျိုးဆက်တွေအတွက်ပါ အရေးကြီးတယ်ပေါ့။ ကျမတို့အနေနဲ့ပဲ နောက်မျိုးဆက်တွေ မခံစားရအောင် လက်မလျှော့စတမ်း ဆောင်ရွက်သွားဖို့ ရှိတာဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ရော၊ ပြည်သူလူထုရော ဒီအင်အားစုတွေကတော့ လက်လျှော့မှာ မဟုတ်ဘူး။ ဒီတော်လှန်ရေးက ဆက်သွားမှာဖြစ်တယ်။ ပိုကြာသွားနိုင်တယ်၊ ပိုပြီးတော့ ခံစားရတာတွေ ဖြစ်နိုင်တယ်။

ပြောရရင်တော့ တော်လှန်ရေးအတွက်တင်မဟုတ်ဘူး၊ တိုင်းပြည်တပြည်လုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ ကျရှုံးတဲ့နိုင်ငံ ဖြစ်သွားနိုင်တဲ့ အနေအထားရှိပါတယ်ပေါ့။ ဒီ အကူအညီသာ မရဘူးဆိုရင်။ ဒီ ကျရှုံးတဲ့နိုင်ငံ မဖြစ်ဖို့က ကျမတို့ချည်းပဲ တာဝန်ရှိတာ မဟုတ်တော့ဘူး။ ကမ္ဘာ့မိသားစုဝင်တွေ၊ ကမ္ဘာကြီးတခုလုံး အနေနဲ့ အထူးသဖြင့် ကမ္ဘာမှာ ဦးဆောင်နိုင်ငံတွေအနေနဲ့ ဒီကိစ္စကို ပိုပြီးတော့ အလေးထားဖို့လိုအပ်တယ်၊ တာဝန်ရှိတယ်လို့ ပြောနေတာ ဖြစ်ပါတယ်။ #ဧရာဝတီ