ၾကားသိသမွ်

ဒေါပုံတွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းသင်တန်းပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ဒေါပုံတွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းသင်တန်းပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်၊ မေ ၂

လူငယ့်ခေတ်

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း တောင်ပိုင်းတွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းကာ သင်တန်းပေးနေသူ ရာအိမ်မှူး အောင်ဖြိုး ကို ယနေ့ မေ ၂ ရက် မနက်ပိုင်းတွင် သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း Soul Takers-Yangon Underground Force အဖွဲ့မှ သိရသည်။

” အတို(ပစ္စတို)နဲ့ပဲ ရှင်းခဲ့တယ်။ ရင်ညွှန်ရယ်၊ ဗိုက်ရယ်၊ တစ်ချက်စီပစ်တာ။ လူစုထိုင်နေတာရယ် အိမ်ထဲဝင်ပြီး ရှင်းရတာကြောင့် သူ့ပဲဦးတည် ရှင်းခဲ့တယ် ” ဟု Soul Takers – Yangon Underground Force အဖွဲ့ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ် သို့​​ ပြောသည်။

အဆိုပါ ရာအိမ်မှူးအောင်ဖြိုးသည် ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တွင်းရှိ တော်လှန်ရေးအင်အားစုများ၏ အချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီသို့ သတင်းပေးခြင်း၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်အနေဖြင့် ပြည်သူများကို ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေမှုများရှိကြောင်း Soul Takers – Yangon Underground Force အဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

ထို့ပြင် ရပ်ကွက်အတွင်း လူစု၍ ပရဟိတအမည်ခံကာ သွေးသောက်အဖွဲ့ ဖွဲ့စည်းပြီး သင်တန်းပေးသည့် ကိစ္စရပ်များ ပြုလုပ်နေသည်ကို ပြည်သူများတိုင်ကြားခြင်းကြောင့် အကြောင်းရင်း ခိုင်မာစွာလေ့လာပြီးမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း Soul Takers – Yangon Underground Force အဖွဲ့က ဆိုသည်။

သွေးသောက်အဖွဲ့ ဆိုသည်မှာ လွန်ခဲ့သည့် ရက်ပိုင်းက စစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်မှုများကို ပြည်သူများအချင်းချင်း တန်ပြန် သတ်ဖြတ်နေသယောင်ပုံစံဖြင့် အာဏာသိမ်းစစ်တပ်က ဖန်တီးခဲ့သည့်အဖွဲ့ဖြစ်ပြီး ယခုရက်ပိုင်းတွင် စစ်တပ်ထောက်ခံသူများ၊ မဘသထောက်ခံသူများ၊ အမျိုးသားရေးအမည်ခံ စစ်တပ်အထောက်အပံ့ရယူထားသူများက မြို့နယ်အလိုက် သွေးသောက်အဖွဲ့များဖွဲ့စည်းကာ စစ်အာဏာရှင်တော်လှန်ရေးလုပ်သူများနှင့် မိသားစုများကို တိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစားလာသည်။

” ရပ်ကွက်မှာရှိတဲ့ တော်လှန်ရေး လုပ်တဲ့သူ ဘယ်သူ့ကိုမဆို အောင်ဖြိုးက စစ်တပ်ကို သတင်းပေးတယ်။ ခုတော့အောင်ဖြိုးသေပြီ။ ဒါပေ့မယ် ကျန်သေးတယ်။ ဗိုလ်ထွန်းဇံ မှာ သူလိုလူတွေ ကျန်သေးတယ် ” ဟု အောင်ဖြိုးကြောင့် မိသားစုတကွဲတပြားဖြစ်နေရသူ ပြည်သူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ထို့အတူ သန်လျင်မြို့နယ်တွင်လည်း ယမန်နေ့ညပိုင်းက အကြမ်းဖက်စစ်အုပ်စုကို ထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအမတ်လောင်း၊ မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်တဦးဖြစ်သည့် ရန်နိုင်ရွှေ မှာ ယနေ့ မေလ ၁ ရက် ညနေပိုင်း၌ ပစ်ခတ်ရှင်းလင်း ခံခဲ့ရကြောင်း သိရသည်။ ရန်နိုင်ရွှေသည် သန်လျှင်မြို့နယ် သွေးသောက်ခေါင်းဆောင်ဟုလည်း သတင်းများထွက်ပေါ်နေသူ တဦးဖြစ်သည်။

အလားတူ ဒလမြို့နယ်တွင်လည်း ယမန်နေ့ညပိုင်းက အကြမ်းဖက်စစ်တပ်နှင့် ပေါင်းပြီး ပြည်သူကိုနှိပ်စက်နေသည့် လူမိုက် ကရင်(အမည်ရင်း မသိရသေး)ကိုလည်း အမည်မသိသေနတ်သမားများက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

(ဓာတ်ပုံ-ဒေါပုံတွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းသင်တန်းပေးနေသဖြင့် ပစ်ခတ်ရှင်းလင်းခံရ အောင်ဖြိုး(အဖြူဖြင့် ဝိုင်းပြထားသောသူ)