ၾကားသိသမွ်

တော်လှန်ရေးအဖွဲ့၏ကားအပါအဝင်စုစုပေါင်း (၁၅) စီးကိုလိမ်လည်ပေါင်နှံခဲ့သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစုဖမ်းဆီး

တော်လှန်ရေးအဖွဲ့၏ကားအား လိမ်လည်ပေါင်နှံခဲ့သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစုဖမ်းဆီး

ကျိုက်ထို၊ မေ (၁)

လူငယ့်ခေတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တော်သူရပ်ကွက်အတွင်းနေထိုင်သည့် ရာဇာဆိုသူက တော်လှန်ရေးအဖွဲ့ကဝယ်ယူထားသည့်ကားအပါအဝင်စုစုပေါင်း (၁၅) စီးကို လိမ်လည်ခဲ့သည့်အတွက် ၎င်းကို ဧပြီလ တတိယပတ်တွင် ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

KRF က တော်လှန်ရေးတွင်အသုံးပြုရန်ဝယ်ယူသည့်ကားကို မြဝတီမြို့မှ ကျိုက်ထိုမြို့အထိမောင်းပေးရန် ရာဇာဆိုသူက လက်ခံခဲ့ပြီးနောက် ယာဉ်အဖမ်းခံရသည်ဟုဆိုကာ ပေါင်နှံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူကအရင်ကတည်းက ကားပွဲစား။ တော်လှန်ရေးအင်အားစုကရဲဘော်တွေနဲ့လည်း အာဏာမသိမ်းခင်ကတည်းက တစ်မြို့ထဲသားတွေဆိုတော့ ရင်းနှီးကြတယ်။ အဲဒါကြောင့်သူ့ကို မောင်းပို့ဖို့အကူအညီတောင်းခဲ့တာ။” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးအဖွဲ့၏ကားကို မြဝတီမြို့တွင် ထက်ဝက်ဈေးဖြင့်ပေါင်နှံကာ လောင်းကစားပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိခဲ့ရပြီး အခြားအမြို့မြို့အနယ်နယ်ရှိ ယာဉ်ပိုင်ရှင်များ၏ကားများကိုလည်း ထိုနည်းတူစွာပေါင်နှံသုံးစွဲထားကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

“သူအလွဲသုံးစားလုပ်ခဲ့တဲ့ ကားတွေစုစုပေါင်းဆို တန်ဖိုးက သိန်း ၁၅၀၀ အောက်မလျော့ဘူး။ သူကကျွန်တော်တို့ရဲ့ စစ်ရေးပစ်မှတ်၊ နိုင်ငံရေးပစ်မှတ်၊ စီးပွားရေးပစ်မှတ်မဟုတ်ပါဘူး။ အများပြည်သူပိုက်ဆံကိုအလွဲသုံးစားပြုတဲ့အမှု ပါ။ သူကလည်းဝန်ခံပါတယ်။”ဟု KRF က ပြောသည်။

လက်ရှိအချိန်၌ ကားပွဲစားရာဇာဆိုသူကို လုံခြုံသည့်နေရာတွင်ထိန်းသိမ်းထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကချမှတ်ထားသည့် တရားစီရင်ရေးဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အနေဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် လျှောက်သွားမည်ဖြစ်ပြီး စစ်ကောင်စီလက်ပါးစေ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီဒေါက်တိုင်များကိုလည်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာထားသည်။