ၾကားသိသမွ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLD ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်

SNLD ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်

ဧပြီ ၃၀ ၊ ၂၀၂၂

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ ခေါင်းဆောင် ပါတီ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ကွယ်လွန်သွားကြောင်း SNLD ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ဆုံးသွားပြီ။ ခုဏကပဲ။ အိပ်ယာထနောက်ကျလို့ သွားနိုးတာ ပြန်ထမလာဘူးလို့ ပြောပါတယ်။ ဘာမှ ထွေထွေထူးထူးဖြစ်တယ်လို့လည်းမကြားမိပါဘူး။ သူ့ရဲ့ ၉မိုင်အိမ်မှာပါပဲ” လို့ ဦးစိုင်းလိတ်က ယနေ့ ဧပြီ ၃၀ရက် နေ့လည် ၁နာရီခွဲ အချိန်မှာ ပြောကြားခဲ့ပါတယ်။

ဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်းဟာ နှိုင်းယှဉ်စရာမရှိတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ဦးစိုင်းလိတ်က ဆိုပါတယ်။

“၁၉၈၈ ပါတီ စတည်ထောင်ကတည်းက ကျွန်တော်တို့ကို ဦးစီးဦးဆောင်ပြုလာခဲ့တဲ့ ခေါင်းဆောင်ကြီး တစ်ဦးပေါ့။ ပြီးခဲ့တဲ့ နှစ်ကမှ နိုင်ငံရေးက အနားယူသွားတယ်ဆိုပေမယ့် ကျွန်တော်တို့ ပါတီက သူ့ရဲ့ အရိပ်အာဝါသအောက်ကနေ လွတ်ကျွတ်နိုင်ခြင်းမရှိသေးပါဘူး။ သူ့ရဲ့ဦးဆောင်မှု၊ သူ့ရဲ့လမ်းညွှန်မှု တွေအတိုင်း ဆက်လက် ချီတက်နေတဲ့အခါမှာ ပြီးဆုံးတဲ့ ပန်းတိုင်ကို မရောက်သေးဘဲ သူ့အနေနဲ့ ဒီလို ကွယ်လွန်အနိစ္စရောက်သွားတာ ကျွန်တော်တို့ ပါတီအတွက်ရော ရှမ်းအမျိုးသားထုအတွက်ပါ အင်မတန်ကြီးမားတဲ့ဆုံးရှုံးမှုလို့ပဲမှတ်ချက်ပြုချင်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောပါတယ်။

SNLD ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးခွန်ထွန်းဦးဟာ SNLD အပါအဝင် တိုင်းရင်း သားပါတီ ၁၃ ခုနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ် (UNA)ရဲ့ နာယက တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ရဲ့ နာယက အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ရွေးကောက် ပွဲ အနိုင်ရကိုယ်စားလှယ် တစ်ဦးလည်းဖြစ်ပြီး သူရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် စစ်အစိုးရလက်ထက်မှာ ထောင် ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရပါတယ်။

ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင် စု ပေါ်ပေါက်ရေး၊ ရှမ်းအမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရမချင်း တိုက်ပွဲဝင်ဖို့ အစဉ်တ စိုက် လှုံ့ဆော်ပြီး ထက်သန်စွာနဲ့ ဦးဆောင်ဦးရွက်ပြုခဲ့သူဖြစ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“သူဆုံးပါးသွားပေမယ့်လို့ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက် ပေါက်မြောက်တဲ့အထိ ကျွန်တော်တို့တတွေ ဆက်လက်ပြီးတော့မှ ရုန်းကန်သွားကြဖို့ ကြိုးစားရင်ဆိုင်သွားကြဖို့ အဓိဌာန်ပြုရမှာပေါ့။ သူ့ရဲ့ ရုပ်အလောင်းရှေ့မှာပဲ ကျွန်တော်တို့ အားလုံး ထပ်မံပြီး အဓိဌာန်ပြုသွားဖို့ဖြစ်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောပါတယ်။

#PVTV