ၾကားသိသမွ်

ဗီတိုအာဏာ ကန့်သတ်မှု့နှင့် နွေဦးအခွင့်အရေး

ဗီတိုအာဏာ ကန့်သတ်မှု့နှင့် နွေဦးအခွင့်အရေး
———————–

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလအစည်းအဝေးမှာ ဗီတိုအာဏာသုံးစွဲမှု့ ကန့်သတ်နိုင်ရေးအတွက် ပထမခြေလှမ်းကို စတင်လိုက်ပါတယ် ။ ဒီအဆိုပြုမှု့ကို ကုလအဖွဲ့ဝင် ၁၉ ၃ နိုင်ငံရှိတဲ့အနက် အားလုံးနီးပါးက လက်ခုပ်သြဘာသံတွေနဲ့ ခန်းမထဲမှာ ကြိုဆိုခဲ့ကြပါတယ် ။ ဒီအဆိုပြုမှု့ကို တင်သွင်းခဲ့တာက လစ်ချင်စတိန်းနိုင်ငံက ကုလသံအမတ်ကြီး Christain Wenaweser ပါ ။ ၂ ကြာ ကြိုးပမ်း လေ့လာခဲ့ပြီးမှ တင်ပြခဲ့တာပါ ။

” ဗီတိုအာဏာမရှိတဲ့ ကျွန်တော်တို့အားလုံးရဲ့ အသံကို မြှင့်တင်ဖို့ပါ ။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ဗီတိုအာဏာရှိသူတွေရဲ့ လုပ်ပိုင်ခွင့်ဟာ ကျွန်တော်တို့ ဗီတိုအာဏာမရှိသူတွေအပေါ်မှာ သက်ရောက်မှု့ရှိနေလို့ ဗီတိုအာဏာသုံးပိုင်ခွင့်ကို ကန့်သတ်ဖို့ အဆိုတင်သွင်းတာပါ “လို့ လစ်ချင်စတိန်းသံအမတ်ကြီးက ဆိုပါတယ် ။


ဆုံးဖြတ်ချက်တင်ပြတဲ့အခါ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်ခဲ့တဲ့ အရေးယူမှု့နဲ့ ကျူးကျော်သူ ရုရှားကိုယ်တိုင်က ဗီတိုကိုင်ထားတဲ့ ဖြစ်ရပ်ကို ရည်ညွှန်းခဲ့ပါတယ် ။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ အသံကို ဆန်းသစ်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ် ။

လုံခြုံရေးကောင်စီဟာ အဆိုပြုချက်ပေါင်း ၂၀၀ ကျော်ကို ဗီတိုအာဏာနဲ့ ဖယ်ရှားခဲ့တယ်ဆိုတာ ကုလမှတ်တမ်းတွေအရ သိရပါတယ် ။ ဒီလိုပယ်ချခံခဲ့ရတဲ့ အရေးတကြီး ကိစ္စတွေမှာ ကိုရီးယားစစ်ပွဲ ၊ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲ ၊ အိန္ဒိယ- ပါကစ္စတန် ၊ ကိုမိုရိုနိုင်ငံ ၊ ဆီရီးယားအရေးတွေအထိ ပါဝင်ခဲ့ပါတယ် ။ ဆိုဗီယက်ခေတ်ကတည်းက ဗီတိုမှာ သြဇာကြီးခဲ့တဲ့ ရုရှားကို အမေရိကန်က အမြဲတမ်း ထိပ်တိုက်တွေ့ခဲ့ရပါတယ် ။


ဆိုရရင် …၊ မြန်မာပြည်သူတွေဟာ နွေဦးတော်လှန်ရေးအစမှာ ကုလကို မျှော်လင့်ခဲ့ကြပါတယ် ။ ဒီလို မျှော်လင့်ခဲ့သူတွေထဲမှာ စာရေးသူဟာ ထိပ်ဆုံးက မျှော်လင့်သူပါလို့ ပြောမယ်ဆိုရင် လွန်မယ်မထင်ပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့ ကုလသမဂ္ဂအဖွဲ့ဆိုတာ ကမ္ဘာ့ရွာရဲ့ သူကြီးပါ ။ ရွာထဲက မတရားမှု့တွေကို သူကြီးက ရှင်းပေးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှု့နဲ့ပါ ။ သို့ပေမဲ့ ဦးခေါင်းကို သေနတ်နဲ့ ချိန်ပစ်နေတာကို တိတိကျကျ သတင်းပေးထားပေမဲ့ ကုလလက်အောက်ခံ ငြိမ်းချမ်းမှု့ထိန်းသိမ်းရေးတပ်တွေ ရောက်မလာခဲ့ပါဘူး ။ ဂြိုလ်တုကနေ တိကျတဲ့ သတင်းအချက်အလက်တွေ ၊ ရွာမီးရှို့ခံရတာ ၊ တစ်မြို့လုံးမီးရှို့ခံရတာတွေ တင်ပြပေမဲ့လည်း ကုလက ရောက်မလာခဲ့ပါဘူး ။ ပိုပြီးသေချာတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကကားတွေ မီးရှို့ခံရ ၊ အဖွဲ့ဝင်တွေ အသတ်ခံရတာလည်း ကုလက ရောက်မလာပါဘူး ။ လေယာဉ်နဲ့ တိုင်းရင်းသားရွာတွေ ဗုံးကျဲတော့လည်း ထို့အတူ ရောက်မလာပါဘူး ။

ဆိုတော့လည်း မြန်မာပြည်သူတွေသာမက စာရေးသူလည်း ကုလရဲ့ လုပ်ရပ်တွေကို မေးခွန်းထုတ်ပြီး မကျေမနပ်ဖြစ်နေခဲ့တာပါ ။ သို့ပေမဲ့ ကုလရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ပိုင်ခွင့်ကို သေသေချာချာ လေ့လာလိုက်တဲ့အခါမှာတော့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးနေတဲ့. ” ဗီတို ” ဆိုတဲ့ ငနဲ ကို ဘွားကနဲ တွေ့လိုက်ရပါတယ် ။ ဒီ ဗီတိုကို ကိုင်ထားသူတွေထဲမှာ စစ်ကောင်စီကို ကျားကန်ပေးနေတဲ့ တရုတ်နဲ့ရုရှားက ပါဝင်နေပါတယ် ။

ဒီတော့ နိုင်ငံတကာရဲ့ စိတ်ဆန္ဒတွေက စိတ်သွားတိုင်း ကိုယ်မပါခဲ့ပါဘူး ။ ယူကရိန်းစစ်ပွဲမှာတော့ ဗီတိုကိုင်ထားသူအချို့ရဲ့ မျက်နှာဖုံးဟာ ကွာကျသွားခဲ့ပါတယ် ။

ကောင်းပြီ …၊ ဗီတိုအာဏာသုံးစွဲမှု့ကို ကန့်သတ်မယ်ဆိုရင် မြန်မာပြည်အတွက် ဘယ်လိုအကောင်းတွေ ဖြစ်လာနိုင်သလဲ …?

ဆိုရင် ၊ ပြောခဲ့ဘူးသလိုပါဘဲ ။ စာရေးသူတို့ဟာ ကမ္ဘာကြီးထဲမှာ နေထိုင်သူတွေပါ ။ ကမ္ဘာကြီးထဲက နိုင်ငံတစ်ခုကို ကုလက အသိအမှတ်ပြုရပါတယ် ။ ပေးပို့လာတဲ့ ကုလသံအမတ်ကို အသိအမှတ်ပြုရပါတယ် ။ တောင်းဆိုလာတဲ့ အကူအညီကို ဖြည့်စည်းပေးရပါတယ် ။ ဒီတော့ အရှင်းဆုံးပြောရရင် ဗီတိုအာဏာကို ကန့်သတ်လိုက်မယ်ဆိုရင် စစ်ကောင်စီကို ထောက်ခံကူညီနေတဲ့ ရုရှားနဲ့တရုတ်ဟာ စစ်ကောင်စီအပေါ် အရေးယူမှု့တွေမှာ ဗီတိုသုံးပြီး ကာကွယ်ပေးလို့ မရတော့ပါဘူး ။ ဆိုတော့ …၊ စစ်ကောင်စီဟာ ဒီတစ်သက်မှာ တရားဝင်အစိုးရအနေနဲ့ ဖြစ်လာနိုင်စရာ မရှိတော့ပါဘူး ။

ဒါကတော့ ဒီပလိုမေစီအပိုင်းပါ ။ လက်နက်ကိုင်တော်လှန်ရေးက တစ်ပိုင်းပါ ။ တော်လှန်ရေးအခြေအနေကတော့ ငွေရောင်ပိတ်ကားပေါ်က အတိုင်းပါဘဲ ။

ဘကြီးအောင် LA
April, 2022