ၾကားသိသမွ်

လွတ်လပ်သည့် သတင်းမီဒီယာ ၇ ခုကို NUG ဘောမ မီဒီယာဟု စစ်ကောင်စီ စွပ်စွဲ

ဧရာဝတီတိုင်းမ်သတင်းဌာနအပါအဝင် မီဒီယာ ၇ ခုကို NUG ဘောမ မီဒီယာဟု စစ်ကောင်စီ စွပ်စွဲ

ဧရာဝတီတိုင်းမ်

(နေပြည်တော်) ဧပြီလ ၂၈ ရက်

ဧရာဝတီတိုင်းမ် (Ayeyarwaddy Times) သတင်းဌာနအပါအဝင် လွတ်လပ်သည့် သတင်းမီဒီယာ ၇ ခုကို အမျိုးသားညီညွတ်ရေး အစိုးရ – NUG ကို ဘောမနေသော (NUG အလိုကျ သတင်းရေးနေသော) သတင်းဌာနများဟု အာဏာသိမ်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောဆိုခဲ့သည်။

နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ၏ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG ဘောမ မီဒီယာဟု စွပ်စွဲပြောဆိုသော သတင်းဌာနများမှာ ဧရာဝတီတိုင်းမ် (Ayeyarwaddy Times) သတင်းဌာနအပါအဝင် Myanmar Now၊ RFA၊ DVB၊ ဧရာဝတီ၊ မစ္ဇျိမ – Mizzima၊ ခေတ်သစ် စသည့် သတင်းဌာနများဖြစ်သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ စစ်ကောင်စီအနေဖြင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲကို စည်ကားစွာ ကျင်းပနိုင်ခဲ့ သော်လည်း ပြည်ဖျက်မီဒီယာ၊ အကြမ်းဖက် NUG ဘောမမီဒီယာများက သင်္ကြန်ပွဲကို ပြည်သူများ မပါဝင်ရေးနှင့် သင်္ကြန်ပွဲ စည်ကားခြင်း မရှိကြောင်း လိမ်ညာ၊ ခြိမ်းခြောက် ရေးသားခဲ့သည်ဟု စွပ်စွဲပြောဆိုသည်။


“အဘဘောမ မီဒီယာ၊ အဘဘောမ မီဒီယာသမားဆိုပြီး အဲ့လိုရေးနေတဲ့ ပြည်ဖျက်မီဒီယာတွေကို ကျနော်ပြောချင်တယ်။ ပကတိအခြေအနေကို မျက်ကွယ်ပြုပြီး ခင်ဗျားတို့လုပ်နေတဲ့လုပ်ရပ်တွေ၊ သွေးထိုးလှုံ့ဆော်နေတာတွေကလည်း ဒီဘက်ကပြောသလိုပြောရရင် အကြမ်းဖက်အဖွဲ့ NUG ကို အနူကြီးဆိုပြီး ပြောနေတာရှိတယ်။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်။ ခင်ဗျားတို့ကလည်း အကြမ်းဖက် NUG ဘောမမီဒီယာ ဖြစ်နေတာလား။ တနည်းအားဖြင့် အနူကြီးဘောမ မီဒီယာဖြစ်နေတာလား။ တနည်းအားဖြင့် အနူဘော မီဒီယာတွေလား။ ဖြစ်နေရင်လည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး သီချင်းထဲက စာသားလို လက်ကိုခဏခဏဆေးပါ၊ လူစုလူဝေး ရှောင်ရှားပါလို့ မေတ္တာရှေ့ထား သတင်းစကားပါးအပ်ပါတယ်”ဟု ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အချို့သော ပြည်တွင်းပြည်ပ သတင်းဌာနများမှာ ဖြစ်စဉ်အမှန်ကို တင်ပြရေးသားသဖြင့် အဘဘောမ မီဒီယာ၊ အဘဘောမ မီဒီယာသမားဟု တံဆိပ်ကပ် ခေါ်ဆိုခံနေရကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။


“တချို့ ပြည်တွင်းပြည်ပမီဒီယာတွေက ဖြစ်စဉ်အမှန်တွေ၊ မျှတတဲ့သုံးသပ်ချက်တွေ၊ နှစ်ဖက်အသံတွေနဲ့ ဖော်ပြတာတွေ့ရပါတယ်။ အဲဒီမီဒီယာများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အချို့သောမီဒီယာတွေကတော့ ဒီလိုကျင့်ဝတ်အလေးထားတဲ့ မီဒီယာတွေအပေါ် မှာတောင်မှ စွပ်စွဲရေးသားထားတာကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။ သူတို့စကားနဲ့ ပြောရရင်တော့ အဘဘောမ မီဒီယာ၊ အဘဘောမ မီဒီယာသမားဆိုပြီး တန်းပြီးတံဆိပ်ကပ်တော့ တာပါပဲ”ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးက ပြောဆိုသည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောဆိုပုံက စစ်အစိုးရများ၏ ပြန်ကြားရေးဝန်ကြီးများ အားလုံးအနက် အရိုင်းစိုင်းဆုံးနှင့် အောက်တန်းအကျဆုံးဖြစ်ကြောင်းနှင့် စစ်တပ်အလိုကျ သတင်း အမှောင်ချရေးနေသည့် အဘဘောမ မီဒီယာများသာလျှင် ပြည်ဖျက်မီဒီယာအစစ်ဖြစ်ကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က တုန့်ပြန်ပြောဆိုသည်။

“ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောပုံဆိုပုံက ကျနော်မြင်ဖူးသမျှ စစ်အစိုးရတွေရဲ့ ပြန်ကြားရေးဝန်ကြီး ထဲမှာတော့ အရိုင်းစိုင်းဆုံးနဲ့ အောက်တန်းအကျဆုံးလို့ မြင်တယ်။ အခုက တပ်မတော်တစ်ခုလုံးကို ကိုယ်စားပြု ဖြေနေတဲ့လူတယောက်က လမ်းဘေးက ရပ်ကွက်ထဲက သာမာန်လူတယောက်လို ဗရမ်းဗတာ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောနေတာ မြင်လို့တောင် မကောင်းဘူး။ အာဏာသိမ်းစစ်တပ်မှာ ဗိုလ်ချုပ်အဆင့်တောင် ဒီလောက်ရိုင်းစိုင်းနေရင် အောက်ခြေမှာ စစ်ဆင်ရေး တာဝန်ထမ်းနေတဲ့ စစ်သားတွေ ဘယ်လောက်ရိုင်းစိုင်းမလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ သူတို့သိတာက သူတို့ဖော်ပြစေချင်သလို သတင်းရေးတဲ့မီဒီယာက တကယ့်မီဒီယာအစစ်။ သူတို့ကို ဆန့်ကျင်ရေးသားနေတဲ့ ကျနော်တို့ ဧရာဝတီတိုင်းမ် သတင်းဌာနအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနအားလုံးက ပြည်ဖျက်မီဒီယာ။ သူတို့က ဒီလိုသတ်မှတ်တာ”ဟု သူက ပြောသည်။

သူက ဆက်လက်ပြီး“တကယ်က လွတ်လပ်တဲ့မီဒီယာဆိုတာ အမှန်တရားဘက်က ရပ်တည်တယ်။ ပြည်သူလူထုဘက်က ရပ်တည်တယ်။ ကျနော်တို့ ဘာဖြစ်လို့ စစ်ကောင်စီ မကောင်းကြောင်း ရေးရသလဲ။ စစ်ကောင်စီဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တယ်။ ပြည်သူတွေကို အကြမ်းဖက်တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ သတ်ဖြတ်တယ်။ ရွာတွေ မီးရှို့တယ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒီလို ပြည်သူလူထုကို ဒုက္ခပေးတဲ့အတွက်၊ သူတို့ မကောင်းတဲ့အတွက် စစ်ကောင်စီ မကောင်းဘူးလို့ ရေးတာဖြစ်တယ်။

စစ်တပ်ဘောမနေတဲ့ အဘဘောမ မီဒီယာတွေလို ရေးချင်တာပဲ ရေးတယ်။ မရေးချင်တဲ့အပိုင်း မရေးဘဲ သတင်းအမှောင်ချတယ်။ စစ်သားနဲ့ရဲသေတာပဲရေးပြီး ရွာလုံးကျွတ် မီးရှို့ခံရတာ၊ ပြည်သူတွေ မတရား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာတွေ မသိချင်ယောင် ဆောင်နေတာမျိုးက သတင်းမီဒီယာအစစ်မဟုတ်ဘူး။ သတင်းမီဒီယာအစစ်ဆိုရင် ပြည်သူကို ကာကွယ်စောင့်ရှောက် ရတယ်။ ပြည်သူဘက်က ရပ်တည်ရတယ်။ အာဏာသိမ်း စစ်တပ်အလိုကျ လိုက်ရေးနေတာ၊ စစ်တပ်ဘောမနေတာ သတင်းမီဒီယာမဟုတ်ဘူးလို့ ပြောချင်တယ်။ မြေပြင် အခြေအနေတွေကို ဖုံးကွယ်ပြီး အဘတို့ အလိုကျလိုက်ရေးနေတဲ့မီဒီယာသာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ဖျက်မီဒီယာအစစ်လို့ပဲ ပြောချင်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် DVB၊ Myanmar Now၊ မစ္ဇျိမ၊ 7 Days၊ ခေတ်သစ်၊ တာချီလိတ်၊ DNA၊ မြစ်ကြီးနားဂျာနယ်အပါအဝင် လွတ်လပ်သည့် သတင်းမီဒီယာအများအပြားကို ထုတ်ဝေခွင့် သတင်းအေဂျင်စီလိုင်စင် ရု်တ်သိမ်းခဲ့သည်။