ၾကားသိသမွ်

မြန်မာဘက်တွင် လူကုန်ကူးခံရသည့် ထိုင်းမိန်းကလေး ၂ ဦး သောင်ရင်းမြစ်ကို လက်ပစ်ကူးပြီး ထွက်ပြေးလွတ်မြောက်

မြန်မာဘက်တွင် လူကုန်ကူးခံရသည့် ထိုင်းမိန်းကလေး ၂ ဦး သောင်ရင်းမြစ်ကို လက်ပစ်ကူးပြီး ထွက်ပြေးလွတ်မြောက်

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းမှာ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံနေရတဲ့ ထိုင်းမိန်းကလေး ၂ ယောက် ဧပြီ ၂၇ ရက်ညက သောင်ရင်းမြစ်ကိုလက်ပစ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ပြန်ရောက်လာတယ်လို့ သနေရှင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါမိန်းကလေးတွေဟာ အစက မြန်မာဘက်ခြမ်းရှိ ကာစီနိုရုံတွေမှာ လစာကောင်းတဲ့ ပီအာရ်အလုပ်လုပ်ရမယ်ဆိုလို့လိုက်လာခဲ့တာဖြစ်ကြောင်း ၊ ဟိုရောက်တော့ အမျိုးသားဧည့်သည်တွေကို လက်ခံပြီး ပြည့်တန်ဆာအဖြစ် အတင်းစေခိုင်းခံရတာကြောင့် ထိုင်းလွှတ်တော်အမတ်ရဲ့ လက်ထောက် နိုင်းဧကဖုပ်ရိုင့်ပရဆစ်ကို လူမှုကွန်ရက်ကနေ တဆင့် တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

နိုင်းဧကဖုပ်က အဆိုပါမိန်းကလေးတွေတိုင်ကြားလာတာကို အရင်တပတ်ကတည်းကရရှိခဲ့ပြီး သူတို့ကို ကူညီနိုင်ဖို့ လမ်းကြောင်းတွေရှာဖွေနေခဲ့ကြောင်း သူတို့ဟာ ထိုင်းနယ်စပ်နဲ့ မီတာ ၄၀၀ အကွာရှိ နေအိမ်တလုံးမှာ အလှောင်ခံနေရတာလို့ သတင်းထောက်ကို ပြောပါတယ်။

မြန်မာဘက်ခြမ်းမှာ စစ်သားတွေ ကင်းလှည့်နေသလို ထိုင်းဘက်ခြမ်းမှာလည်း စစ်သားတွေ ကင်းလှည့်နေတတ်ကြောင်း မနေ့ညကတော့ သူတို့ ခိုးထွက်လာတော့မယ် လမ်းခုလတ်မှာ အပစ်ခံရပြီး သေသွားခဲ့ရင် အလောင်းကိုလာသယ်ပြီး အလှူအတန်း လုပ်ပေးဖို့ ပြောလာတယ်လို့ ဆိုပါတယ်။

နိုင်းဧကဖုပ်လည်း မဲဆောက်ကိုလာရောက်ပြီး ထိုင်းနယ်ခြားစောင့်တပ်ကို အကြောင်းကြားထားရာမှာ မနေ့ညက မိန်းကလေး ၂ ဦး မြန်မာစစ်တပ်ကင်းစောင့်အဖွဲ့ ဂျူတီချိန် အလဲအလှယ်လုပ်စဉ် ထွက်ပြေးလာခဲ့ကြောင်း၊ သောင်ရင်းမြစ်နားရောက်တော့ အနောက်က ဓာတ်မီးတွေနဲ့ ထိုးပြီးလိုက်လာလို့ မြစ်ထဲ ခုန်ချကူးခတ်ခဲ့ကာ ထိုင်းစစ်သားတွေကို လှမ်းအော်ပြီးအကူအညီတောင်းခဲ့ကာ လွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။

ဒီကနေ့မနက်မှာတော့ နိုင်းဧကဖုပ်က သူတို့ ၂ ယောက်လုံးကို ဘန်ကောက်သို့ ပြန်ခေါ်လာခဲ့ပါတယ်။

မဲဆောက်တဘက်ကမ်းမှာ လူကုန်ကူးခံရတဲ့ ထိုင်းမိန်းကလေး နောက်ထပ် အယောက် ၁၀၀ လောက်ကျန်ရှိနေတယ်လို့ပြောတဲ့အတွက် သူတို့ကိုကယ်ဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ရုံးကို သွားရောက်တိုင်တန်းဖို့ရှိတယ်လို့ နိုင်းဧကဖုပ်က ပြောသွားပါတယ်။ DVB

ကိုးကား- Nation