ၾကားသိသမွ်

ဖားအံမြို့ ရပ်ကျေးနယ်များတွင် အရပ်သားများအား ပျူစောထီးသင်တန်းများတက်ခိုင်းပြီး ရပ်ကင်း/၀ပ်ကင်းများ စောင့်ကြည့်ရာတွင် အသုံးပြုနေ

ဖားအံမြို့ ရပ်ကျေးနယ်များတွင် အရပ်သားများအား ပျူစောထီးသင်တန်းများတက်ခိုင်းပြီး ရပ်ကင်း/၀ပ်ကင်းများ စောင့်ကြည့်ရာတွင် အသုံးပြုနေ

ဧပြီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ရပ်ကျေးနယ် မြေအတွင်းရှိ ကျေးရွာများမှဒေသခံများအား ဖိအားပေးကာ ပျူစောထီးသင်တန်း၊ အခြေခံစစ်ပညာနှင့်သတင်းထောက်လှမ်းစောင့်ကြည့်ခြင်းသင်တန်းများကို ဖားအံ တပ်နယ်တပ်ရင်းများအတွင်း နှင့် BGF တပ်ရင်းအချို့တွင် သင်တန်းပေးပြီး ရပ်ကင်း/၀ပ်ကင်းများ စောင့်ကြည့်ရာတွင် အသုံးပြုနေကြောင်း သိရသည်။

အဆိုပါ သင်တန်းတက်ရောက်ရန်အတွက် ကျေးရွာအမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ထောက်ခံသည့် ဘုန်းတော်ကြီးများ၊ ရပ်ရွာနယ်ခြားစောင့်တပ်(BGF) ကင်းစခန်း တာ၀န်ရှိသူများမှ ဒေသခံ များအား စုဆောင်းပေးခြင်းဖြစ်ပြီး သင်တန်းပေးပြီးနောက် ဖားအံမြို့ပေါ် လူစည်ကားရာ နေရာများ၊ လမ်းဆုံ လမ်းခွများ၊ စစ်ကောင်စီရုံးများ အနီးတွင် ရပ်ကင်း၊ ၀ပ်ကင်း၊ ညကင်းများအား စစ်ကောင်စီနယ်မြေခံ စစ်တပ်၊ ရဲ ၊ စရဖ ၊ အဖွဲ့ များနှင့် ပူးတွဲစောင့်ကြည့်မှုများ လုပ်ဆောင်ရာတွင် ပါ၀င်ရကြောင်း ဖားအံမြို့နယ်ရှိ ကျေးရွာ တာဝန်ရှိသူများက ပြောသည်။

ကျေးရွာရပ်မိရပ်ဖတစ်ဦးက ” ဖားအံဘက်က ကျေးနယ်တွေမှာတော့ အရပ်သားတွေ တစ်ရွာဘယ်နှစ်ယောက် ရွာဘုန်းကြီးအမိန့် ၊ ရွာက BGF အမိန့် နဲ့ ဖိအားပေးလူခေါ်ပြီး သူတို့ လူစု တယ်၊ ပြီးတော့ BGF စစ်စခန်းတွေ မှာ အခြေခံ စစ်သင်တန်း၊ အင်ဖော်မာ စောင့်ကြည့်သင်တန်းတွေ ပေးတယ်။ ရွာဘက်တွေက မဘသ ဘုန်းကြီး နဲ့ သူ့တို့ ထောက်ခံ သူတွေ သွားတက်ကြတာ များတယ်၊ ကျနော့် ရွာဘက်ကတော့ ၁၀ ယောက် ပါတယ် ဆိုတာသိရ တယ်။ အခု ရွာပြန်ရောက်တော့ မြို့ပေါ် ရပ်ကွက်တွေ လမ်းတွေ၊ ရုံးတွေနားမှာ ရပ်ကင်း /၀ပ်ကင်း နဲ့ ည ကင်းစောင့်ရမယ်ဆိုတာ နေ့ /ည ခေါ်ပြီး ခိုင်းတာတွေ သွားသွားပြီး လုပ်ကြတယ်။ “ဟု ပြောသည်။

ဖားအံမြို့နယ် အတွင်း စစ်အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်း စစ်ကောင်စီ အုပ်ချုပ်ရေးကာလအတွင်း မြို့ ပေါ် ရပ်ကွက် ၊ စာသင်ကျောင်း၊ စစ်ကောင်စီအုပ်ချုပ်ရေးရုံး ၊ ရဲကင်းစခန်း၊ စစ်တပ်များအနီးတွင် ဗုံးပေါက်ကွဲမှုများ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့သည့်နောက်ပိုင်း မြို့နေလူငယ်များ၊ လုပ်ငန်းရှင်များ၊ ဒေသတွင်းသွာလာ ကြသည့် ဒေသခံများအား စစ်ကောင်စီ ၊ BGF နှင့် စစ်ကောင်စီသတင်းပေးအဖွဲ့များ၊ ပျူစောထီးအဖွဲ့များမှ ဖမ်းဆီး စစ်ဆေးမေးမှုများ မကြာခဏ ပြုလုပ်ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။

ထို့အပြင် ဖားအံမြို့ သံလွင် တံတားမြို့အ၀င် နေရာမှစတင်၍ စစ်ကောင်စီရုံးများ၊ လမ်းမကြီးများ၊ လမ်းဆုံ လမ်းခွနေရာများတွင် စောင့်ကြည့်ကင်မရာ CCtv များတပ်ဆင်၍ ဒေသတွင်း သွားလာသူများအား စောင့်ကြည့် မှတ်တမ်းတင်စနစ်များတပ်ဆင်၍ စောင့်ကြည့် စစ်ဆေးနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်း အမြစ်များ ပြောစကားအရ သိရသည်။

အကြမ်းဖက်ဝါဒီစစ်ကောင်စီသည် တစ်နေ့တခြား ပြုန်းတီးလာလျက်ရှိသော ၎င်းတို့၏အင်အားကို ဖြည့်တင်းရန် အတွက် ပျူစောထီး အပါအဝင်ဒေါက်တိုင်အကြမ်းဖက်အဖွဲ့များအား ဖွဲ့စည်းလေ့ကျင့် လက်နက်တပ်ဆင်ပေးပြီး အရပ်သားပြည်သူများအပေါ်ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာတွေကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခြင်း၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုများကို စစ်ပြိုင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ယနေ့ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန၏ ပျူစောထီးများနှင့် ပတ်သက်သော ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါ ပျူစောထီးနှင့် စစ်ကောင်စီဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းဝင်များသည် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင်လိုလား၍ထောက်ခံသောကြောင့်လည်းကောင်း၊ စစ်အုပ်စု၏ အတင်းအကြပ် ဖိအားပေးခံရခြင်း၊ အကျပ်ကိုင်ခံရခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက် ခံရခြင်းများကြောင့်လည်းကောင်း၊ စီးပွားရေးနှင့် အခွင့်အရေးတစ်စုံတစ်ရာရလိုခြင်းလည်းကောင်း၊ ပျူစောထီး (သို့မဟုတ်) အလားတူ ဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။#KIC

Photo_ကဆောဝါး(ကေအိုင်စီ)