ၾကားသိသမွ်

ရဲစခန်းသို့ ရိက္ခာသွားပို့သည့် ဝမ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ

ရဲစခန်းသို့ ရိက္ခာသွားပို့သည့် ဝမ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ

ဆားလင်းကြီး၊ ဧပြီ (၂၆)

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းသို့ ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်တပ်၏ ကား(၂)စီးနှင့်ဆိုင်ကယ် ယနေ့နံနက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

“ကားက ဝမ်ပေါင်ကြေးနီကုမ္ပဏီကထွက်လာတဲ့ကား (၂) စီး။ ရိက္ခာပို့ဖို့ဆိုပြီး ထွက်လာကြတာလို့သိရတယ်။ ကားတစ်စီးကတော့ အတော်ထိသွားတယ်လို့သိရတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Young People Force (YPF) နှင့် အမိမြေတပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမိမြေတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“စခ(စစ်ကောင်စီတပ်သား)တွေဘက်က ထိခိုက်သေဆုံးမှုတော့ရှိတယ်ဗျ။ အသေအချာတော့မသိရသေးဘူး။ ညနေပိုင်းလောက်မှ ဘယ်နှစ်ယောက်လောက် သေလည်းဆိုတာ သိနိုင်မလားဘဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမိမြေ တပ်ဖွဲ့သို့ လူငယ့်ခေတ်က မေးမြန်းထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်မဖြေကြားသေးပေ။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ‌ယင်းမာပင်မြို့နယ်တို့တွင် တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့်ဆက်စပ်လုပ်ကိုင်နေသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်ရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (၁၆) ဖွဲ့က ယခုလအတွင်း သတိပေးထားသည်။

အဆိုပါ ကြေးနီစီမံကိန်းအတွက် အစောင့်အဖြစ် ထားရှိထားသည့် အကြမ်းဖက်စစ်သားများကိုလည်း တိုက်ခိုက်မည်ဟု ထုတ်ပြန်ထားပြီး လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများကိုလည်း မေလ (၅) နောက်ဆုံးထား ပြီး CDM ဝင်ကြရန် နှိုးဆော်ထားသည်။
ဓာတ်ပုံ – ပုံဟောင်း

ရဲစခန္းသို႔ ရိကၡာသြားပို႔သည့္ ဝမ္ေပါင္ကုမၸဏီမွ စစ္ေကာင္စီတပ္သားမ်ား မိုင္းဆြဲခံရ

ဆားလင္းႀကီး၊ ဧၿပီ (၂၆)

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ ေညာင္ပင္ႀကီးရဲစခန္းသို႔ ရိကၡာလာပို႔သည့္ အၾကမ္းဖက္စစ္တပ္၏ ကား(၂)စီးႏွင့္ဆိုင္ကယ္ ယေန႔နံနက္က မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရေၾကာင္း ေဒသခံတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

“ကားက ဝမ္ေပါင္ေၾကးနီကုမၸဏီကထြက္လာတဲ့ကား (၂) စီး။ ရိကၡာပို႔ဖို႔ဆိုၿပီး ထြက္လာၾကတာလို႔သိရတယ္။ ကားတစ္စီးကေတာ့ အေတာ္ထိသြားတယ္လို႔သိရတယ္။”ဟု ၎က ေျပာသည္။

အဆိုပါ မိုင္းဆြဲတိုက္ခိုက္မႈကို Young People Force (YPF) ႏွင့္ အမိေျမတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီးတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း အမိေျမတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

“စခ(စစ္ေကာင္စီတပ္သား)ေတြဘက္က ထိခိုက္ေသဆုံးမႈေတာ့ရွိတယ္ဗ်။ အေသအခ်ာေတာ့မသိရေသးဘူး။ ညေနပိုင္းေလာက္မွ ဘယ္ႏွစ္ေယာက္ေလာက္ ေသလည္းဆိုတာ သိနိုင္မလားဘဲ။”ဟု ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး အမိေၿမ တပ္ဖြဲ႕သို႔ လူငယ့္ေခတ္က ေမးျမန္းထားေသာ္လည္း လက္ရွိအခ်ိန္ထိ ျပန္လည္မေျဖၾကားေသးေပ။

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ႏွင့္ ‌ယင္းမာပင္ၿမိဳ႕နယ္တို႔တြင္ တပ္မေတာ္ပိုင္ ဦးပိုင္ကုမၸဏီႏွင့္ဆက္စပ္လုပ္ကိုင္ေနသည့္ ဝမ္ေပါင္ေၾကးနီစီမံကိန္းကို ဆက္လက္အေကာင္အထည္မေဖာ္ရန္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ (၁၆) ဖြဲ႕က ယခုလအတြင္း သတိေပးထားသည္။

အဆိုပါ ေၾကးနီစီမံကိန္းအတြက္ အေစာင့္အျဖစ္ ထားရွိထားသည့္ အၾကမ္းဖက္စစ္သားမ်ားကိုလည္း တိုက္ခိုက္မည္ဟု ထုတ္ျပန္ထားၿပီး လုပ္ငန္းခြင္ဝင္ေရာက္လုပ္ကိုင္ေနၾကသည့္ ဝန္ထမ္းမ်ားကိုလည္း ေမလ (၅) ေနာက္ဆုံးထား ၿပီး CDM ဝင္ၾကရန္ ႏွိုးေဆာ္ထားသည္။

ဓာတ္ပုံ – ပုံေဟာင္း