ၾကားသိသမွ်

ကော့သောင်းမြို့တပ်ရင်း ၂ ခုမှာ လေးကေ့ကော်တိုက်ပွဲအတွင်းကျဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ရက်လည်ဆွမ်းသွပ်ပြုလုပ်

ကော့သောင်းမြို့တပ်ရင်း ၂ ခုမှာ လေးကေ့ကော်တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ရက်လည်ဆွမ်းသွပ်ပြုလုပ်

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့အခြေစိုက် ခမရ ၅၈၄ နဲ့ ခလရ ၂၈၈တပ်ရင်းတွေက တိုက်ပွဲအတွင်းသေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးအတွက် ယမန်နေ့ ဧပြီလ ၂၃ ရက်မနက်ပိုင်းကရက်လည် ဆွမ်းသွပ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခမောက်ကြီးမြို့ ခလရ ၂၈၈ မှ ၇ ဦး၊ ခမရ ၅၈၄ မှ ၃ ဦး စုစု ပေါင်း ၁၀ ဦးဖြစ်ပြီး ဧပြီ ၁၈ ရက်ဝန်းကျင်က ​ကရင်ပြည် နယ်၊ KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတိုက်ပွဲတွေအတွင်းမှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

” ၁၈ ရက်နေ့ လောက်က လေးကေ့ကော်တိုက်ပွဲမှာကျတာလို့သိရတယ်။ ကော့သောင်းမြို့ အခြေစိုက်တပ်ရင်းတွေကအဖမ်းခံရတာလဲများကြတယ်။ သေလိုက်ရင် ကရခ အောက်က ကော့သောင်းဘက်ကတပ်တွေကြီးပဲ။အခုဆို ခမောက်ကြီးကတပ်တွေထဲအပြင်လူမဝင်ရ။

အတွင်းလူကမထွက်ရဘူး။ တံခါးတွေ သော့ခတ်ထားတယ်။ ကျန်ခဲ့တဲ့ မိန်းမတွေကတော့ မျက်နှာတွေမကောင်းကြဘူးပေါ့ဗျာ” လို့ အဲ့ဒီတပ်ရင်းမိသားစုဝင်တွေနဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါ တယ်။

ဒါ့အပြင် သေဆုံးစစ်ကောင်စီတပ်သားတွေတင်မက ပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်သားတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။

“သေဆုံးစာရင်းအတိကျ ပေါ်ထွက်လာတဲ့ မိသားစုဝင်တွေကတော့ ဆွမ်းသွပ်လုပ်ပေးကြတာပေါ့။ တချို့ မိန်းမတွေကျ သူတို့ယောက်ျားက သေတာလည်းမဟုတ်ဘူး။ အသက်ပဲရှင်နေသလားဆိုတော့လည်း အတိကျမသိရဘူး။ ပျောက်နေပြီးအဆက်အသွယ်မရတာတွေရှိတယ်။

ဘာလုပ်ရမှန်း မသိကြဘူး ဖြစ်နေကြတယ် ။ လက်ရှိသ တင်းမရတော့ မျှော်နေကြတုန်းပေါ့ဗျာ” လို့ သူက ဆက် လက်ပြောပါတယ်။

အဲ့ဒီတပ်ရင်းတွေဟာ ကော့သောင်း၊ခမောက်ကြီး အ​ခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၂၀ လက်အောက်ခံတပ်ရင်းတွေဖြစ်ပြီး ခမောက်ကြီးမြို့ခလရ ၂၈၈ နဲ့ ခမရ ၅၈၄ တပ်တွေအပြင် မလိဝမ်း၊ ကျောက်ထနောင်း၊ ဟန်ကရိုင်း၊ စမ်းသီတာ၊ မသဲချောင်းဖျား စတဲ့ဒေသတွေမှာအခြေစိုက်တဲ့ ခမရ ( ၅၈၁၊ ၅၈၂၊ ၊ ၅၉၂၊ ၅၉၃၊ ၅၉၄၊၅၉၅၊၅၉၆၊ ၅၉၇)စတဲ့ တပ်ရင်း ၁၀ ရင်း ပါဝင်ပါတယ်။

လက်ရှိဖြစ်ပွားပြင်းထန်နေတဲ့ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေတိုက်ပွဲတွေမှာ စစ်ကောင်စီက စကခ ၂၀ ၊ စကခ ၁၃ လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေကနေ့စဥ် များပြားနေတာပါ။ အဲ့ဒီလိုသေဆုံးမှုများပြားနေလို့ သထုံမြို့အခြေ စိုက်တဲ့ တပ်မ ၄၄ လက်အောက် ခံတပ်တွေနဲ့ စစ်အင် အားဖြည့်တင်းပြီးဆက်လက်ထိုး စစ်ဆင်နေပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီ ​ရှေ့ တန်းတပ်စခန်းတွေကနေ KNUနဲ့ကော်ဘရာစစ်ကြောင်း ထံမှာလာ ရောက်အလင်းဝင်တာတွေအများအပြားရှိနေ ပြီး စကခ ၁၃ လက်အောက်ခံ ခမရ ၅၈၅ က ဗိုလ်မှူး တင်လင်းအောင်လည်း ကော်ဘရာစစ်ကြောင်းမှာပူးပေါင်းခဲ့ပါသေးတယ်။

လေးကေ့ကော်ဒေသမှာတော့ ယနေ့အထိတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းပြီးထိုးစစ်ဆင်နေသလို လေယာဥ်၊ရဟတ်ယာဥ်တွေနဲ့နေ့စဥ်ပစ်ခတ် တိုက်ခိုက်နေပေမယ့် ထိခိုက်ကျဆုံးမှုတွေက ဆက်လက်မြင့်တက်နေပါတယ်။

ဓာတ်ပုံ-အောက်ပုံ စကခ( ၂၀)စစ်ကောင်စီတပ်ဖွဲ့ဝင်များ
ဆွမ်းကပ်နေသည့် ပုံဟောင်း