ၾကားသိသမွ်

PDFများစိုးမိုးထား​သောနယ်​မြေတွင်နွားကျောင်းပြနေတဲ့CDMတရားသူကြီး(ရုပ်သံ)

CDMတရားသူကြီးက PDFများစိုးမိုးထား​သောနယ်​မြေတွင်နွားကျောင်းပြ

●တော်လှန်ရေးကာလပြည်သူများ အားတက်စေရန် ရည်ရွယ်ခြင်းဖြစ်​ကြောင်းပြော

မောင်ကြီး/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က အညာဒေသတစ်နေရာတွင် လွှတ်ကျောင်းထားသည့် နွားများအား မင်းအောင်လှိုင်ဟု ခေါ်၍ ထိန်းကျောင်းပြရင်း ပြည်တွင်းတွင် ပြည်သူနှင့်အတူနေထိုင်ကာ တော်လှန်ရေးလုပ်နေကြောင်း ပြည်သူလူထုအား အသိပေးလိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီးCDMပြုလုပ်ခဲ့သည် ချောင်းဦးမြို့နယ်တွဲဖက်မြို့နယ်တရားသူကြီးဦးကောင်းမြတ်သူက အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ယူထားသည်။

ဦးကောင်းမြတ်သူက အညာဒေသတစ်နေရာတွင် နွားကျောင်းနေသည့် ရုပ်သံဖိုင်တစ်ခုကို လူမှုကွန်ရက်တွင် တင်ပြီး စစ်အာဏာရှင်တော်လှန်ရေးအား ပြည်တွင်းမှာပင်နေထိုင်ပြီး လုပ်ဆောင်နေသည်ဟု လူထုအား သက်သေပြခဲ့ခြင်းသည်။

” ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ ယနေ့အထိ ပြည်တွင်းထဲမှာ နေထိုင်ပြီး တော်လှန်နေသေးတယ်ဆိုတာ အသိပေးချင်တယ်။ပြည်သူနှင့်အတူ အခက်အခဲတွေရင်ဆိုင်ရင်း အတူရှိနေတယ်” ဟု ဦးကောင်းမြတ်သူက People’s Springသို့ပြောသည်။

နွားကျောင်းနေစဥ် ၎င်း၏ရှေ့မှ နွားအချို့အား ” မင်းအောင်လှိုင်၊ မဲလုံး” စသည်ဖြင့် ခေါ်ပြီး ရယ်ရယ်မောမော ရှိနေသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ခေါ်ဆို၍နွားကျောင်းပြ​ခြင်းသည် ပြည်သူလူထုအား အားတက်စေရန် ရည်ရွယ်ခြင်းဟုဆိုသည်။

” ပြည်တွင်းမှာ ကျွန်​တော်တို့ပြည်သူတွေ လွှမ်းမိုးထားတဲ့ နယ်မြေတွေရှိလာပြီ။ကျွန်တော်လို ၅၀၅-က ထပ်ဆင့်ဝရမ်းပြေးသမားတောင် မင်းအောင်လှိုင်နဲ့ ဇော်မဲလုံး(ဇော်မင်းထွန်း) ကိုနွားလုပ်လို့ နွားကျောင်းနေနိုင်တယ်ဆိုတာကို ပြည်သူတွေသိပြီး အားတက်စေဖို့ပါ” ဟု ဦးကောင်းမြတ်သူကပြောသည်။

၎င်းကဆက်လက်၍ ” CDMလုပ်ရင် ဘဝပျက်ပြီးဒုက္ခရောက်နေမယ်လို့ထင်ကြတယ်။သို့သော် ကျွန်​တော်ယနေ့အထိ ကျန်းမာ ဝဖြိုးပြီးပြည်သူ့မေတ္တာနဲ့ ချောလှနေတာ မြင်တဲ့အတိုင်းပဲ” ဟု ရယ်ရယ်မောမောပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တာဝန်ယူထားပြီး မြေပြင်တွင် ပြည်သူနှင့်အတူ ထိတွေ့ဆက်ဆံရင်း စစ်အာဏာရှင်တော်လှန်ရေးကို ဆောင်ရွက်နေသည်ဟု အသိပေးသည်။

ဦးကောင်းမြတ်သူ နွားကျောင်းနေသည့် ရုပ်သံဖိုင်ကို ကြည့်ရှုခဲ့သည့် ပြည်သူတစ်ဦးက ” ကြည့်ရတာ ပျော်စရာကြီး။ အားရပါးရ လွတ်လွတ်လပ်လပ်ကြီး” ဟု မှတ်ချက်ပြုထားသည်။

အသက် ၂၇နှစ်အရွယ် ဦးကောင်းမြတ်သူသည် တရားသူကြီးများအနက် ဒုတိယမြောက် CDM ပြုလုပ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။

ပထမဆုံး CDM တရားသူကြီးဖြစ်သော မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီး ဦးမင်းနောင်ခိုင်သည် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်တာဝန်ယူထားပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသည်။
#လူထုနွေဦး