ၾကားသိသမွ်

” PDF ကို နှိမ်နင်းဖို့အတွက် တိုင်းရင်းသားအဖွဲ့တွေကို ဒူးထောက်လိုက်တဲ့ စစ်ကောင်စီ “

” PDF ကို နှိမ်နင်းဖို့အတွက် တိုင်းရင်းသားအဖွဲ့တွေကို ဒူးထောက်လိုက်တဲ့ စစ်ကောင်စီ ”

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ် ။ ဧပြီလ ၂၂ ရက်နေ့မှာ ကြေငြာလိုက်တာပါ ။ ဝေးလံသီခေါင်တဲ့ တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့တာကြောင့် ငြိမ်းချမ်းစေချင်တယ်လို့ စစ်ကောင်စီက လေသံပစ်ထားပါတယ် ။

” တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပါတယ် ” လို့ အာဏာသိမ်းခေါင်းဆောင်က ပြောကြားပါတယ် ။

အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်ပြီး မေလ ၉ ရက်နေ့မတိုင်မီ စာရင်းပေးသွင်းရမယ်လို့ အသိပေးထားပါတယ် ။


စစ်ကောင်စီဟာ ပြည်တွင်းမှာ အင်အားတောင့်တင်းလာတဲ့ PDF တွေနဲ့ ဟိုအရင်ကတည်းက တိုက်ပွဲတွေဖြစ်နေခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါ တိုက်ပွဲတွေစိပ်နေပါတယ် ။ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ပင်လယ်ဘူးမြို့မှာဆိုရင် PDF တွေနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း အတူတကွ တိုက်ပွဲဝင်နေလို့ စစ်ကောင်စီဘက်က အထိနာခဲ့ပါတယ် ။ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့လည်း ထိုင်းနယ်စပ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ် ။

လွန်ခဲ့တဲ့လက တိုင်းရင်းသားလက်နက်ကိုင်အချို့တက်ရောက်တဲ့ တပ်မတော်နေ့မှာ အာဏာသိမ်းခေါင်းဆောင်က PDF တွေကို ချေမှုန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ် ။

သုံးသပ်ရရင် …….၊ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင် ဘယ်နှစ်ဖွဲ့က သူ တို့ကို တိုက်ခိုက်နိုင်သလဲဆိုတာ ရွေးထုတ်ချင်တာပါ ။

ဒီလိုငြိမ်းချမ်းရေးကမ်းလှမ်းမှု့ဟာ လာမယ့်လမှာ တွေ့ဆုံဆွေးနွေးမယ့် အမေရိကန်-အာဆီယံ အစည်းအဝေးမှာ အကြောင်းပြလို့ကောင်းဖို့ ခြေလှမ်းပြင်တယ်လို့ မြင်ပါတယ် ။ ငြိမ်းချမ်းရေးကမ်းလှမ်းထားရက်နဲ့ လက်မခံလို့ တိုက်နေရတယ်ဆိုတဲ့ ဆင်ခြေပေးချင်တာပါ ။

နောက်တစ်ခုကတော့ PDF ကို အဓိကဦးတည်ပြီး တိုက်ခိုက်ချင်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒူးထောက်လိုက်တာပါ ။

အခြေအနေက ပြည်နယ်တွေမှာသာတိုက်ပွဲတွေဖြစ်နေတာမဟုတ်ပဲ ၊ တိုင်းဒေသကြီးတွေအထိ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေတာပါ ။

နယ်မြေစိုးမိုးမှု့မှာ PDF က တစ်နေ့တစ်ခြား အသာရနေပါတယ် ။ သာမန် ရဲစခန်းလောက်က PDF တွေအတွက် မတိုက်ချင်လို့ ရှောင်နေတဲ့အခြေအနေကို ရောက်နေခဲ့ပါပြီ ။ ပြည်တွင်းသတင်းတွေအရ NUG ဟာ ပြည်ပကနေ စစ်လက်နက်တင်သွင်းရုံတင်မကပဲ ၊ စစ်လက်နက်ထုတ်လုပ်နေတဲ့အထိ ရေရှည်အတွက် ဦးတည်နေပြီဆိုတာ စစ်ကောင်စီသိသွားပါပြီ ။


ဆိုတော့ …..၊ PDF တွေရဲ့ အင်အားသာလွန်မှု့ဟာ စစ်ကောင်စီအတွက် တစ်ချိန်ချိန်မှာ ကျရှုံးရတော့မယ်ဆိုတာ အသိပေးနေသလိုပါပဲ ။
ဒီတော့ …၊ PDF တွေကို ခိုလှုံခွင့်ပေး ၊ စစ်သင်တန်းပေး ၊ တိုက်ပွဲအတူတူဝင်ပြီး ဖက်ဒရယ်ပြည်ထောင်စုပုံဖော်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဒူးထောက် ၊ အညံ့ခံပြီး လိုက်လျောမှု့တွေနဲ့ ခွဲထုတ်ဖို့ ကြံတော့တာပါ ။

ဒါ့ကြောင့် ၊ စစ်ကောင်စီကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဟာ လှုပ်မရအောင် အချုပ်ခံထားရပေမဲ့ ၊ ” ပူးတွဲသရေယူမလား ” လို့ ဒိုင်မကြားအောင် တိုးတိုးလေးမေးလိုက်တဲ့ ဘက်စုံသုံး လက်ဝှေ့ပွဲက ရှုံးလုဆဲဆဲ လက်ဝှေ့သမားရဲ့ နောက်ဆုံးအကြံနဲ့ တူပါတယ် ။

စာရေးသူကတော့ NUG အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်မရှိသလို ၊ အထင်ကရ PDF ခေါင်းဆောင်တွေနဲ့လည်း မရင်းနှီးပါဘူး ။ နွေဦးတော်လှန်ရေးမှာ ကိုယ့်အသိစိတ်နဲ့ကိုယ် တာဝန်ယူထားတဲ့ သတင်းသမားတစ်ယောက်ဖြစ်တဲ့အတွက် အတွင်းသတင်း မသိပါဘူး ။ သို့ပေမဲ့ ၊ အခြေအနေကို ခန့်မှန်းသုံးသပ်ရရင် ၆ လ အတွင်းမှာ အဖြူ ၊ အမဲ သဲကွဲပါလိမ့်မယ်လို့ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA
22 April, 2022