ၾကားသိသမွ်

စစ်ကောင်စီ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားစီမံချက်ကို ခွင့်မပြုတော့ဟု KNU အမှတ် ၆ တပ်မဟာမှူး အသိပေး

စစ်ကောင်စီ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားစီမံချက်ကို ခွင့်မပြုတော့ဟု KNU အမှတ် ၆ တပ်မဟာမှူး အသိပေး

ဧပြီ ၂ဝ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီမှ နိုင်ငံသား စိစစ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို နယ်မြေအတွင်း ဆောင်ရွက်ခွင့်မပြုတော့ဟု တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးက ယနေ့ ဧပြီလ ၂ဝ ရက်နေ့စွဲဖြင့် အသိပေးစာ ထုတ်ပြန် လိုက်သည်။

ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနှင့် စားဝတ်နေရေးအတွက် လုံခြုံစိတ်ချစွာနေထိုင် လုပ်ကိုင်နိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ရန် ပန်းခင်းစီမံချက်လုပ်ငန်းကို နယ်မြေအတွင်း ရည်ရွယ်ခွင့်ပြုခဲ့ပြီးနောက် စစ်တပ်ဘက်က ဒေသအတွင်း အင်အားတိုးချဲ့လှုပ်ရှားလာကာ ပြည်သူ၏ အသက်အိုးအိမ်ပါ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာသည့်အတွက် ၎င်းတို့၏လုပ်ငန်းစီမံချက် ခွင့်ပြုထားမှုကို ပြန်လည်ရုပ်သိမ်းကြောင်း အမှတ် ၆ တပ်မဟာမှူး၏ အသိပေးစာတွင် ဖော်ပြထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်လူငယ်တစ်ဦးဖြစ်သူ နော်ကပေါ်ရှီးက “ပထမခွင့်ပြုပေးကတည်းက ကျမတို့ ထောက်ပြခဲ့တယ်။ အခုတပ်မဟာမှူးက လူထုအသံကို အလေးထားပြီး လုပ်ငန်းပြန်ရုပ်သိမ်းပေးတာကိုတော့ ကြိုဆိုလက်ခံရမှာပဲပေါ့နော်။ သူတို့ထိုးစစ်ကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ တစ်ဖက်က မှတ်ပုံတင်နဲ့ လာစည်းရုံးပြန်တယ်။ လုံးဝလက်မခံဘူး။ သူတို့ကြောင့် စားဝတ်နေရေးတောင် အတော်ရုန်း ကန်နေကြရတာကို မှတ်ပုံတင်က အရေးမကြီးနေသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်ဖြင့် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနှင့် ဘုရားသုံးဆူမြို့ရှိ ပြည်သူလူထုများကို နိုင်ငံသားမှတ်ပုံတင်ကတ်ပြား လုပ်ပေးနိုင်ရန် KNU အမှတ် ၆ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးထံ ပြီးခဲ့သည့် မတ်လက ခွင့်ပြုချက်ရယူခဲ့ခြင်းဖြစ်သည်။

KNU ဒူးပလာယာခရိုင်ရှိ မြို့နယ်အသီးသီးတွင် ပြီခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှစပြီး စစ်ကောင်စီမှ ကျေးရွာများတွင် တပ်စခန်းချ ထိုးစစ်ဆင်လာခဲ့သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒေသခံရွာသား သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ၏ ပန်းခင်းစီမံချက်လုပ်ငန်းသည် လာမည့် ၂ဝ၂၃ ခုနှစ်၊ စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းအတွက် ပြည်သူများ မဲထည့်ခွင့်ရရန် ရည်ရွယ်ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ထောက်ပြပြောဆိုကြသည်။

စစ်ကောင်စီ၏ လဝက ပြည်ထောင်စုဝန်ကြီးဦးခင်ရီကမူ ပြည်သူများ ခရီးသွားတည်းခိုမှုနှင့် လုပ်ငန်း ဆောင်ရွက် ရာတွင် ထောက်ခံစာဖြင့် ခွင့်မပြုတော့ဘဲ နိုင်ငံသားကတ်ဖြင့်သာ ခွင့်ပြုဆောင်ရွက်လာသည့်အတွက် ယခုလို မှတ်ပုံတင်ပြုလုပ်ပေးရခြင်းဖြစ်သည်ဟု နိုင်ငံသားမှတ်ပုံတင်ပေးအပ်ပွဲအခမ်းအနားများတွင် ထည့်သွင်း ပြောဆိုထားသည်။

#KIC
Photo-KIC