ၾကားသိသမွ်

မြန်မာပြည်ပြန်လျှင် စစ်တပ်၏ဒုက္ခပေးခြင်းခံရနိုင်သည့် ဂျပန်ရောက်မြန်မာ ၄ ထောင်ကျော်ကို ဂျပန်အစိုးရက နေထိုင်ခွင့် ၆ လ ထပ်တိုးပေး

မြန်မာပြည်ပြန်လျှင် စစ်တပ်၏ဒုက္ခပေးခြင်းခံရနိုင်သည့် ဂျပန်ရောက်မြန်မာ ၄ ထောင်ကျော်ကို ဂျပန်အစိုးရက နေထိုင်ခွင့် ၆ လ ထပ်တိုးပေး

ဧရာဝတီတိုင်းမ်

ဧပြီ ၁၇ ရက်

မြန်မာပြည်ပြန်လျှင် အာဏာသိမ်းစစ်တပ်၏ဒုက္ခပေးခြင်းခံရနိုင်သည့် ဂျပန်ရောက်မြန်မာနိုင်ငံသား ၄၆၀၀ ကျော်ကို ဂျပန်အစိုးရက ဧပြီလ ၁၅ ရက်နေ့က ဂျပန်၌ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ၆ လ သက်တမ်း တိုးမြှင့်ပေးခဲ့ကြောင်း ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ဂျပန်အစိုးရက အရေးပေါ်စီမံချက်အဖြစ် ၂ဝ၂၁ ခုနှစ်ကစတင်၍ မြန်မာပြည်ပြန်ရန် ခက်ခဲနေသော မြန်မာနိုင်ငံသား ၄၆၀၀ ကျော်ကို ဂျပန်၌ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ၆ လသက်တမ်း ၂ ကြိမ်တိုးပေးခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ အာဏာသိမ်း စစ်တပ်လက်ထက်တွင် တိုးတက်မှု မရှိသေးသည့်အတွက် ဂျပန်နိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအရေးကိုပြန်လည်သုံးသပ်ကာ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ကာလကို တတိယအကြိမ်အဖြစ် ၆ သက်တမ်းတိုး ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းဌာနက ဖော်ပြသည်။

“ကျနော်တို့ သိရသလောက်တော့ အလုပ်သမား အများစုဖြစ်တယ်။ နောက်ပြီးတော့ တဖက်မှာ မြန်မာပြည်တွင်းက ဆွေမျိုးသားချင်းတွေကအစ စစ်တပ်ကို ပြန်တော်လှန်နေတဲ့ အလုပ်တွေ လုပ်နေကြသူတွေဖြစ်တယ်။ နောက်ပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် ထောက်ပံ့နေတဲ့ အဖွဲအစည်းဝင်တွေဖြစ်တဲ့အတွက်ကြောင့် သူတို့သာ မြန်မာပြည် ပြ့န်ရမယ်ဆိုရင် စစ်တပ်က ကျိန်းသေကို ဖမ်းမှာ။ ဖမ်းရုံတင်မကဘူး၊ သတ်ပါ သတ်ဖြတ်နိုင်တယ်။ ဒါကြောင့် ဂျပန်အစိုးရက ဒါကို ရိပ်စားမိလို့ လူသားချင်းစာနာမှုအရ နေထိုင်ခွင့်နဲ့ အုလပ်လုပ်ခွင့်သက်တမ်းတိုးပေးတာတွေ ဆောင်ရွက်ပေးနေတာ”ဟု ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧပြီလ ၁၅ ရက်နေ့တွင် ဂျပန်အစိုးရက မြန်မာနိုင်ငံသား ၄၆၀၀ ကျော်ကို ထပ်မံတိုးမြှင့်ပေးသည့် ၆ လတာ ကာလနောက်ပိုင်း မြန်မာပြည်အတွင်း နိုင်ငံရေးတိုးတက်ပြောင်းလဲမှု မရှိသေးလျှင် နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးပေးရန် ဂျပန်အစိုးရက မူဝါဒချမှတ်ထားကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ နိုင်ငံရေးအရ ဒုက္ခသည်အဖြစ်ခိုလှုံရန် လျှောက်ထားသူ မြန်မာနိုင်ငံသား ၃၂ ဦးကို ဂျပန်အစိုးရက အသိအမှတ်ပြုခိုလှုံခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၂ ဦးမှာ မြန်မာပြည်သို့ ပြန်ရမည်ဆိုလျှင် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရနိုင်သည့်အခြေအနေ ရှိနေသည်ကို ဂျပန်အစိုးရက သိရှိထားသည့်အတွက် ခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု အဆာဟိရှင်ဘွန်းသတင်းတွင် ဖော်ပြပါရှိသည်။

Ref – အဆာဟိရှင်ဘွန်း (ဂျပန်သတင်းဌာန)

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြသည့် ဂျပန်ရောက် မြန်မာများ (Photo – CJ)