ၾကားသိသမွ်

စစ်ကောင်စီက ကချင်ပြည်နယ်မှ ပုဂ္ဂိုလ်လေးဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်

စစ်ကောင်စီက ကချင်ပြည်နယ်မှ ပုဂ္ဂိုလ်လေးဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်

ဧပြီ ၁၇၊ ၂၀၂၂။

စစ်ကောင်စီက ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်သည့် ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်မှ ဦးဇခုန်တိန့်ယိန်း၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆဘွဲဂျွမ်၊ ဦးလဆန်အောင်ဝါ နှင့် ဗိုလ်မှူးချုပ် ဦးအယ်လ်ကွန်ဖန် တို့ပါဝင်ကြောင်းသိရသည်။

လက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖြစ်သူ ဦးဇခုန်တိန့်ယိန်း နှင့် ဦးလဆန်အောင်ဝါအပြင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)တွင် တာဝန်ထမ်းဆောင်ခဲ့သော သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆဘွဲဂျွမ်တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ် ဦးအယ်လ်ကွန်ဖန်ကို ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ခဲ့သည်။

အသက် ၈၂ နှစ်အရွယ် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန့်ယိန်းသည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၏ ဥက္ကဌ နှင့် ဒီမိုကရေစီပါတီသစ်(ကချင်) (N.D.P)၏ နာယက တစ်ဦးဖြစ်သည်။

ဦးဇခုန်တိန့်ယိန်းသည် ၂၀၁၀ – ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဥပဒေချိုးဖောက်ခဲ့သည်ဟု ဆိုကာ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံခဲ့ရသူဖြစ်သည်။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆဘွဲဂျွမ်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တွင် အတွင်းရေးမှူးနှင့် ဥက္ကဌရာထူး တာဝန်ထမ်းဆောင်ခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်းကိုလည်း ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သူဖြစ်သည်။

သူသည် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းပေးခဲ့သူဖြစ်ပြီး ရန်ကုန်မြို့တွင် ၂၀၁၇ ခုနစ်က ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်သည် အမေရိကန်နိုင်ငံမှ ဖွင့်လှစ်ခဲ့သော ရိန်းဂျားသင်တန်းကို တက်ရောက်ခဲ့သူဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၈၅ ခုနစ်တွင် မြစ်ကြီးနားမြို့၌ လုပ်ကြံခံရသူဖြစ်သည်။

သူသည် အဆိုတော် အဆိုတော်အယ်လ်ခွန်းရီ၏ ဖခင်ဖြစ်ပြီး အဆိုတော် အယ်လ်လွန်းဝါနှင့် အယ်လ်ဆိုင်းဇီတို့၏ အဘိုးဖြစ်သည်။

ဦးလဆန်အောင်ဝါဆိုသူသည် ဝိုင်မော်မြို့နယ် ဧရာဝတီမြစ်ဘေးရှိ ဂွေထုကျေးရွာတွင် ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းထားသူဖြစ်ပြီး ၎င်း၏နယ်မြေအတွင်း တရားမဝင် ရွှေတူးဖော်ခြင်း နှင့် တရားမဝင် လောင်းကစားဝိုင်းဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်အကျိုးနှင့် နိုင်ငံသားများ ကောင်းကျိုးအတွက် ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်သည့်အတွက် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ ယနေ့ သတင်းထုတ်ပြန်သည်။

ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်တို့မှာ သုဓမ္မသင်္ဂဟဘွဲ့၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ဟူ၍ စစ်ဖက်-အရပ်ဖက်မှ ပုဂ္ဂိုလ် ၁၄၂ ဦးကို စစ်ကောင်စီမှ ချီးမြှင့်ခဲ့သည်။

Photo – Credit