ၾကားသိသမွ်

စစ်ကောင်စီလက်အောက်ခံ BGF တပ်မှ ညီအကို (၂) ဦး သင်္ကြန်ကာလကို အသုံးချပြီး လက်နက်အပြည့်အစုံဖြင့် KNU ထံအလင်းဝင်

စစ်ကောင်စီလက်အောက်ခံ BGF တပ်မှ ညီအကို (၂) ဦး သင်္ကြန်ကာလကို အသုံးချပြီး လက်နက်အပြည့်အစုံဖြင့် KNU ထံအလင်းဝင်

မြဝတီ၊ ဧပြီ (၁၆)

လူငယ့်ခေတ်

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ကာလအတွင်း လူအင်အားပြရန် BGF တပ်တွင်းရှိရဲဘော်များအား ခေါ်ယူဖြည့်တင်းရချိန်ကို အခွင့်ကောင်းယူကာ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ BGF တပ်သားနှစ်ဦး KNU ထံအလင်းဝင်လာကြောင်း KNU ၏ မူတြော်သတင်းစဉ်က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်အခြေစိုက် BGF တပ်ရင်း ၁၀၁၈ မှ ညီအစ်ကိုဝမ်းကွဲတော်စပ်သည့် တပ်သား (၂) ဦး ယမန်နေ့ ဧပြီလ (၁၅) ရက် (သင်္ကြန်အကြတ်နေ့) တွင် လက်နက်အပြည့်အစုံဖြင့် KNU ထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

BGF တပ်သားများဖြစ်သည့် စောသခလေးနှင့် စောအယ်တို့နှစ်ဦးသည် M-16၊ AR မောင်းပြန်ရိုင် ဖယ်သေနတ် (၂) လက်နှင့်အတူ ကျည်ဆံ (၂၀၀) ကျော်ဖြင့် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။

အလင်းဝင်လာသည့် ညီအစ်ကိုနှစ်ဦးသည် နယ်ခြားစောင့်တပ်က စစ်အင်အားတိုးချဲ့ရန်အတွက် အဓမ္မဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး ထိုအချိန်က အသက်မပြည့်သေးသည့် ကလေးများဖြစ်ကြောင်း သိရသည်။

၎င်းတို့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ပြေးရန်ကြံစည်ထားပြီးဖြစ်ကြောင်း အလင်းဝင်လာသူ စောအယ်၏ပြောဆိုချက်ကို ကိုးကား၍ မူတြော်သတင်းစဉ်က ထည့်သွင်းဖော်ပြထားသည်။

အလင်းဝင်လာသည့် ညီအစ်ကိုနှစ်ဦးသည် ယခင်က ထွက်ပြေးရန်စီစဉ်ခဲ့ကြသော်လည်း အခွင့်မသာခဲ့သည့်အတွက် ယခုသင်္ကြန်ကာလ စစ်ကောင်စီအတွက် လူအင်အားဖြည့်ရန်ထွက်ခွာရသည့်အချိန်ရောက်မှသာ အခွင့်အရေးကိုအသုံးချ၍ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဆိုကြသည်။

“ဘာအပြစ်မှမရှိတဲ့ ကျွန်တော့်အဖေကို အကြမ်းဖက်စစ်ကောင်စီတပ်ကနေပြီးတော့ ပစ်သတ်ခဲ့တာ ကျွန်တော် ငယ်ငယ်ကတည်းကပဲ။ ဖတဆိုးဘဝနဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေ ခက်ခက်ခဲခဲကြီးပြင်းလာရတာ။ ဒါကို ကျွန်တော်စိတ်နာတယ်။”ဟု အလင်းဝင်လာသည့် စောအယ်က အလင်းဝင်ပြီးနောက် ပြောသည်။

နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၈ မှ တပ်သားများသည်လည်း ထိုကဲ့သို့ အင်အားဖြည့်သွားရသည့်အပြင် မူတြော်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို သယ်ယူပေးနေရသည်ဟုလည်း အလင်းဝင်လာသူများက ဆိုကြသည်။