ၾကားသိသမွ်

မန္တလေး Space Bar ဗုံးထုခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မန္တလေး Space Bar ဗုံးထုခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ၊

MFP ၊ ဧပြီ – ၁၆

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၆၂)လမ်းပေါ်၊ (၃၇)လမ်းအနီးရှိ Space Bar ဒီကနေ့ ညဦးပိုင်းအချိန် ဗုံးထုတိုက်ခိုက်ခံရကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သင်္ကြန်အတက်နေ့ဖြစ်တဲ့ ဒီကနေ့ ဧပြီ(၁၆)ရက် ည(၇)နာရီခွဲ ဝန်းကျင်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ (၆၂)လမ်း၊ (၃၆)လမ်းနှင့် (၃၇)လမ်းကြားက Space Bar ကို လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခံရတာလို့ ဆိုပါတယ်။


အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စစ်အုပ်စု ရောက်လာကာ လမ်းပိတ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ဦးက မိုင်းနဲ့ပစ်ပေါက်ခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မီနီအိုးဝေမောင်းတဲ့ အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဘားမှာ သောက်စားပျော်ပါးနေသူတွေ ထိခိုက်တာ မရှိဘူးလို့ စစ်ကောင်စီဘက်က သတင်းဖြန့်ပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဘယ်သူက ဘာကြောင့် ဖောက်ခွဲတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

တစ်နိုင်ငံလုံး စစ်ဘေးဒုက္ခကြုံနေရချိန်မှာ စစ်အုပ်စုကို ကျည်ဆံဖိုး ကျပ်သိန်းရာချီ အခွန်ပေးပြီး သင်္ကြန်ပါတီ၊ DJ Partyတွေ လုပ်နေတဲ့ ဘားတွေ၊ ကလပ်တွေ အပါအဝင် မန္တလေးမြို့ပေါ်က စစ်အုပ်စုနှင့် ဆက်နွှယ်တဲ့ ဘားတွေ၊ ကလပ်တွေ၊ ကေတီဗွီတွေ၊ လောင်းကစားဝိုင်းတွေကို ဖောက်ခွဲတိုက်ခိုက်မယ်လို့ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ တွေက သတိပေးထားပါတယ်။

သင်္ကြန်အကြတ်နေ့ ဖြစ်တဲ့ မနေ့က ဧပြီ(၁၅)ရက်မှာလည်း မန္တလေးမြို့ လမ်း(၃၀)နှင့် (၅၇)လမ်းဘက်မှာရှိတဲ့ Zeus Bar ကို မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangers of Mandalay(ROM) က ဗုံးထုသတိပေး တိုက်ခိုက်ခဲ့ပါသေးတယ်။

မန္တလေး Space Bar (ပုံဟောင်း)နှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ/Photo – Space Bar , CJ